ပဇီကြီးရွာကို ဘာကြောင့် ဗုံးနှစ်ကြိမ်ကြဲခဲ့သလဲ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာမှာ လူပေါင်းနှစ်ရာနီးပါး သေဆုံးခဲ့ရတဲ့ စစ်ကောင်စီရဲ့ ဧပြီလ ၁၁ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကမ္ဘာ့နိုင်ငံအတော်များများက ပြစ်တင်ရှုတ်ချနေချိန်မှာပဲ ဧပြီလ ၂၀ ရက်နေ့မှာ ဒုတိယအကြိမ် လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။
ဒုတိယအကြိမ် တိုက်ခိုက်ချိန်မှာ ရွာထဲမှာ လူမရှိတာကြောင့်အသေအပျောက် မရှိခဲ့ပေမဲ့ အခုလို တိုက်ခိုက်တာဟာ သက်သေအထောက်အထားတွေကို ဖျောက်ဖျက်ချင်လို့ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေပါတယ်။
ဧပြီလ ၂၀ ရက်နေ့က တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က မနက်ပိုင်းမှာ နှစ်စုခွဲပြီး ရွာကို ၀ိုင်းပတ်ပြီး မွှေနှောက်ခဲ့တယ်လို့ စစ်တပ်၀င်ရောက်ချိန်က ရွာအနီးမှာရှိနေတဲ့ မလယ်တိုက်နယ် ပကဖ တာ၀န်ခံ ဦးဗလကြီး က ပြောပါတယ်။
“စစ်ကြောင်းထိုးတာက မနက်ခင်း ၇ နာရီလောက်မှာ စစ်ကြောင်းနှစ်ကြောင်းခွဲထိုးတာ။ တောင်ဘက်က တစ်ရာ လောက်နဲ့ မြောက်ဘက်က တစ်ရာလောက်နဲ့ ၇ နာရီခွဲလောက် မှာ ပဇီကြီးရွာဘုန်းကြီးကျောင်း အစပ်လောက်ကို ရောက်ပြီ။ အဲ့ဒီကနေမှ တောင်ကို ပြန်ပတ်ပြီး လှည့်ပတ်မွေနေတာကို၊ ကျနော့်အထင် စစ်ရှောင်တွေ ရှာတယ်ထင် တာပဲ၊ နေ့လယ် ၂ နာရီလောက်မှ ရွာအနောက်တောင်ဘက်ကနေ ရွာထဲကို လက်နက်ကြီးနဲ့ လှမ်းထုတယ်။ ၁၀ ချက် တိတိပဲ။ ၂နာရီလောက်မှာထုတယ်။ ၂ နာရီ ၂၆ ကျတော့ ဂျက်ဖိုက်တာနဲ့ လာပစ်တယ်။ ပထမဆုံး အလုံးကတော့ ဗုံးကြဲတယ်ပဲ ထင်တာပဲ၊ တော်တော်လည်း ကျယ်တယ်၊ ပြင်းလည်းပြင်းတယ်”
“ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံတကာကိုလည်း ဂရုမစိုက်တဲ့ ပုံစံမျိုးပေါ့။ ပြီးတော့ စစ်ရေးအရ ပြည်သူကို ဒီထက်ပိုပြီး ရက်စက်ယုတ်မာမယ်ဆိုတဲ့ အကြောင်းပြတယ်လို့ ယူဆတယ်"
ဦးဗလကြီးရဲ့ အမြင်အရ စစ်ကောင်စီတပ် ဒုတိယအကြိမ် လာရောက်တာဟာ သက်သေ ဖျောက်ချင်တဲ့ ပုံစံလို့ ဆိုပါတယ်။
“သူတို့ စစ်ရှောင်တွေကိုရှာတာ သက်သေတွေ ဖျောက်ချင်လို့နေမှာဗျ၊ စစ်ရှောင်ကို လည်း မတွေ့ဘူး။ တခြား ကာကွယ်ရေးအဖွဲ့တွေကိုလည်း မတွေ့တော့ ရွာကို မီးကျွမ်း အောင် ဗုံးကြဲတယ်ထင်တာပဲ”
တစ်ဆက်တည်း ကန့်ဘလူခရိုင် ပကဖ အဖွဲ့၀င် ကိုပြည့်စုံကတော့ စစ်ကောင်စီဟာ နိုင်ငံတကာကို ဂရုမစိုက်ဘူး ဆိုတာပြနေတာလို့ ပြောပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံတကာကိုလည်း ဂရုမစိုက်တဲ့ ပုံစံမျိုးပေါ့။ ပြီးတော့ စစ်ရေးအရ ပြည်သူကို ဒီထက်ပိုပြီး ရက်စက်ယုတ်မာမယ်ဆိုတဲ့ အကြောင်းပြတယ်လို့ ယူဆတယ်။ ပြီးတော့ သက်သေပစ္စည်းတွေ ဖျောက်ဖျက်ဖြစ်ချင်တယ်လို့လည်း ယူဆ ပါတယ်”
စစ်ကောင်စီဘက်က ပဇီကြီးရွာတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတာက ရွာအနီး ပေါက်ကွဲမှုတွေဟာ လက်နက်သိုလှောင်ရုံကို တိုက်ရိုက်ထိမှန်လို့ဖြစ်တယ်လို့ ပြောထား သလို၊ ရွာအနီးထောင်ထားတဲ့ မိုင်းတွေ ပေါက်ကွဲလို့ ဖြစ်တယ်လို့ စစ်ကောင်စီပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ပဇီကြီးရွာခံ ဦးကျော်တင့်က စစ်ကောင်စီဟာ မဟုတ်မမှန် လုပ်ကြံဖန်တီး ပြောဆိုတတ်တယ်လို့ ပြောပါတယ်။
“ဒီကိစ္စကြီးက တစ်မ္ဘာလုံး အုန်းအုန်းထသွားတော့ ဒါဟာ လက်နက်စက်ရုံပေါက်ကွဲတာ ပါဆိုတဲ့ အခင်းအကျင်းဖြစ်အောင် ဒီထဲကို၀င်မယ်ဗျာ၊ ဒီက သဲလွန်စ အစအန ဘာတွေ ရခဲ့ပါတယ်ဆိုတာ လုပ်မယ်ဗျာ”
အခုလို ပဇီကြီးရွာကို လေကြောင်းက နှစ်ကြိမ်တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ဒေသခံ တွေနဲ့ အဲ့ဒီဒေသမှာ လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ယူဆချက်များနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ ပေမယ့် အဆက်အသွယ်လုပ်လို့မရပါဘူး။
ဒါကြောင့် စစ်တပ်အရာရှိ ဟောင်းများနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို မေးမြန်းတဲ့အခါမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံမျိုး ကြေညာတဲ့ အနေအထားကို ဘယ်လိုမှ သည်းခံလို့ မရနိုင်ဘူးလို့ ပြောပါတယ်။
“နံပါတ် ၁ ကတော့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရကြည့်ရင် ဒီကိစ္စဟာ ဘာမှ ထွေထွေထူးထူးပြောစရာ မလိုဘူး၊ ဒုတိယတစ်ချက်ကတော့ ကိုယ်ပိုင်လွတ်လပ်ရေး ကြေညာတဲ့ဟာမျိုးကိုတော့ ဘယ်နိုင်ငံအစိုးရကမှ လက်ခံမှာ မဟုတ်ဘူး၊ အဓိကတော့ အဲ့ဒီနှစ်ချက်ပါ။ အဲ့ဒီနှစ်ချက်နဲ့ထောက်လိုက်ရင် ပြောရရင် National rules, National security နဲ့ ကြည့်ရင် ကျန်တဲ့ လူ့အခွင့်အရေးတို့ ဘာတို့ဆိုတာ နောက်တန်းမှာ ရောက်သွားပြီ။ ကျနော်တို့ကတော့ အဲဒီနှစ်ချက်ကြောင့် ဒီလုပ်ငန်းတွေ ဆက်တိုက် ဖြစ်နေတယ်လို့ ယူဆပါတယ်ဗျ”
ပဇီကြီးဒေသခံတွေ ပြောဆိုချက်အရ ဧပြီလ ၁၁ ရက်နေ့က ပြည်သူ့အုပ်ချုပ်ရေးရုံးခန်းသစ် ဖွင့်ပွဲ အခမ်းအနား ကျင်းပနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဆောင်ရွက်ချက်ဟာ ကိုယ်ပိုင် လွတ်လပ်ရေး ကြေညာတာမျိုး ဖြစ်တယ်လို့ ဦးသိန်းထွန်းဦးက ပြောသွားတာပါ။