ဆယ်ရက်အတွင်း လူဦးရေစာရင်း ကောက်ယူတဲ့ စစ်ကောင်စီဝန်ထမ်း ငါးဦး အသတ်ခံရ

ဇင်မာဝင်း(ဝါရှင်တန်ဒီစီ)
2023.01.18
ဆယ်ရက်အတွင်း လူဦးရေစာရင်း ကောက်ယူတဲ့ စစ်ကောင်စီဝန်ထမ်း ငါးဦး အသတ်ခံရ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီ ၁၁ရက်နေ့က ရန်ကုန်မြို့တွင် လူဦးရေစာရင်းလိုက်လံကောက်ယူနေသည်ကို တွေ့ရစဉ်။
RFA

စစ်ကိုင်း၊ တနင်္သာရီ၊ မန္တလေးတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ လူဦးရေစာရင်းလိုက်လံကောက်ယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်ခံရတာရှိသလို တော်လှန်ရေးအင်အားစုတွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ ရှိပါတယ်။

ဇန်နဝါရီ ၉ ရက်နေ့ကစပြီး လူဦးရေစာရင်းကောက်ယူနေတဲ့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကို တော်လှန်ရေးအင်အားစုတွေဘက်က တိုက်ခိုက်တာကြောင့် ၁၀ရက်အတွင်း အနည်းဆုံး ငါးဦး သေဆုံးပြီး လေးဦး ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာ ပါဝင်လုပ်ကိုင်နေသူတွေကို ဖမ်းဆီးအရေးယူဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ညွှန်ကြားထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် က ပြောပါတယ်။

“စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲမအောင်မြင်ဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ တားဆီးသွားမယ်၊ တွန်းလှန်သွားမယ်ဆိုတာ ကြေညာထားပြီးသား။ စစ်ကောင်စီရဲ့ အလိုကျလုပ်နေတဲ့သူတွေ ရပ်တန်းက ရပ်ဖို့လိုတယ်။ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဗန်းပြပြီး ရွေးကောက်ပွဲအတွက် စာရင်းကောက်တာထက် တော်လှန်ရေးအင်အားစုတွေကို ထောက်လှမ်းတဲ့အပိုင်းတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ တွေ့ရတယ်။ ဒါတွေက တရားဥပဒေအတွင်းက လုပ်နေတာမဟုတ်ဘူး။ လူထုကို ခြိမ်းခြောက်ပြီး အကြမ်းဖက်နေတာဖြစ်တယ်။ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်။ စစ်ရေးပစ်မှတ်တွေကိုတော့ စစ်ရေးနည်းအရ အရေးယူဆောင်ရွက်သွားမယ်။” 

ဖမ်းဆီးအရေးယူဖို့ ညွှန်ကြားထားပေမယ့် လုပ်ကြံသတ်ဖြတ်ဖို့ ညွှန်ကြားထားတာမရှိဘူးလို့လည်း ဦးကျော်ဇော်က ဆိုပါတယ်။

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပ.က.ဖ ပြောရေးဆိုခွင့်ရှိသူကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ ပါဝင်တဲ့ လက်နက်ကိုင်ထားတဲ့ ဘယ်သူကိုမဆို ပစ်ခတ်တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။

“သူတို့(စစ်ကောင်စီ)လုပ်မယ့်ရွေးကောက်ပွဲကို တရားမဝင်ရွေးကောက်ပွဲလို့ပဲ သတ်မှတ်ထားတယ်၊ အဲဒါကြောင့် သူတို့လုပ်တာက တရားမဝင်တဲ့လုပ်ရပ်ဖြစ်လို့ တိုက်ခိုက်တာဖြစ်တယ်။ လက်နက်ကိုင်ထားတဲ့သူတွေဆိုရင် ကျွန်တော်တို့က ပစ်ခတ်တိုက်ခိုက်မှာ သေချာတယ်။ လက်နက်မကိုင်ထားတဲ့သူတွေဆိုရင်တော့ လျှော့လျှော့ပေါ့ပေါ့တော့ ရှိမှာပေါ့”

လူဦးရေစာရင်းစကောက်တဲ့ ဇန်နဝါရီ ၉ ရက်နေ့က တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကမြောကင်းကျေးရွာက မူလတန်းကျောင်းအနီးမှာ လူဦးရေစာရင်းကောက်တဲ့အဖွဲ့က စစ်ကောင်စီ တပ်သားတစ်ယောက် ပစ်သတ်ခံရပါတယ်။ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပ.က.ဖ နဲ့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုနောက်ပိုင်း လောင်းလုံးမြို့နယ်အတွင်းမှာ လူဦးရေစာရင်းကောက်ယူမှုတွေ ရပ်ဆိုင်းထားတယ်လို့ သူက ဆိုပါတယ်။

ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း မွန်ပြည်နယ် ကျိုက်ထိုနဲ့ သထုံမြို့နယ်တွေမှာ လူဦးရေစာရင်း ကောက်ယူတဲ့ အုပ်ချုပ်ရေးမှူးအပါအဝင် လေးယောက် ပစ်သတ်ခံခဲ့ရပါတယ်။

အဲဒီနေ့ကပဲ စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာ အိမ်ထောင်စုစာရင်းကောက်ယူနေတဲ့ စစ်ကောင်စီအဖွဲ့ကို မုံရွာအထူးဒေသတိုက်ခိုက်ရေးအဖွဲ့ က ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း မန္တလေးမြို့ပေါ်မှာ လူဦးရေစာရင်းစိစစ်တဲ့နေရာတွေကို မြို့ပြလှုပ်ရှားရေးအဖွဲ့က သတိပေးတဲ့အနေနဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာတော့ ဇန်နဝါရီ ၁၄ ရက်နေ့က လူဦးရေစာရင်း လိုက်လံကောက်ယူသူတွေလို့ ယူဆပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ဇနီးအပါအဝင် လေးဦးကို မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

သူတို့လေးယောက်ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အညီ အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သူတို့လေးယောက်နဲ့ပတ်သက်လို့ ဘယ်လိုအရေးယူဆောင်ရွက်သွားမလဲဆိုတာ တိုင်ပင်ဆွေးနွေးနေဆဲပဲလို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တာဝန်ခံ က ပြောပါတယ်။

“NUG လမ်းစဉ်အရ မသမာတဲ့ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ကျွန်တော်တို့က တောက်လျှောက်ဖမ်းဆီးတားဆီးအရေးယူဆောင်ရွက်မှာပဲ။ သူတို့ကို လူသားချင်းစာနာစွာနဲ့ နေရာသီးသန့် ကိုယ့်အိမ်ပုံစံမျိုးနဲ့ ထားတာပါ။ မြို့နယ်အဖွဲ့အစည်းအားလုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်ပေးမှာပါ။ အထက်ကလည်း လမ်းညွှန်မှာပါ။ ဝန်ကြီးဌာနနဲ့လည်း အကုန်ချိတ်ဆက်ထားပါတယ်။”

မြောင်မြို့နယ်မှာ ဖမ်းဆီးထားသူ လေးယောက်ကို NUG ရဲ့ တရားသူကြီးတွေက စစ်ဆေးပြီး လိုအပ်ရင် ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က လာမယ့် ဩဂုတ်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ အစိုးရကို အာဏာလွှဲပေးမယ်လို့ ပြောထားပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲအတွက် ဇန်နဝါရီ ၉ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ၂၃ ရက်ကြာ လူဦးရေစာရင်းကောက်ယူနေတာဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းတွေ၊ လူဝင်မှုကြီးကြပ်ရေးဌာနဝန်ထမ်းတွေအပြင် ရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။

စစ်ကိုင်းတိုင်း မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ယင်းမာပင်မြို့နယ်အတွင်းက ရပ်ကွက်ကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းတွေ အိမ်ထောင်စုစာရင်းတွေ လိုက်လံကောက်ယူနေတာကို ရပ်တန့်ဖို့ ဇန်နဝါရီ ၁၈ ရက်နေ့က သတိပေးစာထုတ်လိုက်ပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်အောင် ရတဲ့နည်းနဲ့ ဟန့်တားသွားမယ်လို့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က ပြောပါတယ်။

“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရယ် ဌာနဆိုင်ရာဝန်ထမ်းတွေရယ် ရပ်ကွက်တွေထဲမှာ တစ်အိမ်ဆင်းတစ်အိမ်တက် သန်းခေါင်စာရင်းတွေ လိုက်ကောက်နေတာကို ဆက်လုပ်နေမယ်ဆိုရင် ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမှာဖြစ်သလို ရရာနည်းနဲ့ ဟန့်တားသွားမှာဖြစ်ပါတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရ NUG အပြင် ကရင်အမျိုးသားအစည်းအရုံး KNU၊ ကချင်လွတ်‌မြောက်ရေးတပ်မတော် KIA၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့ကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှန်သမျှကို ဆန့်ကျင်သွားမယ်လို့ ပြောထားပါတယ်။

အာဏာသိမ်းစစ်တပ်ဘက်ကတော့ အခုလို လူဦးရေစာရင်းကောက်ယူတဲ့အဖွဲ့တွေ တိုက်ခိုက်ခံနေရတာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ နှစ်ရက်ဆက်တိုက် ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။