EAO နဲ့ PDF တပ်ဖွဲ့ဝင်တွေက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေထက် စိတ်ဓာတ်အရည်အချင်း မြင့်မား

လက်ရှိစစ်ကောင်စီတပ်ဖွဲ့မှာ အင်အားဘယ်လောက်ရှိပါသလဲ။ စစ်တပ်ခေါင်းဆောင် တွေက သူတို့မှာ တပ်ဖွဲ့ဝင် ငါးသိန်းခန့်ရှိတယ်လို့ ပြောဆိုနေကြပေမယ့် လက်ရုံးတပ် တွေပါထည့်ပြီး ပေါင်းပါမှ အများဆုံး လေးသိန်းလောက်ပဲ ရှိနိုင်ပြီး လက်ရှိ ခြေလျင်နဲ့ ခြေမြန်တပ်ဖွဲ့ဝင် စစ်သားအရေအတွက်ကတော့ တစ်သိန်းခန့်ပဲရှိပါတယ်လို့ CDM ဗိုလ်ကြီး လင်းထက်အောင် က ပြောပါတယ်။
“စစ်တပ်က ငါးသိန်းသော အင်အားလို့ ပြောနေပေမယ့် တကယ်တမ်း မြေပြင်မှာရှိတဲ့ နောက်ဆုံး အခြေအနေအရ ခန့်မှန်း မိသလောက်ဆိုရင် ခြေလျင်ခြေမြန် စစ်သည် အရာရှိတွေက တစ်သိန်း ဝန်းကျင်ခန့်ရှိပါတယ်။ ရေနဲ့ လေ ကတော့ ငါးသောင်းနဲ့ ခုနစ်သောင်းကြားရှိမယ်လို့ ခန့်မှန်းရတယ်။ ပြီးတော့ လက်ရုံးတပ်။ လက်ရုံးတပ် ဆိုတာက အမြောက်တပ်၊ ကပစ အင်ဂျင်နီယာတပ်တို့ အစရှိတဲ့ ဆေးတပ်တို့ပေါ့။ အဲဒါက နှစ်သိန်းဝန်းကျင်ခန့်လို့တော့ ခန့်မှန်းတယ်။ ဒီအင်အားပေါင်းချုပ်ကို ကျနော်တို့အနေနဲ့ သုံးသိန်းခွဲနဲ့ လေးသိန်းကြားလို့် အလွန်ဆုံး ခန့်မှန်းထားတယ်။ စစ်တပ်ရဲ့ အကြီးအကျယ် ထိုးစစ်ဆင်ခံနေရတဲ့ စစ်ကိုင်းတိုင်းဆိုရင် ခြေလျင်ခြေမြန် အင်အားကော လက်ရုံးတပ်တွေရဲ့ အင်အားကော တွက်ချက်မယ်ဆိုရင် အဲတစ်ခုလုံးမှာ စစ်သား အရေအတွက် တစ်သောင်း ဝန်းကျင် လောက်ရှိမယ်လို့ ခန့်မှန်းလို့ရပါတယ်”
လက်ရှိ စစ်တပ်အရာရှိတွေက အဲဒီ စစ်သားသစ်တွေကို ဘယ်လို စုဆောင်းနေပါသလဲလို့ CDM ဗိုလ်ကြီး ထက်မြက်ကို RFA က မေးမြန်းခဲ့ပါတယ်။
“အဓိက စစ်တပ်မှာ ရာထူးတိုးပေးဖို့ စောင့်ကြည့်ခံရတဲ့ ကာလဆိုတာရှိတယ်။ စောင့်ကြည့်ခံရတဲ့ ကာလပေါ့။ အဲလို အခြေအနေမျိုးမှာ အခွင့်အရေး တောင်းတာပေါ့ မင်းကို ရာထူးတိုးပေးမယ် ငါ့ကိုရဲဘော်သစ် ဘယ်နှယောက် စုပေးခိုင်းတာပေါ့။ တပ်ရင်မှူးတွေဆို တစ်လ တစ်ယောက်နှုန်းနဲ့ ရဲဘော်သစ်မရ ရအောင် စုခိုင်းတာမျိုး တွေရှိတယ်။ အဲလိုစုခိုင်းလို့ မရတဲ့အခါကျရင် အရေးယူတာတွေရှိတယ်။ ရာထူးတိုး မထောက်ခံပေးတာတွေ ရှိတယ်။ ရှိတော့ တပ်ရင်းမှူးလုပ်တဲ့ သူတွေက အောက်မှာရှိတဲ့ အရာရှိတွေ လူသစ်စုတဲ့နေရာမှာ လုပ်ဖူးတဲ့ ဆရာကြီးတွေကို မရရအောင် စုပေး၊ တစ်လ တစ်ယောက်မရဘူးဆိုရင် မင်းတို့ ဝယ်ပေးရမယ်။ ဒါမျိုးပုံစံတွေနဲ့ ခိုင်းတာ။ ခိုင်းတဲ့ အခါကျရင် အောက်ကအဖွဲ့တွေ အနေနဲ့ကလည်း လိုက်စုရတဲ့အခါမှာ အခုနောက်ပိုင်း ဝင်တဲ့လူ ရှားတယ်။ အရင်လိုမျိုး ဆိုင်းဘုတ်ထောင်ပြီး လက်ခံတဲ့ အခြေအနေမျိုးမှ မဟုတ်တော့တာ။ သူတို့ အနေနဲ့ လိုက်ပြီးစုရတယ်။ စုတယ်ဆိုနဲ့အချိန်မှာ နည်းလမ်း မျိုးစုံ သုံးကြတယ်။ ခြိမ်းခြောက်ပြီး စုတာတွေ ရှိတယ်၊ မတရား ဖမ်းဆီးခေါ်ဆောင် လာပြီးတော့ အတင်းဝင်ခိုင်းတဲ့ ကောင်မျိုးတွေ ရှိတယ်။ တချို့ဝင်လာတဲ့ ကောင်တွေကျတော့ အပြင်မှာ လူသတ်မှုဖြစ်တယ်။ သူတို့ ဆက်သွားရင် ထောင်ကျမှာမျိုးတွေ ရှိတယ်။ အဖမ်းခံရမယ့် အချိန်မှာ စစ်တပ်ထဲ ဝင်လိုက်တာရှိတယ်။ စစ်တပ်ထဲဝင်တော့ ရဲ အဖမ်းမခံရတော့ဘူး။ အပြင်မှာ စားစရာမရှိ သောက်စရာမရှိ ခိုးဆိုးလုနှိုက် လုပ်နေတဲ့ ကောင်တွေရှိတယ်။ ရဲကဖမ်းလိုက် အချုပ်ထဲ ထည့်လိုက် ပြီးရင်ပြန် လွှတ်လိုက်။ ကြာရှည်နေလို့ မဖြစ်နိုင်တဲ့ အခါမှာ စစ်တပ်ထဲ ဝင်မယ်ဆိုပြီး ဝင်လာတဲ့ကောင်တွေ ရှိတယ်။ အဓိက ကတော့ ခံယူချက်မရှိဘူး၊ စိတ်ဓာတ်မရှိဘူး၊ အဲလိုကောင်မျိုးက စစ်သားဖြစ်သွားတဲ့ အခါမှာ အခုလိုမျိုး ပြည်သူတွေ ပစ္စည်းလုယက်တာတွေ၊ ခိုးယူတာတွေ ဖျက်ဆီးတာတွေရှိလာတယ်။ ပြီးတော့ ရွာတွေမီးရှို့တာတွေ ရှိလာတယ်။ အဓိက သူတို့ စိတ်ထဲမှာ စစ်သားလုပ်ချင်တဲ့ စိတ်၊ ပြည်သူကို ကာကွယ်ချင်တဲ့ စိတ်နဲ့ မဝင်လာဘူး”
တစ်ဆက်တည်းမှာပဲ ဗိုလ်ကြီးထက်မြက်က အမှန်တကယ်မှာ စစ်တပ်အင်အား စုစုပေါင်း ဟာ လေးသိန်းအထိ မရှိနိုင်ပါဘူး။ တပ်ပြေး အရေအတွက်တွေကို တပ်ရင်းမှူး တွေက တင်ပြပြီး ငွေထုတ်စားနေကြတယ်လို့ ပြောပါတယ်။
“လက်ရှိမြေပြင်မှာရှိနေတဲ့ တကယ့်အင်အားဆိုတာ အဲဒီထက်ပိုနည်းဖို့ပဲရှိတယ်။ တပ်တစ်တပ်မှာ အနည်းဆုံး မရှိဘူးဆိုရင် ခွင့်မဲ့ စစ်သည်က ငါးယောက်ကနေ ၁ဝ ယောက်ကြား ရှိတယ်။ ၁ဝ ယောက် ထွက်ပြေးတယ်ဆိုရင်လည်း ၁ဝ ယောက်လုံး တင်လို့ မရဘူး။ စာရင်း တင်ခွင့်မရှိဘူး တစ်လကို တစ်ယောက်နှုန်းတင်တယ်။ အဲဒီတစ်ယောက် အတွက် လူသစ်စုလို့ရမှ စာရင်းတင်လို့ရမယ်။ အဲလိုမျိုး စည်းကမ်းတွေ သတ်မှတ်ထားတာတွေရှိတယ်။ သူတို့ အရေးယူ မခံရအောင်လုပ်ထာ။ အဓိက လိမ်ထားတာ။ အဲအမှုတွေ မပေါ်မချင်း တပ်ရင်းမှူးကအစ ရိက္ခာတွေ လခတွေ ထုတ်ပြီးစားနေတာ။ စစ်တပ်မှာက အရင်လိုမျိုး တိုက်ခိုက်ရေး အင်အားက တိုးမလာဘဲ လျော့လာနေတယ်။ လျော့လာတဲ့ အခါကျ သူတို့ အလုပ်တာဝန် လုပ်ရတဲ့အခါ အင်အား မရှိဘဲ ဆောင်ရွက်ရတယ်။ အဲဒီလို ဖြစ်တဲ့အချိန် စစ်သည်တစ်ယောက် ထွက်ပြေးတာပဲ ဖြစ်ဖြစ်၊ CDM လုပ်သွားတာပဲဖြစ်ဖြစ် ဒါမှ မဟုတ် ခုနကလို တပ်ကနေ ခွင့်မဲ့ လုပ်သွားတာပဲ ဖြစ်ဖြစ် ခုနကလို အခြေအနေဖြစ်မှာ သူတို့ အရမ်းကြောက်တယ်။ ကြောက်တော့ တပ်ထဲမှာရှိတဲ့ အဆင့်မြင့် အရာရှိအားလုံးက အောက်ခြေ စစ်သား တွေကို ပစားပေးလာတဲ့ ပုံမျိုးတွေတွေ့ရတယ်။ မြောက်စားပြီးခိုင်းတာ၊ တစ်ခါတလေ သူတို့လုပ်တဲ့လုပ်ရပ်တွေ မှားနေတာဆိုရင်တောင် ဖုံးကွယ်ပေးတာရှိတယ်။ ဒီလိုမျိုး ခိုးဆိုးလုနှိုက် လုပ်နေတဲ့ အခါမျိုးဆိုရင်တောင် ပြစ်မှုတွေ ဖျောက်ပေးတာ မျိုးတွေ ရှိတယ်”

ပင်လုံသုတေသန အဖွဲ့ခေါင်းဆောင် နိုင်ငံရေးသမား စိုင်းထွန်းအေး ကလည်း စစ်ကောင်စီ တပ်ဖွဲ့တွေဟာ အရေအတွက် နည်းရုံသာမက စိတ်ဓာတ်ရေးရာမှာလည်း တော်လှန်ရေး အင်အားစုတွေကို ယှဉ်ပြိုင်လို့ မရပါဘူးလို့ ဝေဖန်ပါတယ်။
“သူတို့ပြောတဲ့ အင်အား ငါးသိန်းဆိုတာ လုံးဝမဟုတ်ဘူး။ နှစ်သိန်းကျော်၊ သုံးသိန်း ဝန်းကျင်ပဲရှိတယ်။ အခုလက်ရှိ မြေပြင်မှာတိုက်နေတဲ့ သူတို့အင်အားက လေးသောင်း ကျော်ပဲ ရှိတော့တယ်။ အဲဒီ စစ်သားတွေကလည်း ခိုးဆိုး လုယက် အဆင့်မရှိ ပညာ မတတ်တဲ့ လူတွေ။ လက်ရှိ PDF တွေနဲ့ တိုင်းရင်းသား EAO တပ်ဖွဲ့တွေက သူတို့ထက် စိတ်ဓာတ်မြင်မားတယ်။ ဖမ်းဆီးမိတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းကောင်း ထားတယ်။ PDF တွေဆိုတာ ကလည်း ဆရာဝန်၊ အင်ဂျင်နီယာ စတဲ့ လူငယ် ပညာတတ်တွေ အများကြီးပဲ။ ပြည်သူတွေကလည်း ထောက်ခံတယ်။ တော်လှန်ရေးအဖွဲ့တွေက သူတို့စစ်တပ်နဲ့ တခြားစီပဲ။ လုံးဝ မြင့်မြတ်တယ်"
အခုလို တော်လှန်ရေးသမားတွေရဲ့ စိတ်ဓာတ်နဲ့ အရည်အချင်းတွေက စစ်ကောင်စီ တပ်ဖွဲ့တွေထက် အစစအရာရာ သာလွန်နေတဲ့အတွက် လက်နက်အလုံအလောက်သာ ရမယ်ဆိုရင် အာဏာရှင်တွေရဲ့ ကျဆုံးခန်းဟာ လက်တစ်ကမ်း မှာပဲရှိပါတယ်လို့လည်း ဝေဖန်သူတွေက ပြောပါတယ်။ အခုလို ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ သဘောထားကိုတော့ လတ်တလော မသိရှိနိုင်သေးပါဘူး။