မြန်မာစစ်တပ်ကို လက်နက်ကိုင်ဆန့်ကျင်သူများ တိုးလာနေ
2022.02.28
မြန်မာနိုင်ငံမှာ ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် လူငယ်တွေ လမ်းတွေပေါ်ထွက် တက်တက် ကြွကြွ စည်းရုံး လှုပ်ရှားနေခဲ့ကြတဲ့ အခြေအနေကနေ ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ် အာဏာသိမ်းမှုနဲ့အတူ ပြည်သူ့ အခွင့်အရေး နဲ့ လွတ်လပ်မှုအတွက် လက်နက်ကိုင် ခုခံ ကာကွယ်ရေးလမ်းကြောင်းဆီကို ပြောင်းလဲရောက်ရှိသွားခဲ့ပါတယ်။
မွန်ပြည်နယ် မော်လမြိုင်မြို့မှာဆိုရင် ၂ဝ၂ဝ နိုဝင်ဘာ ရွေးကောက်ပွဲ အတွက် လူငယ် အများအပြား မဲပေးခဲ့ကြတာပါ။ ဒါပေမဲ့ မဲမသမာမှု အကြောင်းပြချက်နဲ့ ၂ဝ၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ပေါ်ပေါက်လာခဲ့တဲ့ နေ့စဉ် ဆန္ဒပြပွဲတွေမှာ လူငယ်တွေ အများအပြား ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
တဘက်မှာလည်း လမ်းတွေပေါ်ထွက် ဆန္ဒပြရတာ ရေရှည်မှာ အန္တရာယ်ရှိလာတာကြောင့် ရွေးချယ်မှု အသစ်အဖြစ် တောတောင်တွေထဲက လက်နက်ကိုင်အဖွဲ့တွေရှိရာ သွားရောက် ပူးပေါင်းပြီး တိုက်ခိုက်ရေးသင်တန်းတွေ တက်ရောက်ခဲ့ကြပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ် PDF ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန အောက်မှာ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် မေလ ၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ၂ဝ၂ဝ နိုဝင်ဘာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းခဲ့တာပါ။
သံရေး တမန်ရေး၊ သတင်းမီဒီယာ နဲ့ ဆက်ဆံရေးမှာ တကမ္ဘာ လုံး အတိုင်းအတာနဲ့ အသိအမှတ်ပြုခံရဖို့၊ အာဏာသိမ်း မြန်မာစစ်ကောင်စီကို အသိအမှတ်မပြုဖို့ အားထုတ် နေတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၈ ရက်နေ့ကတော့ စစ်ကောင်စီ အပေါ် ပြည်သူ့ခုခံရေးစစ် ဆင်နွှဲဖို့ NUG က ကြေညာခဲ့ပါတယ်။
၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲအတွင်း မွန်ပြည်နယ်မှာ ရွေးကောက်ခံနယ် ၄၅ ခုထဲက ၃၄ ခုမှာ NLD အနိုင်ရခဲ့ပြီး၊ မွန်ညီညွတ်ရေးပါတီ MUP က ၁၁ နေရာရခဲ့ပါတယ်။ စစ်တပ် ကျောထောက်နောက်ခံပြု ပါတီတွေနဲ့ တစ်သီးပုဂ္ဂလတွေကတော့ တနေရာမှ မရခဲ့ပါဘူး။ ရေးမြို့နယ်မှာ မဲမသမာမှုကြောင့် NLD နိုင်တာဖြစ်ကြောင်း နောက်ပိုင်းမှာ စစ်တပ်က စွပ်စွဲပါတယ်။
မော်လမြိုင် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တဦးကတော့ မဲမသမာမှုဟာ စစ်တပ်ရဲ့ လုပ်ရပ်တခုဖြစ်ကြောင်း၊ အခုလို ရွေးကောက်ပွဲ ပြဿနာ အနည်းငယ် ရှိခဲ့ပေမယ့် ရွေးကောက်ပွဲ ရလဒ်တွေဟာ ယုံကြည်ရကြောင်း ပြောဆိုပါတယ်။

ဒီနှစ် မွန်ပြည်နယ်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ၅၈ ရာခိုင်နှုန်း လာရောက် မဲပေးခဲ့ကြတဲ့ အတွက်၊ ၂ဝ၁၅ ရွေးကောက်ပွဲကထက် ၇% ပို များခဲ့ပါတယ်။ ကိုဗစ် ၁၉ ကူးစက်မှု ကန့်သတ်ချက်တွေအတွင်း ကျင်းပခဲ့ရပြီး၊ မဲပေးသူ လူငယ်တွေ များပြားခဲ့လို့ဖြစ်ကြောင်း၊ မဲရလဒ်အပေါ် စစ်တပ်ရဲ့ ထိန်းချုပ်ဖို့ ကြိုစားမှု တွေဟာ၊ လူငယ်တွေအတွက် ဆေးခါးကြီး သဖွယ်ဖြစ်နေကြောင်း မနေ့က ဘန်ကောက်ပို့စ် သတင်းက ဖေါ်ပြပါတယ်။
ဒေသခံ PDF တပ်မှူးတဦးကတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လိုချင်တဲ့အတွက်၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတာဖြစ်ကြောင်း၊ ဒါပေမဲ့ စစ်တပ်ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် လက်နက်ကိုင် ကာကွယ်နေရတာဖြစ်ကြောင်း ပြောပါတယ်။
မွန်၊ ကရင် နဲ့ တနင်္သာရီ ပြည်နယ်တွေက လူငယ်တွေဟာ စစ်ရေးသင်တန်းအတွက် ဒေသဆိုင်ရာ လက်နက်ကိုင်အဖွဲ့တွေဆီ သွားရောက်နေကြတာပါ။ အများစုက NUG အစိုးရ ကာကွယ်ရေး ဝန်ကြီး ဌာနအောက်က PDF နဲ့ ဆက်သွယ်ဝင်ရောက်ခဲ့ကြတာပါ။
အခုအခါ စစ်ရေးသင်တန်းဆင်းပြီး သူပေါင်း အနည်းဆုံး တစ်သောင်း ဝန်းကျင်ရှိပြီလို့ သိရပါတယ်။ မွန်ပြည်နယ်မှာ လှုပ်ရှားနေသူ PDF အဖွဲ့ ၁၅ ဖွဲ့ ရှိပြီး၊ အများစုဟာ တက္ကသိုလ်ကျောင်းသားတွေဖြစ်ကြပါတယ်။