ငြိမ်းချမ်းတဲ့ နှစ်သစ်ဖြစ်ဖို့ မြန်မာပြည်သူတွေ မျှော်လင့်နေ
2024.04.18

စစ်တပ်အာဏာသိမ်းပြီးနောက် မလုံခြုံမှု၊ အိုးအိမ်ဆုံးရှုံးမှု၊ ဖိနှိပ်သတ်ဖြတ်မှုတွေနဲ့ စီးပွားရေးအကျပ်အတည်းဒဏ်ကို ရင်ဆိုင်ခံစားနေရတဲ့ မြန်မာပြည်သူတွေဟာ လာမယ့်နှစ်သစ်မှာ ပိုကောင်းမွန်တဲ့ဘဝ ရရှိပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းဖို့ မျှော်လင့်နေတယ်လို့ ပြောပါတယ်။
နှစ်သစ်မှာ စီးပွားရေးနွံထဲကနေ ရုန်းထွက်ချင်တယ်လို့ ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးဖြစ်တဲ့ မရာခပ်က ပြောပါတယ်။
"ဒီနှစ်တော့ တကယ် ဆုတောင်းပြည့်ချင်တယ်လေ။ တစ်နိုင်ငံလုံး စီးပွားရေးနွံနစ်နေတော့ ကျွန်မတို့လည်း နလံမထူနိုင်တော့ပါဘူး။ တိုင်းပြည်အုပ်ချုပ်တဲ့မင်း မကောင်းတော့ နိုင်ငံကလည်း ဂျုံးဂျုံးကျပြီး မီးလောင်ပြာကျနေရပြီလေ။ အိမ်ထဲနေလည်း မလုံခြုံ၊ လမ်းပေါ်ထွက်လည်း မလုံခြုံတော့ ဘာလုပ်လုပ် အဆင်မပြေပါဘူး။ ဘုရား တနေရတာ။ စစ်တပ်အုပ်ချုပ်တဲ့စနစ်ကြီး မပြောင်းသေးရင်တော့ ပြည်သူတွေက ပြည်ပ ထွက်ချင်ထွက်၊ မထွက်နိုင်ရင် အသက်ထွက်ဖို့ပဲ ရှိတော့တယ်လေ။ ဒါကြောင့် စစ်အာဏာရှင်ကြီး မြန်မြန်ကျရှုံးပါစေလို့ ဆုတောင်းလိုက်ပါတယ် နှစ်သစ်မှာ"
မန္တလေးမြို့ ပရဟိတဆရာဝန်တစ်ဦး ဘဝကနေ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ တော်လှန်ရေးသမားဖြစ်လာတဲ့ ဒေါက်တာ တေဇာစန်းကတော့ တော်လှန်ရေးပန်းတိုင် ပိုနီးလာတဲ့ နှစ်သစ်ဖြစ်ရမယ်လို့ ဆိုပါတယ်။
"နှစ်သစ်ကူးကာလကိုလည်း တော်လှန်သော နှစ်သစ်ကူးကာလလို့ ခံယူပြီး ဖြတ်သန်းနေကြတာ ဖြစ်တယ်။ ဒီနှစ်သစ်နဲ့ပတ်သက်လို့ ပြည်သူအားလုံးရဲ့ ယုံကြည်ချက်၊ ခံယူချက်အားလုံးကတော့ တော်လှန်ရေးအောင်ပွဲအတွက် ပိုမိုနီးကပ်လာတဲ့နှစ်သစ်၊ တော်လှန်ရေးပန်းတိုင်ကို ပိုမိုရှင်းလင်းပြတ်သားစွာ မြင်နိုင်တဲ့ နှစ်သစ်ဖြစ်ရမယ်။ ဖြစ်ဖို့လည်း အားလုံးဝိုင်းဝန်းပြီးတော့ ဟန်ချက်ညီညီ အစွမ်းကုန် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ ပြည်သူ့တော်လှန်ရေးကြီး သုံးနှစ်ပြည့်တဲ့အချိန်မှာ တစ်နိုင်ငံလုံး၊ လူထုတစ်ရပ်လုံး ကြွေးကြော်ခဲ့ကြတဲ့အတိုင်း ဒီကာလကတော့ ပြည်သူအားလုံး တက်စုံဖွင့် ရွက်ကုန်လွှင့်ပြီးတော့ အဆုံးသတ်ပန်းတိုင်ကို ရဲရဲရင့်ရင့် အစွမ်းကုန် ချီတက်ရမယ့်နှစ်လို့ ပြည်သူလူထုအားလုံးကို သတင်းစကားပေးချင်ပါတယ်"
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်ကတော့ လက်ရှိအခွင့်အရေးကို အသုံးချပြီး စစ်အာဏာရှင်ကင်းစင်တဲ့ နှစ်သစ်ဖြစ်ဖို့ ဆုံးဖြတ်ထားတယ်လို့ RFA ကို ပြောပါတယ်။
"လက်ရှိအချိန်ဟာ ပြည်သူလူထုတစ်ရပ်လုံး မျှော်မှန်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်ဖို့ အကြမ်းဖက်စစ်အုပ်စု ကင်းစင်သော အနာဂတ်တစ်ခုကို ရောက်ရှိနိုင်ဖို့ တကယ့်အခွင့်အခါကောင်းတဲ့အချိန် ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချပြီးတော့ တစ်နေရာစာ လွတ်မြောက်ရေးမဟုတ်ဘဲနဲ့ တစ်နိုင်ငံလုံး လွတ်မြောက်ရေးအတွက် စုစုစည်းစည်း ဆက်ပြီး တိုက်ပွဲဝင်ကြမယ်ဆိုရင်တော့ ပြည်သူတွေလိုလားနေတဲ့ ပန်းတိုင်ကို ရောက်ရှိမယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်"
ပြီးခဲ့တဲ့ သုံးနှစ်အတွင်းက အားနည်းချက်တွေကို သင်ခန်းစာယူပြီး အောင်မြင်တဲ့ ပန်းတိုင်ရောက်တဲ့အထိ အသက်၊ သွေး၊ ချွေး၊ ဘဝတွေ၊ စည်းစိမ်ဥစ္စာတွေ ရင်းနှီးပေးဆပ်ခဲ့ရတဲ့ ရဟန်းရှင်လူ၊ ပြည်သူအားလုံးရဲ့ စိတ်ဝိညာဉ်တွေကို ရင်ထဲမှာသိမ်းထားပြီး တော်လှန်ရေး ပြီးဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်း ဦးနေဘုန်းလတ်က ဆက်ပြောပါတယ်။
"တစ်နေရာစာ လွတ်မြောက်ရေးမဟုတ်ဘဲနဲ့ တစ်နိုင်ငံလုံး လွတ်မြောက်ရေးအတွက် စုစုစည်းစည်း ဆက်ပြီး တိုက်ပွဲဝင်ကြမယ်ဆိုရင်တော့ ပြည်သူတွေလိုလားနေတဲ့ ပန်းတိုင်ကို ရောက်ရှိမယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်"
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်အောင် ဆက်လက်ရင်ဆိုင်သွားမယ်လို့ ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။
အာဏာသိမ်းပြီးနောက် ဖိနှိပ်မှုတွေကို ရင်ဆိုင်ခံစားခဲ့ရတဲ့ မြန်မာနိုင်ငံ အလင်းသစ် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ရဲ့ တွဲဖက်ဥက္ကဋ္ဌ ဒေါ်တင်တင်ဝေကတော့ နှစ်သစ်မှာ ပြည်သူတွေ ပိုပြီးဘေးကင်း လုံခြုံစေဖို့ ဆုတောင်းနေပါတယ်။
"မြန်မာ့နှစ်သစ် အခါသမယမှာ ပြည်သူအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကာ ဘေးကင်းလုံခြုံကြပါစေကြောင်း၊ ပြည်သူတွေ လိုလားတောင့်တတဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းပြီးနောက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး အမြန်ဖြစ်ထွန်းပေါ်ပေါက်ပါစေလို့ ဆုတောင်ပေးလိုက်ပါတယ်ရှင့်"
ဒီနှစ်ဟာ ပြည်သူတွေလိုလားတဲ့ ပန်းတိုင်ဆီကိုရောက်မယ့် နှစ်သစ် ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
"ဒီတစ်ခါနှစ်သစ်ဟာ နွေဦးတော်လှန်ရေးမှာ ဦးဆောင်ဆင်နွှဲနေတဲ့ NUG ရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ PDF တွေရော အကောင်းဆုံးဖြစ်အောင် အဆုံးသတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီမျှော်လင့်ချက်ဟာ လာမယ့်နှစ်သစ်မှာ အဆုံးသတ်အောင်ပွဲနဲ့အတူ ပြည်သူတွေလိုလားတဲ့ ပန်းတိုင်ဆီကို ရောက်ရှိအောင် ကြိုးစားပေးကြပါလိမ့်မယ်လို့ မျှော်လင့်မိတဲ့အကြောင်း ပြောချင်ပါတယ်"