ဖားကန့်မြေပြိုမှု ၃၆ ဦး ပျောက်ဆုံး၊ တစ်ဦးမှ ပြန်မတွေ့သေး

RFA Burmese
2023.08.14
ဖားကန့်မြေပြိုမှု ၃၆ ဦး ပျောက်ဆုံး၊ တစ်ဦးမှ ပြန်မတွေ့သေး ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မနရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် မြေစာပုံ ပြိုကျအပြီး ကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံတချို့အား ၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မနရွာအနီး ကျောက်စိမ်းလုပ်ကွက်မှာ သြဂုတ်လ ၁၃ ရက် မနေ့ကမြေပြိုမှုကြောင့် ပျောက်ဆုံးသူ ၃၆ ဦးစာရင်းရရှိထားပါတယ်။ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်တိုက် ပြုလုပ်နေပေမယ့် ဩဂုတ်လ ၁၄ ရက် ဒီနေ့  ၂ နာရီကျော်အထိတော့  တစ်ဦးတစ်ယောက်ကိုမှ ပြန်ရှာမတွေ့သေးဘူးလို့ ကယ်ဆယ်ရေး လုပ်ငန်းမှာ ပါဝင်နေသူတွေနဲ့ ဒေသခံတွေက RFA  ကို ပြောပါတယ်။

မနေ့ ညနေ ၃ နာရီကျော်မှာ မြေစာပုံပြိုကျခဲ့တာဖြစ်ပြီး ရေကန်နားမှာ တစ်ပိုင်တစ်နိုင် ကျောက်စိမ်းတူးနေသူတွေနဲ့ ရွှေမျောတိုက်နေသူတွေ ပါဝင်ပျောက်ဆုံးနေတာပါ။

"ကျွန်တော့်အရှေ့မှာပဲ လူတွေပါသွားတာက အများကြီးပဲ။ အများပိုင်းက ဒီလက်ကျင်းတွေ တစ်ပိုင်တစ်နိုင် ဂန်းစက်တွေနဲ့ တူးနေတဲ့သူတွေ"

အခုမြေပြိုတဲ့နေရာဟာ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီရဲ့ လုပ်ကွက်ဖြစ်ပြီး ကုမ္ပဏီတွေက တော့ မိုးတွင်းကာလဖြစ်တာကြောင့် ကျောက်စိမ်းတူးဖော်တာတွေ ရပ်နားထားပါတယ်။

အဲဒီလို ကုမ္ပဏီတွေ လုပ်ငန်းရပ်နားထားချိန်မှာ အရင်ကဝင်ခွင့်မရှိတဲ့နေရာတွေကို တစ်ပိုင်တစ်နိုင် ကျောက်ရှာသူတွေ ဝင်ရောက်တူးဖော်ရာကနေ အခုလို မြေပြိုမှုနဲ့ ကြုံတွေ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ပေးနေသူတစ်ဦးက ဒီနေ့ နေ့လယ် ၂ နာရီကျော်ထိ ပျောက်ဆုံးသူ စာရင်း ၃၆ ဦးရှိပြီး အလောင်းကတော့ တစ်လောင်းမှ မတွေ့သေးဘူးလို့ RFA ကို ပြောပါ တယ်။

“ကျွန်တော်တို့ လက်ရှိစာရင်းအရ ဆိုလို့ရှိရင်တော့ ပျောက်နေတာ ၃၆ ဦး။ ကျွန်တော် တို့ အခု သေဆုံးတဲ့ အလောင်းတွေကတော့ မတွေ့သေးဘူး အခုချိန်ထိ။ ရှာဖွေ ကယ်ဆယ်ရေးလုပ်နေတုန်းပဲ။ အလောင်းက မတွေ့ရသေးဘူး၊ ကယ်ဆယ်ရေးလုပ်ရ တာလည်း ဘယ်လိုပြောမလဲ မြေကပြန်ပြီးမှ အနည်းအကျင်း  ပြိုပြိုနေတဲ့ အခါကျတော့ ကယ်ဆယ်ရေးက နှောင့်နှေးနေတယ် အဲလိုဖြစ်နေတယ်”

မြေတွေဆက်ပြီးပြိုနေတာကြောင့် ရေငုပ်ရှာဖွေရေးကို မပြုလုပ်နိုင်ဘဲ စက်လှေပေါ်ကနေ ချိတ်တွေနဲ့ပဲဆွဲပြီး ရှာဖွေနေရတယ်လို့လည်း သူက ပြောပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မနရွာရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်မြေစာပုံ ၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က ပြိုကျအပြီး တွေ့ရစဉ်။ (Photo: Citizen Journalist)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မနရွာရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်မြေစာပုံ ၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က ပြိုကျအပြီး တွေ့ရစဉ်။ (Photo: Citizen Journalist)

မြေပြိုမှုကနေ လွတ်မြောက်လာသူတစ်ဦးကတော့ မနေ့က မြေပြိုမှုအတွင်း ပါသွားသူ တွေဟာ ရွှေမျောတိုက် နေသူတွေနဲ့ တစ်ပိုင်တစ်နိုင် လက်ကျင်း ကျောက်စိမ်းတူးဖော်နေ တဲ့သူတွေလို့ ပြောပါတယ်။

“ကျွန်တော်တို့က လှမ်းကြည့်လိုက်တာနဲ့ အကြီးကြီးပြိုခဲ့တော့ ရေလှိုင်းလာမယ်ဆိုတော့ ကျွန်တော်တို့က အရင်ကတည်းက ကြုံဖူးတယ်ဗျ။ အဲဒါကို ကမ်းပါးအောက်မှာ တူးနေ တဲ့သူတွေ ကျွန်တော်တို့ အသံအကျယ်ကြီး လိုက်အော်တယ် သူတို့တွေက မကြားဘူးဗျ။ အဲဒါနဲ့ ကျွန်တော်တို့  အပေါ်ကိုပြေးတက်တာဗျ။ ပြေးတက်ပြီးတော့ ကျွန်တော်တို့ လွတ်သွားတာ ကျန်တဲ့သူတွေတော့ အကုန်ပါသွားတယ်။ ကျွန်တော့်အရှေ့မှာပဲ လူတွေပါသွားတာက အများကြီးပဲ။ အများပိုင်းက ဒီလက်ကျင်းတွေ တစ်ပိုင်တစ်နိုင် ဂန်းစက်တွေနဲ့ တူးနေတဲ့သူတွေ။ ဟိုဘက်ကမ်းက ရွှေမျောတိုက်နေတဲ့သူတွေလည်း ပါသွားတယ်၊ အနိမ့်ပိုင်းကလူတွေ”

ဒဏ်ရာရသူအများအပြားရှိပြီး ဆေးရုံကိုတော့ ရှစ်ဦးလောက် ပို့ဆောင်လိုက်တယ်လို့ ပြောပါတယ်။

မြေပြိုတဲ့နေရာအနီး ကျောက်စိမ်းတူးဖော်နေစဉ် ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးကလည်း မနေ့က မြေပြိုတဲ့အထဲမှာ သူ့အသိတွေ အများကြီး ပါသွားတယ်လို့ RFA ကို ပြောပါတယ်။

“အဲ့ဒီမှာ ရေလှိုင်းတွေက ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်ဆိုတော့ ပြန်မတက်နိုင် တော့ဘူး လူတွေက။ ရှရော်ခ ထဲက ကျွန်တော့်အသိထဲက သုံးယောက်ပါတယ်။ ဖားကန့်ထဲကပါတဲ့သူက သုံး၊ လေးယောက်။ လောလောဆယ် လေး၊ ငါး၊ ခြောက်ယောက်တော့ ကျွန်တော့်အသိမိတ်ဆွေတွေထဲက ပါသွားတာရှိတယ်။ ကုမ္ပဏီ တွေက လုပ်ထားတာတော့ သူတို့ မိုးတွင်းကျတော့ ရေတွေက တအားနက်တဲ့အခါကျ တော့ သူတို့မြေစာတွေက ဒီတိုင်းထားလိုက်တော့ မြင့်တဲ့နေရာကနေ နိမ့်တဲ့နေရာ ရေတွေ မိုးတွေနဲ့ဆိုတော့ အကုန်လုံးပြုတ်ကျကုန်တာ၊ ပြိုတော့တာပေါ့"

လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူတွေကို လူမှုကူညီရေးအသင်းတွေ ရှာဖွေနေဆဲဖြစ်ပြီး  မိသားစုတွေလည်း လာစောင့်နေကြဆဲပါပဲလို့လည်း သူက ပြောဆိုပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မနရွာရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်မြေစာပုံ ၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က  ပြိုကျအပြီး တွေ့ရစဉ်။ (Photo: Citizen Journalist)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မနရွာရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်မြေစာပုံ ၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က ပြိုကျအပြီး တွေ့ရစဉ်။ (Photo: Citizen Journalist)

ကချင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ ဒီနေ့မနက်ပိုင်းအထိ ပျောက်ဆုံးသူနဲ့ ဒဏ်ရာရသူ ဆယ်ဦးဝန်းကျင်သာ စာရင်းရထားပြီး အကူအညီတွေ ပေးနေတယ်လို့ RFA ကို ပြောပါတယ်။

“အခုလောလောဆယ် ဟိုဟာဖြစ်နေတာ ဆယ်ယောက်လောက်ပဲရှိပါတယ်။ အခြေအနေက ဒီလိုပေါ့ ထိခိုက်တဲ့ လူတွေ ကယ်စရာရှိတာလည်းကယ်၊ နောက် ကုသစရာရှိတာလည်းကုသ၊ ထောက်ပံ့စရာကိစ္စလည်း ထောက်ပံ့ တောက်လျှောက် လုပ်နေပါတယ်။ လောလောဆယ်  ဒဏ်ရာရတာရှိတယ်။ ဆေးရုံပို့စရာရှိတယ်။ ပို့ထားတယ်။ ကုစရာရှိတာ ကုပေးနေတယ်။ လိုတဲ့အကူအညီ ဘာညာလည်း အကုန် လုပ်ပေးနေတယ်”

၂ဝ၂ဝ ပြည့်နှစ်က ဝှေခါမှော်ကျောက်စိမ်းလုပ်ကွက် မြေပြိုကျမှုမှာ လူပေါင်း ၁၉၀ ကျော် သေဆုံးခဲ့ရသလို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်က ဖားကန့်မြို့နယ်၊ မက်လင်ဂျောင် ရွာမှာရှိတဲ့ မြန်မာအမျိုးသားကုမ္ပဏီနဲ့ ရှမ်းရိုးမ ကုမ္ပဏီတို့လုပ်ကွက်တွေ မြေပြိုစဉ်က လည်း ကုမ္ပဏီဝန်ထမ်းနဲ့ ကျောက်တူးသမား ရှစ်ဆယ်နီးပါး သေဆုံးခဲ့ပါတယ်။

NLD အစိုးရလက်ထက်မှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွေကို ထပ်မံသက်တမ်းတိုး မပေးတာကြောင့် လုပ်ကွက် ၉၀ ရာခိုင်နှုန်းခန့်ဟာ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှာ သက်တမ်းကုန်ဆုံးခဲ့တာပါ။

ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် ကျောက်စိမ်းကုမ္ပဏီတွေဟာ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ စစ်ကောင်စီတပ်ကို အခွန်ပေးပြီး တရားမဝင် တူးဖော် နေကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီရဲ့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း က ဖားကန့်ဒေသမှာ မိုးတွင်းဖြစ်တဲ့အတွက် ရေစိမ့်ဝင်ပြီး မြေပြိုဖို့ ပိုလွယ်သွားတာလို့ ပြောပါတယ်။

“တစ်ပိုင်တစ်နိုင် သွားတူးတဲ့သူတွေ များတာပေါ့။ အရင်တုန်းက အကုန်လုံးက စက်ယန္တရားနဲ့ မဟုတ်ဘဲနဲ့ လူနဲ့တူးရင်တောင် တချို့နေရာတွေက ထိထားတဲ့ကြောတွေ၊ နေရာတွေ ကျွန်တော်တို့က ပြန်ပြီးတော့ ထိမိတယ်ဆိုရင် ဒီနေရာတွေက ပြိုဖို့ ပိုပြီး လွယ်သွားတာပေါ့။ မိုးတွင်းမှာတော့ ရေရှိတယ်ဗျ။ တချို့ဟာက ရေစိမ့်ဝင်ပြီးတော့ ပြိုဖို့ ပိုပြီးလွယ်တဲ့သဘောပါပဲ”

ဗြိတိန်အခြေစိုက် Global Witness လူ့အခွင့်အရေးအဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ချက် မှာတော့ မြန်မာနိုင်ငံ အရပ်ရပ်က လူပေါင်း လေးသိန်းနီးပါးဟာ ဖားကန့်ဒေသမှာ ရေမဆေးကျောက် ရှာဖွေနေကြပြီး ဘေးကင်း လုံခြုံမှုမရှိတဲ့ အခြေအနေမှာ အလုပ် လုပ်ကိုင်နေကြရတယ်လို့ ဖော်ပြထားပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။