ဖားကန့်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးတာတွေ ပိုများလာ
2023.03.16

ကချင်ပြည်၊ ဖားကန့်မြို့မှာ ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းကစပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အမှုထမ်းတွေ အပါအဝင် အရပ်သား ပြည်သူတွေကိုစစ်ကောင်စီတပ်က ဖမ်းဆီးတာတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သုံးလအတွင်း ဖမ်းဆီးခံရသူ ၃၀၀ ကျော်ရှိခဲ့ပြီး ၂၄၀ ဝန်းကျင် ပြန်လွတ်လာပေမယ့် ၆၀ ခန့်ကတော့ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ကချင်လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (KHRW) ကလည်း ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ အတွင်းမှာတင် စစ်ကောင်စီတပ်ဟာ လူ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ မတ်လ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
"အသက်ကြီးတဲ့သူတွေလည်း ပါတယ်၊ ကလေးတွေလည်း ပါတယ်။ ၄၃ နာရီလောက် အဖမ်းခံရတာပေါ့”
မတ်လ ၁ ရက်ကနေ မတ်လ ၁၅ ရက်အတွင်းမှာ KIO အရာရှိတစ်ဦးနဲ့ KPDF တစ်ဦး အပါအဝင် ပြည်သူ ၁၆၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ၁၃၀ ခန့်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံ တစ်ဦးကတော့ ဖမ်းဆီးခံထားရသူတွေထံကနေ ကွင်းဆက်တွေလိုက်ပြီး စစ်ကောင်စီက တောက်လျှောက်ဖမ်းဆီးနေတယ်လို့ RFA ကို ပြောပါတယ်။
“၂၀၂၃ မှာ ကျနော်တို့ ၃၀၀ ကျော်သွားပြီ။ ကျနော့်အမြင် လက်ရှိဖမ်းဆီးတဲ့သူတွေထဲက သတင်းတွေရမယ်။ အဲသတင်းကနေ သူတို့ ကွင်းဆက်လိုက်ပြီးမှ တောက်လျှောက် ဖမ်းဆီးနေတယ်လို့ သိရတယ်။ နယ်မြေစိုးမိုးတာ အဲလိုမျိုးလည်း ကျနော်တို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက စစ်တာဆေးတာတောင်မှ တစ်ပတ်နေမှ တစ်ခေါက်လောက် စစ်ဆေးတာ။ အခုက နေ့စဉ်နဲ့အမျှ စစ်ဆေးနေတာ။ နေ့စဉ်နဲ့အမျှ ညဆိုလည်း ကင်းပုန်းတွေချပြီး စစ်ဆေးတယ်”
ဖေဖော်ဝါရီ ၂၈ ရက်ကလည်း ဖားကန့်မြို့ စဗျစ်ခူးရွာနားမှာ စစ်ကြောင်းမိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ရွာခံတွေလုပ်တာလို့ စွပ်စွဲပြီး ဒေသခံ ၁၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့သလို ၂ ရက်အကြာမှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။
ပြန်လွတ်လာတဲ့ စဗျစ်ခူးရွာခံတစ်ဦးကတော့ စစ်ကောင်စီတပ်သားတွေဟာ သူတို့ရဲ့ ကိုယ်ရေးမှတ်တမ်းတွေကို ယူခဲ့သလို နှစ်ည စစ်ဆေးခံရပြီးမှ ပြန်လွှတ်ခဲ့တာလို့ RFA ကို ပြောပါတယ်။
“နေရပ်၊ နာမည်၊ နေရာ၊ မှတ်ပုံတင် အဲဒါတွေမေးပါတယ်။ မေးပြီးမှ ညမိုးချုပ် ၁၀ နာရီခွဲအချိန်ထိ စစ်တယ်။ အဲမှာ တစ်ညချုပ်တယ်။ နောက်နေ့ လွှတ်မလိုလိုပြောတယ်။ နောက်နေ့လည်း မလွှတ်ပါဘူး။ နှစ်ညပေါ့ အဲဒီမှာ။ ဒီတိုင်း ငုတ်တုတ်ထိုင်ခဲ့တယ်။ ကြိုးချည်ထား ခံရတယ်။ အသက်ကြီးတဲ့သူတွေလည်း ပါတယ်၊ ကလေးတွေလည်း ပါတယ်။ ၄၃ နာရီလောက် အဖမ်းခံရတာပေါ့”
ဖမ်းထားသူတွေကို သုံးယောက်တစ်တွဲ ဓာတ်ပုံရိုက်၊ နာမည်နဲ့ ဓာတ်ပုံတွဲပြီး အွန်လိုင်းကပို့နေတာ မြင်ခဲ့ရသလို မိုင်းဆွဲတိုက်ခိုက်တာ မဝန်ခံရင် တစ်ရွာလုံးကို မီးရှို့မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
မတ်လ ၁၁ ရက်နေ့ကလည်း ဖားကန့်မြို့၊ ရိုးရာယဉ်ကျေးမှုရုံးက ရိုးရာလူကြီးတွေနဲ့ အစည်းအဝေးလုပ်နေတဲ့ KIO အရာရှိတစ်ဦး အပါအဝင် ပြည်သူ ကိုးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။
မတ်လ ၁၅ ရက်မနက်က ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်မှာရှိတဲ့ KIO အရာရှိ တစ်ဦးရဲ့ နေအိမ်ကို စစ်ကောင်စီတပ်သား အင်းအား ၅၀ ခန့်နဲ့ ဝင်ရောက်စီးနင်းခဲ့ပေမယ့် KIO အရာရှိ နေအိမ်မှာမရှိတာကြောင့် အဲဒီမှာရှိနေတဲ့ ကျောက်စိမ်းတူးဖော်တဲ့ လုပ်သား လူငယ်ငါးဦးကို ဖမ်းဆီးသွားပါတယ်။
KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ပြည်သူတွေနဲ့ KIO အကြား ထိတွေ့ဆက်ဆံမှု မရှိအောင် ခြိမ်းခြောက်တဲ့သဘောနဲ့ အခုလို ဖမ်းဆီးနေတာလို့ RFA ကို ပြောပါတယ်။
“အဲဒီ ဖားကန့်ဘက်မှာ သူတို့က အုပ်ချုပ်ရေးယန္တရားကို ချမှတ်နိုင်ဖို့အတွက် နောက် ပြည်သူလူထုတွေနဲ့ ကျနော်တို့ KIO ကြားမှာပေါ့နော် ဆက်စပ်မှုမရှိအောင်၊ ပူးပေါင်းမှုမရှိအောင် ပြည်သူလူထုကို ခြိမ်းခြောက်တဲ့ သဘောမျိုးနဲ့ ပြည်သူလူထုတွေကို ဖမ်းတာတွေ။ နောက် ကျနော်တို့ KIO ဝန်ထမ်းတွေကို အထူးစစ်ဆေးရေးပုံစံနဲ့ ဖမ်းတာတွေဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်”
မတ်လ ၁၀ ရက်နေ့မနက်က ဖားကန့်မှာရှိတဲ့ KIA တပ်ရင်း (၆) ကို ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ လာပစ်တာကလွဲပြီး ၂၀၂၃ နှစ်ဆန်းပိုင်း ဖားကန့်မှာ ပြင်းထန်တဲ့တိုက်ပွဲတွေ မရှိဘူးလို့လည်း ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။
ဒီဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေး ဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံတစ်ဦးကတော့ ဖားကန့်ဒေသမှာ လုံခြုံမှုမရှိတော့လို့ ည ၈ နာရီကျော်ရင် အပြင်မထွက်ရဲတော့ဘူးလို့ RFA ကို ပြောပါတယ်။
“လုံခြုံမှု လုံးဝမရှိဘူးလို့ ပြောလို့ရတယ်။ အခုဆို ကျမတို့ ည ၇ နာရီ အများဆုံး ၈ နာရီထက် မကျော်ပဲနဲ့တော့ ကျန်မာရေးကြောင့် အရေးကြီးတာမဟုတ်ရင် ဘယ်သူမှ မထွက်ကြတော့ဘူး။ အိမ်ထဲမှာပဲ ကိုယ်ဟာနဲ့ကိုယ်နေတာပေါ့။ အရေးကြီးတဲ့ အနေအထားကြောင့် အပြင်ထွက်တယ်ဆိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတာတွေ များတယ်လေ”
လက်ရှိ ဖားကန့်မှာ စစ်ကောင်စီတပ်က ပစ်သတ်လို့ သေဆုံးရတဲ့ ပြည်သူတွေလည်းရှိသလို ဘယ်သူတွေ သတ်သွားမှန်းမသိဘဲ လမ်းမပေါ်မှာ စွန့်ပစ်ထားတဲ့ ပိုင်ရှင်မဲ့အလောင်းတွေ ကိုလည်း ခဏခဏတွေ့နေရတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်က ဖားကန့်မြို့ ညနေဈေးတန်းမှာ မှော်စီဇာရပ်ကွက်ကိုပြန်လာတဲ့ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သလို မတ်လ ၁၁ ရက်နေ့ကလည်း ရေမဆေးကျောက်ကောက်ပြီး ပြန်လာတဲ့ လူငယ်နှစ်ဦး ပစ်သတ်ခံခဲ့ရပါတယ်။
မတ်လ ၄ ရက်နဲ့ ၁၂ နေ့မှာတော့ လူဝင်ကြီးကြပ်ရေးဦးစီးဌာနရဲ့ ဒုတိယမြို့နယ်ဦးစီးမှူးနဲ့ ပြည်သူတစ်ဦးကို အမည်မသိ လက်နက်ကိုင်တွေက သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (KHRW) တာဝန်ခံ ကိုဂျက်ကော့ (Jacob) က ဖားကန့်ဟာ ဝင်ငွေရနေတဲ့နယ်မြေဖြစ်လို့ စစ်ကောင်စီတပ်က စိုးမိုးမှုရဖို့ ဖမ်းဆီးမှုတွေ ပိုလုပ်လာတာလို့ ပြောပါတယ်။
“ဖားကန့်ကတော့ စီးပွားရေးဇုံနယ်ဆိုတော့ ဒီစကစက ပြည်သူတွေကို ပိုပြီးတော့ ဖိနှိပ်မှုတွေ လုပ်ချင်လာတယ်။ ပိုပြီးသူတို့ အုပ်စိုးချင်တယ်။ စီးပွားရေးနယ်မြေဆိုတော့ သူတို့က နယ်မြေရှင်းလင်းမှုတွေ ပိုပြီးလုပ်လာတဲ့ အခြေအနေရှိတယ်။ ဖားကန့်က စီးပွားရေးနယ်မြေဆိုတော့ တိုင်းရင်းသားအုပ်စုတွေခက်အောင် ပြီးရင် ဝင်ငွေစီးဆင်းမှု ခက်အောင် လုပ်ဖို့ရှိလာမယ်။ ပြည်သူတွေနဲ့အတူ မည်သည့်အဖွဲ့အစည်းမဆို ပိုပြီး လုပ်ဆောင်ဖို့ရှိတယ်”
KHRW အဖွဲ့ဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်ရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ပိုမိုလုပ်ဆောင်နိုင်ဖို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
စစ်ကောင်စီက သူတို့ အာဏာတည်မြဲရေးအတွက် ဖားကန့်ဒေသမှာ ဖမ်းဆီးမှုတွေ ဆက်လုပ်လာဖို့ ရှိနေတယ်လို့ KHRW က သတိပေးထားပါတယ်။