စစ်ကိုင်းက ဓာတ်ပုံသမားတစ်ဦး စစ်ကြောရေးမှာ လက်လွန်သေဆုံး

2022.08.01
စစ်ကိုင်းက ဓာတ်ပုံသမားတစ်ဦး စစ်ကြောရေးမှာ လက်လွန်သေဆုံး စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှ ဟေမာန်ဓာတ်ပုံရိုက်ကူးရေးဆိုင်ဖွင့်ထားသူ ဦးအေးကျော်ကို တွေ့ရစဉ်
.Photo: Hay Marn

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှာ ဟေမာန်ဓာတ်ပုံရိုက်ကူးရေးဆိုင် ဖွင့်ထားသူ အသက် ၄၈ နှစ်အရွယ် ဦးအေးကျော်ဟာ ဇူလိုင်လ ၃၀ ရက် မနက်စောစော ၂ နာရီလောက်မှာ ဖမ်းဆီး ခံရပြီးတဲ့နောက် နေ့လယ် ၁၂ နာရီလောက်မှာ ရုပ်အလောင်းအဖြစ်သာ ပြန်လည် ရရှိခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

သူဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဓာတ်ပုံမှတ်တမ်းရိုက်ကူးပြီး သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်လေ့ရှိပါတယ်၊ အဲဒီ ပုံတွေကို သတင်းဌာနအပါအဝင် နိုင်ငံရေး စိတ်ဝင်စားသူတွေက ပြန်လည်မျှဝေလေ့ ရှိတယ်လို့ ဦးအေးကျော်ရဲ့ မိတ်ဆွေတွေက RFA ကို ပြောပါတယ်။

ဇူလိုင်လ ၃၀ ရက် မနက် ၂ နာရီလောက်မှာတော့ အိမ်ထဲမှာ လက်နက်တွေရှိတယ်လို့ သတင်းရတာကြောင့် စစ်ကားခြောက်စီးနဲ့ စစ်သားတွေရောက်လာပြီး ဦးအေးကျော်ကို ဖမ်းဆီးသွားခဲ့ပါတယ်။

နေ့လယ်ပိုင်းမှာတော့ ဦးအေးကျော်ရဲ့ ရုပ်အလောင်းဟာ စစ်ကိုင်းမြို့ ဆေးရုံကြီး ရင်ခွဲရုံမှာ ရှိနေပြီ၊ ယူချင်ရင် လာယူလို့ရကြောင်းနဲ့ မယူချင်ရင်လည်းရကြောင်း သူနေထိုင်ရာ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးက မိသားစုကို ဆက်သွယ်ပြောဆိုလာခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဦးအေးကျော်ရဲ့ ရုပ်အလောင်းကို ဆေးရုံကနေသွားယူပြီး မိသားစုနေထိုင်ရာ အောင်ချမ်းသာရပ်ကွက်က ဇရပ်ကို ပို့ဆောင်ပေးခဲ့ရကြောင်း၊ ဦးအေးကျော် သေဆုံးတာ မှန်ကန်ကြောင်း စစ်ကိုင်းမြို့အခြေစိုက် အိုးဘို ကျန်းမာရေးနဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

"အကူအညီတောင်းရင် ပေးရတာပဲ။ ဘယ်သူ့ကို မဆိုလေ၊ ဟိုဘက်ဒီဘက် ရွေးလို့ မရဘူး။ ပရဟိတဆိုတော့၊ အကူအညီတောင်းတယ်။ ရင်ခွဲရုံကနေသယ်ပြီးတော့ ရွာဇရပ်ကို ပို့လိုက်တယ်။ အပေါ်ဒဏ်ရာ ဒဏ်ချက်ကတော့ မတွေ့ဘူး၊ ရင်ခွဲထားတဲ့ ပုံစံပဲတွေ့တယ်။ ရေယိုတာတို့၊ မည်းတာတို့တော့ မတွေ့ပါဘူး"

ဇူလိုင်လ ၃၁ ရက် မနေ့ကပဲ ဦးအေးကျော်ရဲ့ ရုပ်အလောင်းကို မိသားစုက သင်္ဂြိုဟ်လိုက်ပြီ လို့လည်း သူက ဆိုပါတယ်။

ayekyaw-photographer.jpg
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှ အလှဓာတ်ပုံရိုက်ကူးသူ ဦးအေးကျော်ကို တွေ့ရစဉ် (Photo: Hay Marn)

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးကတော့ ဦးအေးကျော်ရဲ့ နေအိမ်ကို လက်နက်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်သားတွေက လာရောက်ရှာဖွေခဲ့ပေမယ့် အိမ်ထဲမှာ ဘာလက်နက်မှ ရှာမတွေ့သွားဘူးလို့ RFA ကို ပြောပါတယ်။

"စစ်တပ်က ကားခြောက်စီးနဲ့ လာဖမ်းသွားတယ်။ သုံးစီးက အပြင်မှာ၊ သုံးစီးက အိမ်ကို ဝင်တယ်။ တံခါးဖွင့်မပေးရင် ပစ်မယ်ပြောတယ်။ လာဖမ်းတော့ အိမ်တစ်အိမ်လုံးကို ရှာတယ်။ ဘာမှမတွေ့ဘူး၊ သူတို့ဆီက ဘာမှ ရှာမတွေ့ဘူး။ လက်နက်လာရှာတယ် ပြောတယ်။ အလောင်းကို အပြင်မှာထားတယ်။ လူမှုကူညီရေးအသင်းကနေမှ အလောင်း ပိုင်ရှင်ရဲ့ ရွာကို ပြန်ပို့တာ။ ဒဏ်ရာတွေက မျက်နှာမှာတော့ မတွေ့ဘူး။ နံရိုးတို့၊ ကျော တို့မှာတော့ အညိုမည်းဒဏ်ရာတွေ တွေ့တယ်။ သူက ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နေတတ်တယ်။ အပေါင်းအသင်း ဆံ့တယ်။ သူ့သတင်းကြားတော့ အံ့ဩပြီး ယူကျုံးမရ ဖြစ်နေကြတယ်"

ဦးအေးကျော်ဟာ အထက်မြန်မာပြည် ဓာတ်ပုံအသင်းဝင်တစ်ဦးဖြစ်တာကြောင့် အခုလို သံသယနဲ့ဖမ်းဆီး ပြီး ၂၄ နာရီအတွင်း လက်လွန်သေဆုံးခဲ့တဲ့အပေါ် ၀မ်းနည်းစိတ်ထိခိုက် ရတယ်လို့ လုပ်ဖော်ကိုင်ဖက် အသင်းဝင်တွေက ပြောပါတယ်။

ပြည်တွင်းသတင်းမီဒီယာတွေရဲ့ ရေးသားချက်၊ ဒေသခံတွေနဲ့ မိသားစုဝင်တွေရဲ့ ပြောဆို ချက်တွေအပေါ် အခြေခံပြီး RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းထားတဲ့ အချိန် ၁၈ လအတွင်း စစ်တပ်က လာရောက်ဖမ်းဆီးသွားပြီးနောက် နာရီပိုင်း၊ ရက်ပိုင်းအတွင်း စစ်ကြောရေးမှာ လက်လွန်သေဆုံးခဲ့ရသူ အရေအတွက်ဟာ ဦးအေးကျော် အပါအဝင် ၁၃၇ ဦး ရှိနေပါပြီ။

"စစ်ကိုင်းတိုင်းမှာ မြေပြင်မှာဖြစ်နေတာက စစ်ကြောင်းဝင်လာရင် မထင်ရင် မထင်သလို ပစ်သတ်တာပဲ။ ဘာဥပဒေမှ မရှိဘူး"

ဒီအဖြစ်အပျက်တွေကြောင့် စစ်ကိုင်းတိုင်းက ပြည်သူတွေဟာ မလုံခြုံမှုနဲ့ အကြောက် တရားကို နေ့စဉ် ခံစားနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ကိုင်းမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဦးအေးကျော်နဲ့က စစ်ကိုင်းမြို့ သပိတ်ကာလမှာ လက်တွဲပြီးတော့ မှတ်တမ်းဓာတ်ပုံ တွေ ရိုက်ခဲ့တာပေါ့။ စိတ်တော့အများကြီး မကောင်းဘူး။ ဝမ်းနည်းတယ်။ ပြင်ပဒဏ်ရာ မရှိဘူး။ နှိပ်စက်တာ လက်လွန်ပြီးဖြစ်သွားတာ။ ထောင်ထဲမှာ သေဒဏ်တွေ ပေးတယ်။ မမြင်ရဘူး။ စစ်ကိုင်းတိုင်းမှာ မြေပြင်မှာဖြစ်နေတာက စစ်ကြောင်းဝင်လာရင် မထင်ရင် မထင်သလို ပစ်သတ်တာပဲ။ ဘာဥပဒေမှ မရှိဘူး။ ဥပဒေဆိုတာ သေနတ်ပြောင်းဝကနေ ထွက်တာ။ လူတွေကို ဖမ်းတယ်။ မထင်ရင်သလို လုပ်တယ်။ စစ်ကြောင်းလာတယ်ဆိုရင် သေဒဏ်ကျသလိုကို ခံစားနေရတာ"

စစ်ကိုင်းမြို့မှာတော့ အဖမ်းခံရပြီးမှ နာရီပိုင်းအတွင်း သေဆုံးခဲ့တဲ့ဖြစ်စဉ်ဟာ ဒါ ပထမဆုံး အကြိမ်ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဦးအေးကျော် အဖမ်းခံရပြီး စစ်ကြောရေးမှာ လက်လွန်သေဆုံးခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ စစ်ကိုင်းတိုင်း ပြောရေး ဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်တို့ကို RFA က ဒီကနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံ ဖြေကြားခြင်း မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင် ၂၉ ရက် ထုတ်ပြန်ချက်အရ ညှဉ်းပန်းနှိပ်စက်မှုကြောင့် စစ်ကြောရေးမှာ သေဆုံးသူတွေအပါအဝင် အာဏာသိမ်း ၁၈ လအတွင်း နိုင်ငံတစ်ဝန်းမှာ အကြောင်းအမျိုးမျိုးနဲ့ အသတ်ခံရသူ၊ သေဆုံးသူ အရေအတွက်ဟာ ၂၁၃၈ ဦး ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။