နော်အုန်းလှကို ဝန်းရံသူ သုံးဦး အမှုဖွင့်ခံရ
2019.10.03

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့က နော်အုန်းလှတို့ကို ကျောက်တံတားမြို့နယ် တရားရုံးမှာ ရုံးထုတ်တဲ့ အချိန်က သွားရောက်ဝန်းရံခဲ့တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့က ဒေါ်စိန်ထွေး၊ မဇာခြည်လင်းနဲ့ ကရင်အမျိုးသမီးအစည်းအရုံက နော်လားရှီးထူးတို့ သုံးဦးကို ခွင့်ပြုချက်မဲ့ ဆန္ဒပြမှုအတွက် ကျောက်တံတားမြို့နယ် ရဲစခန်းက ဒီကနေ့ အမှုဖွင့် အရေးယူလိုက်တာပါ။
နော်အုန်းလှ ပြန်လွှတ်ပေးရေး ဆန္ဒပြတောင်းဆိုခဲ့သူ သုံးဦးကို ဒီကနေ့ နံနက် ၁၁ နာရီလောက်မှာ ဒေါ်စိန်ထွေး၊ နော်လားရှီးထူး၊ မဇာခြည်လင်းတို့ကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားကြောင်း ဆက်သွယ်အကြောင်းကြား လာတယ်လို့ အမှုဖွင့်ခံထားရတဲ့ ဒေါ်စိန်ထွေးက RFA ကို ပြောပါတယ်။
"ကျွန်တော့်ကို ကျောက်တံတားရဲစခန်းက ဖုန်းဆက်တယ်၊ ကျွန်တော်အပါအဝင် မဇာခြည်လင်းနဲ့ နော်လားရှီးထူးတို့ သုံးဦးကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲထားပြီးလို့ပြောတယ်။"
ဒါ့အပြင် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့ခေါင်းဆောင် နော်အုန်းလှကို ဝန်းရံခဲ့တာဖြစ်ပြီး ရဲစခန်းကိုလည်း ဘာမှထွက်ချက်ပေးသွားမှာ မဟုတ်သလို တရားရုံးကိုလည်း အယုံအကြည်မရှိတာကြောင့် ပူးပေါင်းဆောင်ရွက်သွား မှာ မဟုတ်ဘူးလို့ ဒေါ်စိန်ထွေးက ပြောပါတယ်။
ကရင့်အာဇာနည်နေ့ ကျင်းပတာကြောင့် ဖမ်းဆီးတရားစွဲဆို ထောင်ချခဲ့ရတဲ့ ကိုစောအဲလ်ဘက်ချိုက ဝန်းရံခဲ့သူတွေ ကို အခုလို ထပ်မံ အမှုဖွင့်လိုက်တာဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာပါတဲ့ တိုင်းရင်းသားအခွင့်အရေးကို ချိုးဖောက်လိုက်တယ်လို့ ပြောပါတယ်။
ဖွဲ့စည်းပုံမှာပါတဲ့ တိုင်းရင်းသား အခွင့်အရေးကို ချိုးဖောက်တယ်
“တစ်ခုပြီးနောက်တစ်ခုဆက်လုပ်တယ်ဆိုတော့ ဒါဟာ တိုင်းရင်းသားတွေအတွက် ခံပြင်းစရာဖြစ်တယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ တိုင်းရင်းသားအခွင့်အရေးကိုလည်း ချိုးဖောက်တယ်ဗျာ၊ အကုန်လုံးကို ချိုးဖောက်နေတယ်ဆိုတော့ ရန်ကုန်တိုင်းအစိုးရဝန်ကြီးချုပ်ကြီးဟာ ဘယ်လိုဖြစ်သွားတာလည်းပေါ့ဗျာ”
ကရင့်အာဇာနည်နေ့ အသုံးအနှုန်းကြောင့် တရားစွဲဆိုထောင်ချခံရသူတွေကို ဝန်းရံခဲ့တဲ့သူတွေကို ထပ်မံအမှုဖွင့် တရားစွဲဆိုတာဟာ မဖြစ်သင့်ကြောင်းနဲ့ အစိုးရအဖွဲ့အနေနဲ့ ဒီလိုဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် ငြိမ်းချမ်းရေး ကိုလည်း ထိခိုက်နိုင်ပြီး တိုင်းရင်းသားတွေရဲ့ အယုံအကြည်မဲစေနိုင်တယ်လို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအမျိုးသမီး အဖွဲ့ အတွင်းရေးမှူး ကိုမင်းနေထူးက ပြောပါတယ်။
“ကရင့်အာဇာနည်နေ့ အခမ်းအနားကို စပိတ်ပင်ကတည်းကိုက ဒါကနည်းလမ်းကမှားနေတယ်၊ မှားနေတဲ့ ကိစ္စကိုမှ တခါထပ်ပြီးတော့မှ တရားစွဲမှုတွေကို ကူညီတဲ့သူတွေကော ဝန်းရံတဲ့သူတွေကို ထပ်ပြီးတော့ တရားစွဲ တယ်ဆိုတာက တော်တော်အခြေအနေဆိုးသွားပြီခင်ဗျ၊ မဖြစ်သင့်ဘူးပေါ့နော်၊ ဒီလို့အခြေအနေမျိုးမှာ အစိုးရ အဖွဲ့အနေနဲ့ ဒီလိုမျိုးဆက်တိုက်လုပ်နေမယ်ဆိုလို့ရှိရင်တော့ ငြိမ်းချမ်းရေးကိုလည်း ထိခိုက်စေနိုင်တယ်၊ တိုင်းရင်းသားတွေရဲ့အယုံအကြည်လည်း မဲ့စေနိုင်တယ်”
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ နော်အုန်းလှကို ဝန်းရံသူတွေ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲဆိုလိုက်တဲ့အပေါ် ချင့်ချိန်ဆောင်ရွက်သင့်ကြောင်း ပြောပါတယ်။
“နော်အုန်းလှတို့ကိစ္စမှာ အရေးယူပြီးတဲ့အခါမှာ ဝန်းရံတဲ့သူတွေကို ဘာနဲ့ယူတယ်ဆိုတော့ ခွင့်ပြုချက်မယူ ဘူးပေါ့ဗျာ၊ အဲတာကြော င့်အရေးယူတယ်လို့ ဒီလိုပဲမှတ်ယူရတယ်ပေါ့၊ အဲတော့ အရေးပေါ်ပေါ်လာတာပေါ့ဗျာ၊ ဒါကိုလူစုလူဝေးနဲ့ ထောက်ခံပြီးတော့ နော်အုန်းလှတို့ လွှတ်ပေးလိုက်တဲ့ကိစ္စမှာ ဝန်းရံတဲ့ကိစ္စမှာ ဘယ်လိုလုပ် အရေးပေါ်တင်မလဲဗျာ၊ ဒါကအရေးပေါ်ဖြစ်တဲ့ကိစ္စကို အဲဒီအပေါ်မှာတော့ ချင့်ချိန်ပြီးတော့ ဆောင်ရွက်စေချင် တယ်လို့ ကျနော်တို့က မှတ်ချက်ပေးချင်ပါတယ်”
ကရင့်အာဇာနည်နေ့ အသုံးအနှုန်းကြောင့် ဖမ်းဆီးထောင်ချခံရသူတွေကို ဝန်းရံခဲ့ကြတဲ့သူတွေ အမှုဖွင့်တရားစွဲဆို ခံထားရတဲ့အပေါ် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့နဲ့ ကရင်အမျိုးသမီးအစည်းအရုံးက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်သွားဖြစ်ကြောင်း ထုတ်ပြန်ချက ထုတ်ပြန်ထားပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ တိုင်းရင်းသားအခွင့်အရေးအရ လုပ်ဆောင်ခဲ့ကြတဲ့ အဖွဲ့ဝင်တွေနဲ့အတူ ရပ်တည်သွားမှာဖြစ်ပြီး အာဏာရှင်ဆန်ဆန် ဖိနှိပ်ချုပ်ချယ် မတရားအမှုဖွင့် တရားစွဲဆိုမှုတွေကို ကန့်ကွက်ကြောင်း ပါဝင်ပါတယ်။
ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ကို ပြစ်မှုကျူးလွန်ကြောင်း တရားရုံးကဆုံးဖြတ်ရင် အများဆုံး ထောင်ဒဏ် ၃ လအထိ ကျခံရနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။
(RFA သတင်းထောက် ကိုနေမျိုးထွန်း တင်ပြသည်။)