သမ္မတ ဦးဝင်းမြင့်ရဲ့ ခရီးစဉ်အကြောင်း တင်ပြချက်


2018.12.17
winmyint-president-622.jpg သမ္မတဦးဝင်းမြင့် မွန်ပြည်နယ်က အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့က တာဝန်ရှိသူတွေနဲ့ ၂၀၁၈ ဒီဇင်ဘာ ၁၄ ရက်နေ့က မော်လမြိုင်မြို့မှာတွေ့ဆုံစဉ်
Photo: Myanmar President Office

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ဟာ တိုင်းနဲ့ပြည်နယ် အသီးသီးကို သွားရောက်ပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး ဝန်ထမ်းတွေနဲ့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ တွေ့ဆုံခဲ့ပါတယ်။

အဲလိုတွေ့ဆုံပွဲတွေမှာ သမ္မတ ပြောကြားခဲ့တဲ့အချက်တွေနဲ့ ပတ်သက်ပြီး မဏ္ဍိုင် ၃ ရပ်အရေး ဆောင်ရွက်နေသူ တွေရဲ့ အမြင်တွေကို RFA သတင်းထောက် မသီရိမင်းဇင် က စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သမ္မတ ဦးဝင်းမြင့်ရဲ့ ခရီးစဉ်အကြောင်း တင်ပြချက်

(သီရိမင်းဇင်)

သမ္မတ ဦးဝင်းမြင့်ဟာ ဒီဇင်ဘာ ၁၄ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့မှာ တရားစီရင်ရေး၊ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး မဏ္ဍိုင်ကြီး ၃ ရပ်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ရာမှာ သိမ်းဆည်းခံ မြေယာတွေကိုပြန်ပေးဖို့ ပြောကြားခဲ့ပါတယ်။

တိုင်းနဲ့ပြည်နယ်တချို့က ဝန်ကြီးချုပ်တွေနဲ့ တချို့ ပြည်ထောင်စုဝန်ကြီးတွေဟာ ဒီကိစ္စမှာ ပြတ်ပြတ်သားသား ဆောင်ရွက်တာတွေ မရှိဘူးလို့ သမ္မတ က ဝေဖန်ထောက်ပြခဲ့ပါတယ်။

"ဥပဒေမဲ့ သိမ်းဆည်းခဲ့မှုတွေကို နိုင်ငံတော် အစိုးရရဲ့ မူဝါဒချပြီးတော့ ပြန်ပေးတဲ့အဖွဲ့၊ ပြန်ပေးဖို့ ကြိုးပမ်းတယ်၊ အဲဒါကို ပြည်နယ်၊ တိုင်းအစိုးရတွေက ဟိုဟာဒီဟာ လုပ်ချင်တော့ ပြန်မပေးဘူး၊ ကိုယ့်ပစ္စည်းကျနေတာပဲ၊ ကိုယ်ဒီအလုပ်က ထွက်သွားရင် အမွေရမှာ ကျနေတာပဲ၊ ကိုယ့်ရဲ့ အမွေခံကျနေတာပဲ၊ ဘာလုပ်တာလဲ၊ အဲဝန်ကြီး ဌာနတွေပဲဖြစ်ဖြစ်၊ ပြည်နယ်နဲ့ တိုင်းအစိုးရတွေပဲဖြစ်ဖြစ် ကိုယ်ကပြန်သိမ်းတာပေါ့၊ ပြန်သိမ်းတဲ့အဖွဲ့ ဖြစ်သွားပြီ၊ လုံးဝလက်မခံဘူး၊ ကျနော် ဒါရှင်းရှင်းပဲ ပြောခဲ့မယ်၊ ပြန်စစ်ဆေးပါ"

မကွေးတိုင်းအတွင်းမှာ ဌာဆိုင်ရာတွေက သိမ်းယူထားတာ၊ ကုမ္ပဏီတွေက သိမ်းယူထားတာနဲ့ တပ်မတော်က သိမ်းယူထားတဲ့ မြေဧက စုစုပေါင်း ၄ သိန်းခွဲကျော်ရှိပြီး တစ်ဝက်လောက်က တပ်မတော်က သိမ်းယူထားတာဖြစ်တယ်လို့ တိုင်းမြေစစ် ကော်မတီရဲ့ စာရင်းတွေအရ သိရပါတယ်။

အဲဒီထဲမှာ တပ်သိမ်းမြေတွေဟာ ပြန်ရဖို့အတွက် အခက်အခဲ အများကြီးရှိနေကြောင်း မကွေးတိုင်းဒေသကြီး လယ်ယာမြေနဲ့ အခြားမြေများ၊ သိမ်းဆည်းမှုများ ပြန်လည်စိစစ်ရေးကော်မတီဝင် ဦးအောင်ကျော်ကျော် က ပြောပါတယ်။

"ဌာနဆိုင်ရာတွေ သိမ်းထားတဲ့မြေတွေကလည်း အင်မတန်ခက်တယ်၊ စိန်ခေါ်ချက်တွေ အများကြီးကို ကျနော်တို့ ဖြေရှင်းရတယ်၊ နောက်ဆုံးမှာတော့ ပြန်ရအောင် လုပ်လို့ရတယ်ပေါ့ဗျာ၊ တပ်သိမ်းမြေကိစ္စကျတော့ ဘယ်လောက် ပဲဖြေရှင်း ဖြေရှင်း လုံးဝသူက ပိတ်နေတယ်၊ အဓိကကတော့ ဒီတပ်မတော်အရာရှိတွေက တည်ဆဲဥပဒေတွေကို မလိုက်နာဘူး၊ တည်ဆဲဥပဒေတွေကို လိုက်နာလိုက်မယ်ဆိုရင် ဒီဘက်က သိမ်းဆည်းခံတောင်သူတွေနဲ့ သိမ်းဆည်းမြေတွေ ပြန်ရအောင် ကြိုးစားပေးနေတဲ့ မြေစစ်ကော်မတီဝင်တွေနဲ့ တပ်မတော်က သေသေချာချာ တွေ့ဆုံဆွေးနွေးလိုက်မယ်ဆိုရင် ဒါတွေက မပြေလည်စရာ အကြောင်းမရှိပါဘူး၊ ဒါပေမဲ့ တွေ့ဆုံဆွေးနွေးမယ့် ညှိနှိုင်းမယ့်အပေါက်တွေက ပိတ်နေတယ်၊ ကျနော်ကိုယ်တိုင် ပြည်ထဲရေးဝန်ကြီးဌာနတွေကို သွားဖူးပါတယ်၊ ပြည်ထဲရေးဝန်ကြီးနဲ့တွေ့ဖို့ အင်မတန်ခက်တယ်၊ ပြည်ထဲရေးဝန်ကြီးရဲ့ PSO နဲ့ပဲတွေ့ပြီး ကျနော်ပြန်ခဲ့ရတယ်၊ ဝန်ကြီးချုပ်ရဲ့ လက်မှတ်တော့ ကျနော်ပါတယ်နော်၊ အဲဒါကြောင့် ခက်ခဲတာချင်းတူတူမှာ ဌာနဆိုင်ရာ သိမ်းမြေ တွေက ပင်ပင်ပန်းပန်း ကြိုးစားလို့ရှိရင် ရနိုင်တယ်၊ တပ်သိမ်းမြေကိစ္စတွေက ကြိုးစားလို့မရနိုင်ဘူး"

သမ္မတ ဦးဝင်းမြင့် ပြောတဲ့အချက်တွေဟာ အောက်ခြေမှာ ကြုံတွေ့နေရတာတွေနဲ့ တစ်ထပ်တည်းဖြစ်နေတာကို တွေ့ရတယ်လို့လည်း ဦးအောင်ကျော်ကျော် က အခုလို ဆက်ပြောပါတယ်။

"သူ့မှာတကယ့် ထောက်လှမ်းရေး ကောင်းကောင်းအဖွဲ့တစ်ခု ရှိပုံရတယ်၊ ဘာလို့ဆို သူပြောတဲ့အချက်တွေ တော်တော်များများက မှန်တာကို တွေ့ရတယ်၊ တိုင်းဒေသကြီးအဆင့်မှာဆိုရင် ညွှန်ကြားရေးမှူးတွေ၊ ဌာနဆိုင်ရာ တွေက ဝန်ကြီးတွေကို လွှမ်းမိုးနေတယ်ဆိုတဲ့ အချက်မျိုးတွေ၊ ကျနော်တို့ မကွေးတိုင်းကသာ ဝန်ကြီးချုပ်က အဆင်ပြေပေမယ်လို့ တစ်ခြားတိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေက တော်တော်အဆင်မပြေတာကို ကျနော်လည်း ကြားနေရတယ်လေ၊ ပုံစံအမျိုးမျိုးနဲ့ အဆင်မပြေတာကို ကြားနေရတယ်၊ သမ္မတ ပြောတဲ့စကားက မှန်တယ်"

ဒါ့အပြင် အုပ်ချုပ်ရေးယန္တရားဟာလည်း တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုတဲ့ အုပ်ချုပ် ရေးစနစ် ဖြစ်စေလိုကြောင်း၊ အုပ်ချုပ်ရေးစီမံခန့်ခွဲမှုဟာ ပြည်သူကို ဖိနှိပ်ချုပ်ခြယ်တဲ့ ပြည်သူကိုနှိပ်စက်တဲ့ ယန္တရား မဖြစ်စေချင်ကြောင်း သမ္မတ ဦးဝင်းမြင့် က မော်လမြိုင်မြို့မှာ သတိပေးပြောကြားခဲ့ပါတယ်။

ဒီပြောကြားချက်နဲ့ပတ်သက်ပြီး တိုင်းနဲ့ပြည်နယ်တွေက ပြည်သူတွေ တင်မြှောက်ထားတဲ့ ထိပ်ပိုင်းခေါင်းဆောင် တွေအနေနဲ့ လက်အောက်က ဌာနဆိုင်ရာတွေနဲ့ ဘယ်လို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမလဲဆိုတာ သိထားဖို့ လိုကြောင်း ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာ က အခုလို ထောက်ပြပါတယ်။

"အုပ်ချုပ်ရေးလို့ပြောရင် ထိပ်ပိုင်းမှာ ပြည်သူတွေ တင်မြှောက်ထားတဲ့သူတွေရှိတယ်၊ ဒါပေမဲ့ သွားနေရတာက ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ကိုး၊ ဆိုတော့ တိုင်းနဲ့ပြည်နယ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ ကိုယ့်လက်အောက်မှာရှိနေတဲ့ အုပ်ချုပ်ရေးယန္တရားရဲ့ အနေအထားကို ကောင်းကောင်း သဘောပေါက်ထားမယ် ဆိုရင်တော့ ဘယ်လိုကိုင်တွယ်ထိန်းကျောင်းပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မလဲဆိုတာ သဘောပေါက်နိုင်မယ်၊ ကိုယ်တွေက ခုမှ ဒီနေရာကို တာဝန်ယူတယ်၊ သူတို့က ဒီနေရာတွေမှာ နှစ်ပေါက်နေပြီ၊ လက်ရှိအခြေအနေတွေကို သူတို့က ကိုယ့်ထက်ပိုပြီး ကျေကျေလည်လည် သိတယ်၊ အဲဒီအပေါ်မှာ ကိုယ်တွေက လွှမ်းမိုးနိုင်ဖို့လိုတယ်"

ဒီဇင်ဘာ ၁၅ ရက် မနေ့က သမ္မတ ဦးဝင်းမြင့်ဟာ ဘားအံမြို့မှာ ကရင်ပြည်နယ်က မဏ္ဍိုင်ကြီး ၃ ရပ်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာမှာ ပြောကြားသွားတာတွေနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့ မွန်တိုင်းရင်း သားရေးရာဝန်ကြီး ဦးမင်းတင်ဝင်း က အခုလို ပြောပါတယ်။

"တိုင်းပြည်တွင်းမှာရှိနေတဲ့ မဏ္ဍိုင်ကြီး ၃ ရပ် တစ်ယောက်နဲ့တစ်ယောက် လွှမ်းမိုးသွားတာတို့၊ တစ်ယောက်နဲ့ တစ်ယောက် အမိန့်အာဏာပေးတာတို့ မလုပ်ကြဖို့ အဓိက တားတယ်၊ တရားရေးမဏ္ဍိုင်သည် အမြဲတမ်း ခိုင်မြဲတည့်မတ်ဖို့ လိုတယ်၊ ခြစားနေတယ်ဆိုရင် တိုင်းပြည်အတွက် အခြေအနေမကောင်းဘူး အဲတာတွေ အဓိက ပြောတယ်"

လက်ရှိမြန်မာနိုင်ငံရဲ့ တရားစီရင်ရေးအပိုင်းဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း သွားနေရတာကြောင့် ဒီမိုကရေစီစနစ်ကို ဦးတည်မောင်းနှင်နေတဲ့ အစိုးရအတွက် ကိုက်ညီမှုမရှိဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး က သုံးသပ်ပြပါတယ်။

"ကျနော်တို့နိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်က သွားရတယ်၊ အဲဒါဟာ နိုင်ငံတကာဥပဒေတွေ ရှုထောင့်ကပြောရင် စစ်တပ်အသားပေး ဖွဲ့စည်းပုံဖြစ်တယ်၊ အဲဒီအောက်မှာ မောင်းနှင်နေတဲ့ အစိုးရကတော့ ဒီမိုကရေစီ အစိုးရဖြစ်တယ်၊ အဲဒီ ၂ ခုက မကိုက်ဘူးပေါ့နော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်ခဲ့တဲ့ အရင်အစိုးရကလည်း စစ်တပ်တစ်ပိုင်းအစိုးရပဲလေ ဆိုတော့ သူတို့ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေ၊ တရားစီရင်ရေးစနစ် တွေဟာ စစ်အာဏာရှင်စနစ်ကို ကာကွယ်တဲ့ဥပဒေတွေနဲ့ စစ်အာဏာရှင်စနစ်က ဆန့်ကျင်သူတွေကို ဖိနှိပ်ချုပ်ခြယ်တဲ့ ဥပဒေတွေပဲဖြစ်နေတယ်"

ဒါ့အပြင် သမ္မတရဲ့ ပြည်တွင်းခရီးစဉ်တွေမှာ ပြည်သူတွေက တိုင်ကြားစာတွေ လာပေးလေ့ရှိတဲ့အတွက် အခုနောက်ပိုင်း တိုင်ကြားစာ လက်ခံတဲ့ဌာနတွေ ဖွင့်လှစ်ပြီး လက်ခံကြပါတယ်။

မော်လမြိုင်ခရီးစဉ်မှာ တိုင်ကြားစာ ၇၀ ကျော် ရရှိခဲ့ပြီး ဘားအံခရီးစဉ်မှာတော့ တိုင်ကြားစာ ၅၀ ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။

တိုင်ကြားတဲ့ကိစ္စတွေဟာ ဌာနဆိုင်ရာတွေက အရေးယူဆောင်ရွက်မှု အားနည်းတဲ့အရေးကိစ္စတွေ ဖြစ်တယ်လို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်း က ပြောပါတယ်။

တိုင်ကြားစာတွေမှာ တပ်မတော်က သိမ်းဆည်းထားတဲ့ မြေယာပြသနာတွေ၊ တရားရုံးတွေရဲ့ ဆုံးဖြတ်ချက် တွေကို မကျေနပ်တာ၊ မြေစာရင်းဌာနတွေက မြေယာပိုင်ဆိုင်မှု ထုတ်ပေးတာတွေကို မကျေနပ်တာစတဲ့ ကိစ္စတွေကို အများစု တိုင်ကြားကြတယ်လို့လည်း သိရပါတယ်။

သမ္မတ ဦးဝင်းမြင့် ဟာ သမ္မတ တာဝန်ယူပြီးနောက်ပိုင်း အခုရက်ပိုင်းသွားခဲ့တဲ့ မွန်နဲ့ ကရင်အပြင် ရှမ်း၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ ရန်ကုန် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို သွားရောက်ခဲ့ပြီး မဏ္ဍိုင်ကြီး ၃ ရပ်နဲ့ တွေ့ဆုံကာ ထိန်းကျောင်းမှုတွေ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။