တရုတ်ရင်းနှီးမြှုပ်နှံမှု နောက်ကွယ်ကပြဿနာများ


2019.04.23
dassk-china-president-622 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတရှီးကျင်ပင်းတို့ ဘေဂျင်းမြို့မှာ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ဆုံစဉ်
Photo:Myanmar State Counsellor Office

(Center for a New American Security (CNAS ) အမေရိကန်လုံခြုံရေးရာသစ် ဌာနက ထုတ်ပြန်လိုက်တဲ့ “တရုတ်နိုင်ငံရဲ့  ရပ်ဝန်းနဲ့ ပိုးလမ်းမဆိုင်ရာ အစီရင်ခံစာ”၊  တရုတ်ရင်းနှီးမြုပ်နှံမှု ပြဿနာ အကဲစမ်းချက်နဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။)

တရုတ်ရင်းနှီးမြှုပ်နှံမှု နောက်ကွယ်ကပြဿနာများ
~~~~~~~~~~~~~~~~~~~~
(စမ်းစမ်းတင်)

■ Belt and Road  ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်းအတွက် တရုတ်နိုင်ငံက ဝင်ရောက် ရင်းနှီးမြုပ်နှံတဲ့ နိုင်ငံတွေမှာ အကဲစမ်းစရာ ဘုံပြဿနာတွေ ရှိတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် Center for a New American Security (CNAS ) အမေရိကန်လုံခြုံရေးရာသစ် ဌာနက ပြောကြားလိုက်ပါတယ်။ ဒီလထဲ ထုတ်ဝေတဲ့ Grading China’s Belt and Road “တရုတ်နိုင်ငံ၏ ရပ်ဝန်းနဲ့ပိုးလမ်းမကို သုံးသပ်ခြင်း” အစီရင်ခံစာသစ်မှာ အဲဒီလို ဖော်ပြတာပါ။

အကဲစမ်းစရာ ပြဿနာ ခုနှစ်ခုကို ဖော်ပြထားတာ ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ပြဿနာ ခုနှစ်ရပ်စလုံး ရှိတဲ့အတွက် အဆိုးဝါးဆုံးဖြစ်ပြီး ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းမှာ မဟာဓာတ်အားပေးလိုင်း စီမံချက်တွေလည်း ပါဝင်တာမို့ လက်တင်အမေရိကတိုက်၊ အီကွေဒေါနိုင်ငံက Coca Codo Sinclair ရေအားလျှပ်စစ် ရေကာတာစီမံကိန်းက ပြဿနာ ခြောက်ခုနဲ့ ဒုတိယလိုက်ပါတယ်။

CMEC လို့ အတိုကောက်ခေါ်တဲ့ တရုတ်-မြန်မာစီးပွားရေး စြင်္ကန်ရဲ့ အစိတ်အပိုင်းတရပ်အနေနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ဖော်ဆောင်ဖို့ ဒေါ်လာ ၁ဝ ဘီလျံ အကုန်အကျခံမယ့် ဖွံ့ဖြိုးရေးစီမံချက်ကို ၂ဝ၁၆ က သဘောတူခဲ့ပါတယ်။ အာရှကကျားကြီး တရုတ်နိုင်ငံဟာ ကြွယ်ဝချမ်းသာလာတာနဲ့ အမျှ ၂ဝ၁၃မှာ စတင်တဲ့ One Belt One Road စီမံကိန်းနဲ့ စီးပွားရေး အကွက်အကွင်းတွေ ဖော်ဆောင်တာအပြင် သူ့အရှိန်သြဇာပါ ပြသပါတယ်။ တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇောကတော့ ၁၉၉ဝ ပြည့်နှစ်ပိုင်းတွေမှာ ဂျပန်တို့ တောင်ကိုရီးယားတို့ တခေတ်ဖြစ်ခဲ့ပြီး ခုတော့ တရုတ်ခေတ် ဖြစ်နေပါတယ်။ တရုတ်အစိုးရကိုယ်တိုင် ချမ်းသာနေတာလို့ ပြောပါတယ်။

CNAS အစီရင်ခံစာမှာ ဖော်ပြတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေရဲ့အကဲစမ်းတဲ့ ပြဿနာ ခုနှစ်ရပ်မှာ ပထမဆုံးအချက်က အမျိုးသားအချုပ်အခြာ ပွန်းပဲ့ခံရခြင်း ဖြစ်ပါတယ်။ တရုတ် အစိုးရပိုင် CITIC - China International Trust Investment Corporation ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းဟာ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် ထူထောင်ဖို့ ၂ဝ၁၆ ခုမှာ သဘောတူညီချက် ရရှိခဲ့ပါတယ်။ ဆိပ်ကမ်းကို တရုတ်က အနှစ် ၅ဝ ပိုင်ဆိုင်ခွင့်ရပြီး နောက် ၂၅ နှစ် သက်တမ်းတိုးနိုင်ပါတယ်။

ဒုတိယ အကဲစမ်းချက်ကတော့ ပွင့်လင်းမြင်သာမှု မရှိခြင်းပါပဲ။ ဒါကလည်း ဦးသိန်းစိန်အစိုးရအဖွဲ့ တာဝန်က မနုတ်ထွက်ခင် နောက်ဆုံးအချိန်မှ ကပ်ပြီး စေ့စပ်ဆွေးနွေးသွားတာလို့ အစီရင်ခံစာက ဖော်ပြပါတယ်။ တတိယပြဿနာက ဘဏ္ဍာရေးကိစ္စပါ။ ကုန်ကျစရိတ်နဲ့ ကြွေးမြီပြန်ဆပ်ရမှာမို့ ဆိပ်ကမ်းစီမံချက်ကို အချိုးအစားပြောင်းပြီး  နဂိုက ၇ ဒဿမ ၃ ဘီလျံလျာထားရာက အဆင့်လေးဆင့်မှာ ပထမအဆင့်ကို ဒေါ်လာ ၁ ဒဿ မ ၃ ဘီလျံနဲ့ စတင်ပါတယ်။ ဒါတောင် CMEC မှာ GDP  ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုရဲ့ သုံးပုံတပုံနဲ့ ညီမျှတဲ့ ဒေါ်လာ ၂၃ ဘီလျံ နစ်နေသေးပါတယ်။

နောက်အကဲစမ်းတဲ့ ပြဿနာကတော့ စီမံချက်ရှိတဲ့ နေရာတိုင်းက ဒေသခံတွေ လက်တွေ့ခံစားနေရတဲ့ ဒေသခံတွေ မပါဝင်ရတဲ့ စီမံကိန်းဖြစ်တာပါပဲ။ ကျောက်ဖြူအထူး စီးပွားရေးဇုန်ကနေ ၂ဝ၂၅ အရောက်မှာ အလုပ်အကိုင် တသိန်းကျော်ဖန်တီးနိုင်ပြီး စီမံခန့်ခွဲရေးပိုင်း ၉ဝ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသားတွေအတွက် လျာထားတယ်ပြောပေမယ့် မယုံကြည်ရလောက်ဘူးလို့ ၂ဝ၁၈ ဇူလိုင်လ ၈ ရက်နေ့ထုတ် The Straits Time သတင်းစာကို ကိုးကားပြီး အစီရင်ခံစာက ဖော်ပြပါတယ်။

နောက်တခုကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ မပြတ်ပြောနေတဲ့ ပထဝီနိုင်ငံရေး ပြဿနာပါ။ ကျောက်ဖြူဆိပ်ကမ်းဟာ တရုတ်နိုင်ငံအတွက် အလွန်အရေးပါတဲ့ မဟာဗျူဟာ အခင်းအကျင်းတရပ်ဖြစ်ပါတယ်။ ဒီဆိပ်ကမ်းရှိတဲ့အတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက် ခရီးပေါက်ပါတယ်။ ဒါတင်မက အရင်တုန်းကလို မလက္ကာရေလက်ကြားကို အားမကိုးရတော့ဘဲ တရုတ်ကို ရေနံ တင်သွင်းလို့ရသွားပါတယ်။ ဒါ့အပြင် အိန္ဒိယသမုဒ္ဒရာမှာ PLA Navy လို့ခေါ်တဲ့  ပြည်သူ့လွတ်မြောက်ရေး ကြည်းတပ်၊ ရေတပ် လှုပ်ရှားလို့ ရနိုင်သွားပါမယ်။ မြန်မာနိုင်ငံကို အလယ်မှာထားပြီး အမေရိကန်ပြည်ထောင်စုနဲ့ သူ့မဟာမိတ်တွေ သူ့အပေါင်းအပါတွေနဲ့ တရုတ်နိုင်ငံ ဒေသတွင်း အားပြိုင်ဖို့ ဖြစ်လာပါမယ်။

နောက်ပြဿနာကတော့ သဘာဝပတ်ဝန်းကျင်ရေးရာ ဖြစ်ပါတယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကြောင့်  ရခိုင်ပြည်နယ်က ဒေသခံနှစ်သောင်းကျော် နေရပ်က ရွှေ့ပြောင်းရမယ်လို့ ICJ လို့ ခေါ်တဲ့ နိုင်ငံတကာဥပဒေပညာရှင်များအဖွဲ့က ခန့်မှန်းထားပြီး ပတ်ဝန်းကျင်ဘယ်ရွေ့ဘယ်မျှ ညစ်ညမ်းမယ်ဆိုတာ အနည်းအကျဉ်းပဲ သိရမယ်ဆိုပါတယ်။ Last but not least  ဆိုသလို ပြဿနာ ခုနှစ်ရပ်မှာ နောက်ဆုံးက ဖြစ်ပေမယ့် ရှေ့ကတင်ပြတဲ့ ကိစ္စရပ်တွေနဲ့ တန်းတူရည်တူ ရှိနေတဲ့  ပြဿနာကတော့ အဂတိလိုက်စားမှုပဲ ဖြစ်ပါတယ်။ TRACE Bribery Risk Matrix ဆိုတဲ့ နိုင်ငံတကာအဂတိလိုက်စားမှု အဖွဲ့ညွှန်းကိန်းမှာ နိုင်ငံ၂ဝဝ မှာ မြန်မာနိုင်ငံက ၁၅၈ အဆင့်မှာ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။