ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ အနိုင်ရ လားရှိုးအမတ်လောင်းတွေရဲ့ ကတိ
2020.11.13
ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ကျရာအခန်းကဏ္ဍကနေ လုပ်ဆောင်မယ်လို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် က ပြောထားပါတယ်။
ပြီးခဲ့တဲ့ အစိုးရ ငါးနှစ်တာ သက်တမ်းအတွင်း လူထုနဲ့ ထိတွေ့မှုနည်းတယ်လို့ ဝေဖန်ခံနေရတဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် ဟာ လားရှိုး ပြည်နယ်အမှတ် (၁) မဲဆန္ဒနယ်ကနေ ပြန်လည် အနိုင်ရခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ အနိုင်ရရင် သူ့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ပေးအပ်တဲ့နေရာကနေ စွမ်းဆောင်မယ်လို့ ပြောခဲ့ပါတယ်။
"အနိုင်ရရင်တော့ ကျွန်တော်တို့အနေနဲ့က နံပါတ်တစ် ပြည်သူလူထုအများစုကြီး မျှော်လင့်နေကြတဲ့ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေကို လူထုသဘောကျ၊ လူထုစိတ်တိုင်း ကျ ပြုပြင်ပြင်ဆင်နိုင်ရေးအတွက် ကျွန်တော် ကျရာ အခန်းကဏ္ဍကနေ စွမ်းစွမ်းတမံကြိုးစားသွားပါမယ်။ ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကို မောင်နှမများနဲ့ စားပွဲဝိုင်းမှာ အတူထိုင်ပြီးတော့ ကျွန်တော်တို့ညီအစ်ကိုတွေအားလုံး ငြိမ်းငြိမ်းချမ်းနဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်သွားနိုင်တဲ့အထိ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးကို ရရှိအောင်ဆောင်ရွက်သွားပါမယ်။ ကျန်တဲ့တာဝန်တွေကတော့ ကျွန်တော်တို့ အစိုးရအဖွဲ့ ဒါမှမဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စာလှယ်တစ်ယောက်ရဲ့ တာဝန်ဝတ္တရာဖြစ်တဲ့ ကိုယ့်ရပ်ရွာဒေသနဲ့တကွ ပြည်ထောင်စုကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားပါမယ်လို့ ဖြေကြားလိုပါတယ်။"
လူထုနဲ့ထိတွေ့မှု အားနည်းခဲ့တဲ့အပေါ် ဝေဖန်မှုရှိနေတဲ့အခြေအနေပတ်သက်ပြီး မေးမြန်းရာမှာ သူ့အနေနဲ့ အားနည်းချက်တွေကို ပြင်ဆင်သွားမယ်လို့ ပြောပါတယ်။
"ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ သက်တမ်းဟာ အားလုံးသိကြတဲ့အတိုင်း ၂၀၂၁ မတ်လ ၃၁နေ့ အထိ ကျန်ပါတယ်။ အဲဒီကျန်တဲ့သက်တမ်းမှာရော၊ တကယ်လို့အရွေးချယ်ခံရရင် နောက်သက်တမ်းမှာရော၊ လူထုမကြိုက်တဲ့ လူထု အားမရတဲ့အချက်တွေကို ထပ်မံပြီးတော့ ပြင်ဆင်ပြီးတော့ ထပ်မံပြီးတော့ အားဖြည့်ပြီးတော့ ကြိုးစားသွားပါမယ်လို့ ဖြေကြားလိုပါတယ်။"
လားရှိုးခရိုင် အမျိုးသားလွှတ်တော်နေရာကနေ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းမွမ်စိန် ကတော့ ဒေသအတွင်း မြေယာပြဿနာတွေကို အဓိကထား ဖြေရှင်းနိုင်ဖို့ ဆောင်ရွက်မယ်လို့ ပြောပါတယ်။
"အဓိကကတော့ ကျွန်မတို့မြေယာ၊ ကျွန်မတို့ တိုင်းရင်းသားတွေ အဓိကအသက်သွေးကြောက မြေပဲ။ မြေယာပိုင်ဆိုင်မှုတွေ ကျွန်မတို့လုပ်မယ်။ အကာအကွယ် လုံးဝအာမခံချက်ပေးနိုင်တဲ့ ဥပဒေတွေ ပေါ်ထွန်းလာဖို့ ကျွန်မတို့ ကြိုးစားမယ်။ ဒီ့အတွက်လည်း ကျွန်မတို့မှာ ချိတ်ဆက်ထားတဲ့ အသိုင်းအဝိုင်း ရှိတယ်လို့ ကျွန်မယုံကြည်တယ်။ ပြီးရင် နောင်လာလတ္တံ့ စီမံကိန်းကြီးတွေပေါ်မှာလည်း ကျွန်မ အထူး စိတ်ဝင်စားတယ်။ ဟိုဟာပေါ့။ လူမှုဘဝတရာမျှတမှုရှိဖို့ ကျွန်မတို့ အဓိကထားပြီး လုပ်မယ်။ ကိုယ်ကျိုးမဖက် စတမ်း၊ ကျွန်မတို့ပါတီကနေလည်း အထူးအလေးထားတာ ရှိတယ်။ တိုင်းရင်းသားရယ်လည်း မဟုတ်ဘူး။ ကျွန်မတို့နိုင်ငံသားအားလုံးအတွက် အကျိုးပေါ့နော်၊ ကျွန်မတို့ တကယ့်ကို စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းဖို့ တကယ့်ကို တန်းတူညီမျှတဲ့အခွင့်ရေး ရဖို့ဆိုတာက တစိုက်မတ်မတ်ကို လုပ်ရမယ့်ကိစ္ စဖြစ်တယ်ပေါ့နော်။"
ရှမ်းပြည်နယ် မြောက်ပိုင်းဟာ တရုတ်-မြန်မာ နယ်စပ်မှာရှိတာဖြစ်ပြီး နှစ်နိုင်ငံအကျိုးတူ ဆောင်ရွက်တဲ့ စီမံကိန်းတွေမှာ ဒေသခံတွေနဲ့ မြေယာပြဿနာ မကြာခဏ ကြုံရတာရှိပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့နယ်အတော်များများမှာ တပ်သိမ်းမြေပြဿနာတွေ မြေယာအငြင်ပွားမှုပြဿနာတွေဟာ ဖြေရှင်းဖို့ ကျန်နေပါသေးတယ်။
လားရှိုးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ပြည်သူ့လွှတ်တော်နေရာမှာ အနိုင်ရခဲ့တဲ့ ဦးစိုင်းရင်ထွန်းကတော့ သူ့အနေနဲ့ ဒေသဖွံဖြိုးရေး၊ မှုခင်းကျဆင်းရေးတွေကို အဓိကထား လုပ်ဆောင်မယ်လို့ ပြောပါတယ်။
"မှုခင်းကျဆင်းရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ လားရှိုးမြို့မှာ မကြာခဏ ကြားရပါတယ်။ ရေကန်တောင်မှာ ဓါးခုတ်မှုတွေ မကြာခဏဖြစ်တယ်ပေါ့ဗျာ၊ ဆိုင်ကယ်စီးရင်း အိတ်တွေဆွဲခံရတာတွေ အများကြီးရှိတာပေါ့နော်။ ဒါလေးတွေလည်း ကျွန်တော်တို့က ဆောင်ရွက်ချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံကို ကျွန်တော်တို့က ပြန်လည်ပြီးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်အောင် တစ်ထောင့်တစ်နေရာကနေ ပါဝင် ဆောင်ရွက်ချင်ပါတယ် ကျွန်တော့်ဆန္ဒရှိပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့က တိုင်းရင်းသားဒေသ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးကို တခြားပြည်မမှာရှိတဲ့ ပြည်သူတွေထက် ကျွန်တော်တို့ ဒီမှာရှိတဲ့ပြည်သူတွေက ပိုပြီးမှ လိုလားတောင့်တကြပါတယ်။ ကျွန်တော်တို့ရဲ့ ပါတီရဲ့ မူအရလည်း ဒါ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်လည်း ရှိပါတယ်။ အဲဒီရည်ရွယ်ချက် ကိုလည်း ကျွန်တော်တို့က တစ်ထောင့်တစ်နေရာကနေ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်ပေါ့နော် အားလုံး ဝိုင်းဝန်းပြီးတော့ ကူညီဆောင်ရွက်ပေးချင်တဲ့ဆန္ဒရှိပါတယ်။"
ပြည်နယ်မဲဆန္ဒနယ် (၂) ကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ ဒေါ်ရီရီမင်းကတော့ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရတဲ့အခြေအနေအပေါ် ဥပဒေအကာအကွယ် ရစေချင်တာလို့ ပြောပါတယ်။
"ကျွန်မတို့ ဒီလားရှိုးမြို့မှာဆိုရင်လည်း ကျွန်မကိုယ်တိုင်က တရားလွှတ်တော်ရှေ့နေအဖြစ် ဆောင်ရွက်နေတော့ ကျွန်မအမှုတွေ လိုက်ပါဆောင်ရွက်ရတယ်ပေါ့၊ အဲဒီမှာ ကျွန်မတို့ အိမ်တွင်းအကြမ်းဖက်မှု လေးတွေပေါ့နော်၊ အမျိုးသမီးတွေ အိမ်ထောင်ရှင်မတွေ ကြုံတွေနေရတာရှိပါတယ်။ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်မက တရား ဥပဒေ စိုးမိုးဖို့အတွက်ကို ကျွန်မက ဆောင်ရွက်ချင်တာပါ။ တရာဥပဒေစိုးမိုမှသာလျှင် ကျွန်မတို့ကဒါ ပျော်ရွှင်ပြီးတော့ သာယာတဲ့ ဖွံ့ဖြိုးမှုကို ဆောင်ရွက်လို့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မကဝင်ပြိုင်တာပါရှင်။"
၂၀၂၀ ရွေးကောက်ပွဲမှာ လားရှိုးမြို့နယ်အတွင်း မဲပေးနိုင်သူ နှစ်သိန်းကျော်မှာ ၅၆% လောက် မဲပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းမှာတော့ မဲပေးခွင့်ရှိသူ ဆယ့်လေးသိန်းကျော်ရှိခဲ့ပြီး မဲပေးသူအရေအတွက်က ၆၀% လောက် ရှိခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူက ပြောပါတယ်။
ရွေးကောက်ပွဲမှာ လွှတ်တော်သုံးရပ်အတွက် ပါတီပေါင်း နှစ်ဆယ်ကျော်က ကိုယ်စားလှယ်လောင်း သုံးရာကျော် ဝင်ပြိုင်ခဲ့တာပါ။ တိုင်းရင်းသားနေရာ ခုနှစ်ခုအတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ် လေးဆယ်ကျော် ရှိခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း NLD ပါတီ၊ SNLD ပါတီ၊ ကြံခိုင်ဖွံ့ဖြိုးရေးပါတီတွေက ကိုယ်စားလှယ်လောင်းနေရာ အများဆုံးရခဲ့ပြီး တအာင်းပလောင်ပါတီကလည်း သူတို့ ဝင်ပြိုင်တဲ့နေရာတွေမှာ အများစု အနိုင်ရထားပါတယ်။
ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ သူတို့ကတိကဝတ်တွေကို မဲဆန္ဒရှင်တွေအတွက် ဘယ်လောက်အထိ အကောင်အထည်ဖော်နိုင်မလဲ ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)