ဦးဝှေ့တင်းကို ပြန်လွှတ်ပေးရေးအဆို လွှတ်တော်မှာ ဆွေးနွေး
2019.11.18

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါက်တာ လှမိုး တင်သွင်းတဲ့ အရေးကြီး အဆိုနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ မူလလျာထားတာက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး အပါအဝင် ၂၈ ဦးက ဆွေးနွေးဖို့ ဖြစ်ပေမယ့် ဒီနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာတော့ ကိုယ်စားလှယ် ရှစ်ဦးသာ ဆွေးနွေးဖြစ်ခဲ့တာပါ။
အရေးကြီးအဆိုကို ဆွေးနွေးကြရာမှာလည်း ရခိုင်အမတ်တချို့နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အမတ်တစ်ဦးတို့က အဆိုအပေါ် ဝေဖန်ထောက်ပြ ဆွေးနွေးတာတွေလည်း ရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒက လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဒီအဆိုဟာ တစ်ဦးတစ်ယောက်ထဲအတွက် ရည်ညွှန်းတဲ့အဆိုဖြစ်နေပြီး တိုက်ပွဲတွေကြားမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် ထည့်သွင်းစဉ်းစားတာမရှိဘူးလို့ ပြောပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးကလည်း ဒီအရေးကြီးအဆိုဟာ ဦးဝှေ့တင်းကို ဖမ်းဆီးထားခြင်းအတွက်သာ AA အပေါ် ကန့်ကွက်ရှုံ့ချတာဖြစ်နေကြောင်း ကိုယ်စားလှယ်အတွက်သာ ကန့်ကွက်ရှုံ့ချတာဖြစ်နေတဲ့အတွက် အခုထက်သင့်လျော်တဲ့အဆို ဖြစ်သင့်ကြောင်း လွှတ်တော်မှာ ထောက်ပြပြောဆိုပါတယ်။
အရေးကြီးအဆိုကို တင်သွင်းခဲ့သူ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မဲဆန္ဒနယ်က လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမိုးက ဒီအဆိုဟာ ဝေဖန်နေကြသလို တစ်ဦးတစ်ယောက်ထဲကို ရည်ရွယ်ပြီး တင်ခဲ့တာမဟုတ်ကြောင်း လွှတ်တော်အစည်းအဝေးအပြီးမှာ ပြောပါတယ်။
ချင်းပြည်နယ် မတူပီမဲဆန္ဒနယ်က လွှတ်တော် ကိုယ်စားလှယ် ဦးပါထန်းကတော့ ဦးဝှေ့တင်းအပေါ် AA က စွပ်စွဲထားတာတွေဟာ မှန်ကန်မှုမရှိကြောင်း လွှတ်တော်မှာ ပြောခဲ့ပါတယ်။
၂၀၁၉ ခုနှစ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲပြင်းထန်လာတဲ့အတွက် တပ်မတော်က ပလက်ဝမြို့နယ်မှာ ဆန်တင်သွင်းမှုကို ကန့်သတ်လိုက်တဲ့အတွက်ကြောင့် စားနပ်ရိက္ခာပြတ်လတ်မှုဖြစ်လာလို့ ဦးဝှေ့တင်းက လွှတ်တော်ကိုယ်စားလှယ် ဖြစ်တာနဲ့အညီ ပြည်သူတွေအခက်အခဲကိုပြေလည်စေဖို့ မြို့နယ် ထွေအုပ်ပူးပေါင်းပြီး ဆန်သယ်ယူခွင့်ရရှိရေး တပ်မတော်နဲ့ ညှိနှိုင်းပေးခဲ့တာသာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
အရေးကြီးအဆိုနဲ့ ပတ်သက်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်ဆွေးနွေးခြင်းမရှိခဲ့သလို အရေးကြီးအဆိုကို လျှို့ဝှက်မဲစနစ်နဲ့ မဲခွဲဆုံးဖြတ်ရာမှာလည်း ၁၉၀ ဦးက မဲပေးခြင်းမရှိတဲ့အတွက် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေ မဲပေးခဲ့ခြင်း မရှိဘူးလို့ ယူဆနေကြတာတွေလည်းရှိပါတယ်။
ဒါနဲ့ ပတ်သက်ပြီး တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဗိုလ်မှူးချုပ် မောင်မောင်ကို မီဒီယာတွေက မေးမြန်းခဲ့ပေမယ့် ဖြေကြားခြင်းမရှိခဲ့ပါဘူး။
ဒေါက်တာ လှမိုးရဲ့ အရေးကြီး အဆိုကို လွှတ်တော်က မဲခွဲရာမှာ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၅၇၆ ရှိတဲ့အနက်က ထောက်ခံ ဆန္ဒမဲ ၃၇၆ မဲ ၊ ကန့်ကွက် ဆန္ဒမဲ ၇ မဲနဲ့ ကြားနေ ၃ မဲ စုစုပေါင်း ၃၈၆ မဲသာရှိခဲ့ပြီး ကန့်ကွက်မှုတစ်ချို့ရှိပေမယ့် ထောက်ခံမဲ များတဲ့အတွက် အရေးကြီးအဆိုကို လွှတ်တော်က အတည်ပြုခဲ့ပါတယ်။
ချင်းပြည်နယ် ပလက်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း ဟာ အခုကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တက်ရောက်ဖို့ ဒီလ ၃ ရက်နေ့က ပလက်ဝကနေ နေပြည်တော်လာရာလမ်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် နယ်စပ်မှာ ရက္ခိုင့်တပ်တော် AA ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။
ဦးဝှေ့တင်းနဲ့ အတူ ဖမ်းဆီးခံထားရတဲ့သူတွေကို အကုန်ပြန်လွှတ်ပေးလိုက်ပေမယ့် ဦးဝှေ့တင်းကတော့ ဒီနေ့အထိ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။