ရခိုင်မှာ စစ်တိုင်းမှူးအပြောင်းအလဲအပြီး တိုက်ပွဲပိုများလာ


2019.05.31
govt-army-622.jpg ကင်းလှည့်နေတဲ့ အစိုးရတပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်မှာ စစ်တိုင်းမှူးအပြောင်းအလဲလုပ်ပြီးတဲ့နောက် တိုက်ပွဲတွေပိုများလာတယ်လို့ သိရပါတယ်။ အဲဒီအကြောင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

~~~~~~~~~~~~

ရခိုင်မှာ စစ်တိုင်းမှူးအပြောင်းအလဲအပြီး တိုက်ပွဲပိုများလာ

(နေရိန်ကျော်)

■ ရခိုင်ပြည်နယ် ကျောက်တော်၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်တော်တို့ဟာ မေလ ၂၈၊ ၂၉ ၊ ၃ဝ ရက်နေ့နဲ့ ဒီနေ့ ၃၁ ရက်နေ့မှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေပြီး၊ နှစ်ဖက်ထိခိုက်ဒဏ်ရာရတာတွေ ရှိနေတယ်လို့ သတင်းရရှိပါတယ်။

မေလ ၂၆ ရက်နေ့မှာ မြန်မာ့တပ်မတော်က တိုင်းမှူးအပြောင်းအလဲ လုပ်လိုက်ပြီးတဲ့နောက် တိုက်ပွဲတွေ ပိုပြင်းလာတယ်လို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကအခုလိုပြောပါတယ်။

“ အသစ်ပြောင်းလာတော့ တိုက်ပွဲကတော့ ဆက်ပြီးပြင်းထန်တာပေါ့နော်။ နမခ ပေါ့၊ အနောက်မြောက်ပိုင်းစစ်ဌာနချုပ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြောင်းလိုက်တာပေါ့။ အဓိကကတော့ ဒီမေလထဲက တိုက်ပွဲတွေမှာ သူတို့ဖက်က အကျအဆုံးတွေများတယ်။ အဲဒါကြောင့်ပြောင်းတာလို့ပဲ ကျနော်တို့က သုံးသပ်ထားတယ်။”

အနောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နိုင်ကို အနောက်မြောက်ပိုင်းတိုင်းကို ရွှေ့လိုက်ပြီး၊ အဲဒီဒေသက ဗိုလ်ချုပ်ဘုန်းမြတ်ကို အနောက်ပိုင်းတိုင်းကို ရွှေ့လိုက်တာပါ။

“ကျနော်တို့ဆီက တိုင်းမှူးတွေ အပြောင်းအလဲလုပ်တယ်ဆိုတာ လိုအပ်ချက်အရလုပ်တာဖြစ်ပါတယ်။ လုပ်ရိုးလုပ်စဉ်တခုပါပဲ။ သူ့ရဲ့အဓိကတာဝန်ထမ်းဆောင်ခဲ့မှု အနေအထား၊ နယ်မြေကျွမ်းကျင်မှုအပေါ် ဆောင်ရွက်တာ” လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကိုပြောပါတယ်။

အဲဒီနောက် တိုက်ပွဲတွေနေ့စဉ်ဖြစ်လာပြီး၊ မေလ ၃ဝရက် မနေ့ကဆိုရင် ကျောက်တော်မြို့နယ် မဟာမုနိဘုရားအရှေ့ဘက် ရမ်းချောင်းမှာ တိုက်ပွဲဖြစ်ပြီး မြန်မာ့တပ်မတော်ဘက်က အကျအဆုံး တွေရှိတယ်လို့  AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အခုလိုပြောပါတယ်။

“ ရမ်းချောင်းထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ။ အဲဒီမှာ အင်အား ၁၅ဝ လောက်ရှိတဲ့ တပ်မ ၅၅ ရဲ့လက်အောက်ခံ ရန်သူ့စစ်ကြောင်းကို ကျနော်တို့ ရခိုင့်တပ်တော်ကွန်မန်ဒိုတွေက ဝင်တိုက်တာမှာ ဗမာစစ်တပ်ဘက်က ၃ဝ ဦးလောက်ကျပြီး ဒဏ်ရာရသူအများအပြားရှိခဲ့တယ်”

“အဲဒီတိုက်ပွဲမှာ AA ဘက်က အလောင်း နှစ်လာင်းရလိုက်တယ်။ အာပီဂျေတစ်လက်ရလိုက်တယ်” လို့ မြန်မာ့တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

မနေ့ကလည်း ရသေ့တောင်မြို့နယ်မှာ မြန်မာ့တပ်မတော်က ခမရ (၅၃၆)(၅၃၇)(၅၃၈) တပ်ရင်းတွေ ကနေ နေ့လည် ၁၂ နာရီကျော်ကနေ ည ၈ နာရီကျော်ထိ လက်နက်ကြီး အလုံးရေ (၁ဝဝ) ကျော် ပစ်ခတ်တိုက်ခိုက်တယ်လို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကပြောပါတယ်။

မေလ ၂၉ ရက်နေ့မှာတော့ ကျောက်တော်မြို့နယ် ညောင်ချောင်းရွာအရှေ့မှာတိုက်ပွဲဖြစ်ခဲ့တယ်လို့

AA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒါ့အပြင် မေလ (၂၆) ရက်နေ့က ပလက်ဝမြို့နယ်ထဲမှာ မြန်မာ့တပ်မတော်က စစ်ရေယာဉ် နှစ်စီးကို တိုက်လိုက်တယ်လို့ AA အဖွဲ့ကပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ မြန်မာ့တပ်မတော်ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ကျနော်တို့ရဲ့ စစ်ရေယာဉ်တစီး ပျက်စီးသွားတယ်။ အရာရှိနှစ်ယောက် သေဆုံးသွားတယ်” လို့ပြောပါတယ်။

အခုလို တိုက်ပွဲတွေ ပိုပြင်းလာသလို၊ တဖက်မှာလဲ AA ရခိုင့်တပ်တော်အပါအဝင် မြောက်ပိုင်းမဟာ မိတ်အဖွဲ့ လေးဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်၊ တပ်မတော်ကိုယ်စားလှယ်တို့ ဆွေးနွေးပွဲအတွက် နေရာညှိနှိုင်းနေကြပါတယ်။

အဲဒီဆွေးနွေးပွဲကို ဇွန်လထဲမှာ မဖြစ်မနေကျင်းပဖို့ရှိတယ်လို့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောထားတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။