ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနယ်စပ်က စစ်ကောင်စီတပ်စခန်းကြီးအချို့ကို AA သိမ်းပိုက်
2023.12.13

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲကာလဟာ ဒီဇင်ဘာ ၁၃ ရက် ဒီနေ့မှာ တစ်လပြည့်ခဲ့ပါပြီ။
ဒီတစ်လတာအတွင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တချို့အပြင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနယ်စပ်တွေမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး နယ်စပ်အနီးက စစ်ကောင်စီအတွက် အရေးပါတဲ့ တရွန်အိုင်၊ နှုံးဘူး၊ ဒုံးညို စတဲ့ တပ်စခန်းကြီးတွေကို သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန် ထားပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်းက တရွန်အိုင်ဗျူဟာနဲ့ နှုံးဘူးဗျူဟာဆိုရင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်နဲ့ ဆယ်မိုင်ကျော်လောက်သာ ကွာဝေးပြီး ကုလားတန်မြစ်ကြောင်းစီမံကိန်းအတွက်လည်း အဓိက အရေးပါတဲ့နေရာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အရေးပါတဲ့ ဒုံးညို၊ ခထီးလှတပ်စခန်းနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ ဒုံးပိုက်၊ ချိန်ခါလိန်စတဲ့ စစ်ကောင်စီတပ်ရဲ့ နယ်ခြားစောင့်တပ်စခန်းတွေကိုလည်း AA က တိုက်ခိုက်သိမ်းပိုက်ခဲ့ ပါတယ်။
ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စခန်းတွေဟာ စစ်ကောင်စီအတွက် အရေးပါတဲ့နေရာတွေဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရခိုင်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"အခု AA ကသိမ်းလိုက်တဲ့ တရိုင်အိုင်ဗျူဟာနဲ့ နှုံးဘူးဗျူဟာကတော့ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်နဲ့ အိန္ဒိယနိုင်ငံ ထွက်ပေါက်ပေ့ါ။ ကုလားတန်မြစ်ကြောင်း စီမံကိန်းရဲ့ အဓိကနေရာလည်းဖြစ်တယ်။ အခု မောင်တောမှာ သိမ်းထားတဲ့ ဒုံးညိုစခန်း ဆိုရင်လည်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ် ကင်းစခန်းတွေဖြစ်တယ်။ ဒီစခန်းတွေဟာ ပထဝီအနေအထားအရ အတော်လေးကို အရေးပါတဲ့စခန်းတွေ ဖြစ်တယ်။ နောက် ဒုံးပိုက်နဲ့ ချိန်ခါလိန်စခန်းတို့ဆိုရင်လည်း မောင်တော-စစ်တွေကားလမ်းကို ထိန်းချုပ်လိုက်နိုင်ပြီလို့ ပြောလို့ရတာပေါ့"
အဲဒီမြန်မာ-အိန္ဒိယနယ်စပ်မှာရှိတဲ့ တရွန်အိုင်ဗျူဟာနဲ့ နှုံးဘူးဗျူဟာကို နိုဝင်ဘာ ၁၄ ရက် နေ့ကစလို့ ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရက်ပေါင်း ၂၇ ရက်အကြာ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ AA က ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဒုံးညို၊ ခထီးလှနယ်ခြားစောင့်စခန်းနဲ့ ချိန်ခါလိန်၊ ဒုံးပိုက် စတဲ့ စခန်းတွေကိုတော့ တိုက်ပွဲစဖြစ်တဲ့ နိုဝင်ဘာလအတွင်းကမှာပဲ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး နောက်ထပ် စခန်း လေးဆယ်ကျော်ကိုလည်း သိမ်းပိုက်ထားတယ်လို့ ဆိုပါတယ်။
အခု တစ်ကျော့ပြန်တိုက်ပွဲမှာ နယ်စပ်ဒေသက တပ်စခန်းတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်တာတွေ့ရပြီး ဒါဟာ ရက္ခိုင့်တပ်တော် (AA) အနေနဲ့ နယ်စပ်ဒေသတွေကို စိုးမိုးပြီး စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ဖန်တီးလိုတဲ့ အခြေအနေ မြင်တွေ့ရတယ်လို့ ရခိုင် ဝါရင့်နိုင်ငံရေးသမား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက RFA ကို ပြောပါတယ်။
"ကျွန်တော့်အမြင်ကတော့ တိုက်ပွဲတွေ ဖြစ်နေတာက အိန္ဒိယနယ်စပ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ပေါ့။ အဲဒီလို နယ်စပ်ဒေသကို AA က စိုးမိုးထားပြီးတော့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးပေါ့နော်၊ သူ့ဘက်က ဖန်တီးလိုပုံရပါတယ်။ တစ်ဖက်က လွတ်မြောက်ဒေသ တည်ဆောက်မယ်ဆိုရင်လည်း အဲဒီ နယ်စပ်ဒေသတွေကို နောက်ခံထားပြီး တည်ဆောက်ရတာဖြစ်တဲ့အတွက် အဲဒီရည်ရွယ်ချက်လည်း ပါကောင်းပါနိုင်တယ်။ ဒါကြောင့် တတိယအကြိမ် အပစ်အခတ်ရပ်စဲရေးဆိုတာကတော့ AA ဘက်က အသာမရသမျှ ဖြစ်လာစရာအကြောင်းမရှိတော့ဘူး။ ဒါက အဆုံးအဖြတ်တိုက်ပွဲ တစ်ခုဖြစ်လာနိုင်တယ်လို့ မြင်ပါတယ်"
တစ်ဖက်မှာလည်း ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ အရပ်သား သေဆုံး၊ ဒဏ်ရာရတာတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ နေ့စဉ်နဲ့အမျှ တိုးလာနေပါတယ်။
RFA က ပြုစုထားတဲ့စာရင်းတွေအရ ရခိုင်မှာတိုက်ပွဲစတင်တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ဒီကနေ့အထိ သေဆုံးတဲ့ အရပ်သား ၁၉ ဦးနဲ့ ဒဏ်ရာရသူ ၆၀ ကျော်ရှိပါတယ်။
တစ်ကျော့ပြန်တိုက်ပွဲကာလအတွင်း ပေါက်တော၊ မင်းပြားနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက ဒေသခံ တစ်သိန်းကျော် ဘေးလွတ်ရာကို အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး လူနေအိမ် ရာနဲ့ချီပြီး မီးရှို့ခံခဲ့ရတယ်လို့လည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ဒီဇင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
"ပေါက်တောဒေသခံတွေရဲ့ အခြေအနေကတော့ အခုလက်ရှိ ကူရာကယ်ရာမဲ့ ဖြစ်နေတယ်။ နိုင်ငံတကာအဖွဲ့တွေရဲ့ အထောက်အပံ့လည်း မရှိဘူး"
လူပေါင်းနှစ်သောင်းကျော် မြို့လုံးကျွတ်ထွက်ပြေးနေရတဲ့ ပေါက်တောမြို့ ဒေသခံ တစ်ဦးကတော့ သူတို့ အနေနဲ့ ကူရာ၊ ကယ်ရာမဲ့အခြေအနေဖြစ်နေတယ်လို့ RFA ကိုပြောပါတယ်။
"ပေါက်တောဒေသခံတွေရဲ့ အခြေအနေကတော့ အခုလက်ရှိ ကူရာကယ်ရာမဲ့ ဖြစ်နေတယ်။ နိုင်ငံတကာအဖွဲ့တွေရဲ့ အထောက်အပံ့လည်း မရှိဘူး။ လူတွေက ဒုက္ခတွေ အမျိုးမျိုးပေါ့ဗျာ။ တချို့ရွာတွေမှာဆိုရင် ဘုန်းကြီးကျောင်းတွေမှာ နေကြရတယ်။ တချို့ကဆိုရင် စစ်တွေဘက်ကို ခိုလှုံလာကြတဲ့သူတွေလည်း ရှိတယ်။ ဒုက္ခတွေကို ခါးစည်းပြီးတော့ ကိုယ်အဆင်ပြေသလို ဖြတ်ကျော်နေရတာပဲ။ ကိုယ့်မှာက ဘာမှ ပါမလာဘူးလေ။ အခု ဆောင်းတွင်းကာလကိုလည်း ဖြတ်ကျော်ရမယ်ဆိုတော့ ဒုက္ခတွေ အများကြီးရောက်မှာပဲ။ အသက်တွေ ဆုံးရှုံးမှု ဖြစ်မှာကိုလည်း စိုးရိမ်ရတယ်။ အထူးသဖြင့် ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေပေါ့နော်။ ကျွန်တော်တို့တော့ ဒုက္ခတွေ အများကြီး ကြုံရမယ်လို့ ယူဆထားတယ်"
အဲဒီပေါက်တောမြို့မှာ နိုဝင်ဘာ ၁၆ ရက်နေ့က မြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ပြီးနောက် ဒီကနေ့အထိ မြို့တွင်းမှာ တိုက်ပွဲပြင်းထန်နေတာပါ။ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဒေသခံ နှစ်ရာကျော်ကိုတော့ နိုဝင်ဘာ ၂၁ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ ကြည်း၊ ရေ၊ လေ သုံးခု ပူးပေါင်းပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့်လည်း မြို့ရဲ့ နေအိမ်တော်တော်များများ မီးလောင်ပျက်စီးခဲ့တယ် လို့လည်း ဆိုပါတယ်။ လက်ရှိ ပေါက်တောဒေသခံတွေကတော့ စစ်တွေအပါအဝင်၊ နီးစပ်ရာကျေးရွာတွေမှာ ခိုလှုံနေကြရပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
ရခိုင်မှာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကစလို့ ရခိုင်တစ်ပြည်နယ်လုံးက ကုန်လမ်း၊ ရေလမ်းတွေကို စစ်ကောင်စီတပ်က ဒီနေ့အထိ ပိတ်ပင်ထားဆဲဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံတွင်းမှာ လောင်စာဆီတွေအပါအဝင် အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေပြီး ဒေသခံတွေ အတော်လေးကို အခက်တွေ့နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"လမ်းတွေကတော့ အားလုံးနီးပါး ပိတ်ထားတဲ့သဘောရှိတာပေါ့လေ။ ကုန်စည် စီးဆင်းမှုကလည်း အားလုံး ပိတ်ဆို့ခံထားရတာဆိုတော့ အဝင်အထွက်တွေက မရှိဘူးပေါ့။ ကုန်စည်ပြတ်လပ်မှုတွေ အများကြီး ဖြစ်လာတယ်။ ဒေသတွင်းမှာတော့ အားလုံးအကျပ်အတည်းဖြစ်လာတဲ့ အနေအထားမျိုးပေါ့နော်။ အခြေခံ လူတန်းစားတွေ ကတော့ တော်တော်လေးကို ထိခိုက်လာတဲ့ အခြေအနေရှိတယ်"
ဒီအတိုင်းသာ ဆက်ပြီးပိတ်ထားမယ်ဆိုရင် ဒေသခံတွေအတွက် အတော်လေးကို အခက်အခဲ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ဆို့ဖြတ်တောက်ခံထားရတဲ့ကိစ္စအပြင် ရခိုင်ဒေသ အခြေအနေတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အခု ရခိုင်မှာ တိုက်ပွဲ ဖော်ဆောင်နေတဲ့ AA ဟာ ရခိုင် ပြည်သူလူထုလွတ်မြောက်ရေး၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေးအတွက် ဟုတ်ပါ့မလားဆိုတာကို ယခင် တိုက်ပွဲတုန်းက ကောင်းကျိုးမပေးခဲ့တာကို ကြည့်ပြီး သေချာစဉ်းစားကြဖို့လိုတယ်လို့ ဒီဇင်ဘာ ၄ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ မီဒီယာတွေကို ပြောဆိုထားပါတယ်။
တစ်ဖက်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေတဲ့ ရက္ခိုင့်တပ်တော်(AA) အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့က တွေ့ဆုံခဲ့ပြီး ဒီဇင်ဘာအကုန်မှာလည်း နောက်တစ်ကြိမ် တွေ့ဆုံဖို့ရှိတယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ကတော့ ၁၀၂၇ စစ်ဆင်ရေးဟာ ရည်မှန်းချက်အတိုင်းအတာ တစ်ခုအထိ ပြည့်ဝခဲ့ပြီဆိုပေမယ့် ရည်မှန်းချက်အလုံးစုံ ပြည့်ဝဖို့ ဆက်လက် တိုက်ပွဲဝင်ဦးမယ်လို့ ဒီဇင်ဘာ ၁၂ ရက်နေ့ မနေ့က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကို ခံလာရတဲ့ မြန်မာပြည်သူတွေရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို လျစ်လျူရှုသွားမှာ မဟုတ်သလို နောက်ပြန်လှည့်သွားမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ရခိုင်ဒေသက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ AA အဖွဲ့ပြောခွင့်ရ ဦးခိုင်သုခကို RFA က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် တစ်စုံတစ်ရာ အကြောင်းမပြန်ပါဘူး။
ရခိုင်နိုင်ငံရေးလေ့လာသူတွေကတော့ လက်ရှိ ရခိုင်ဒေသက တိုက်ပွဲတွေဟာ ပိုပြီးပြင်းထန်လာနိုင်တဲ့အခြေအနေ ရှိနေတယ်လို့ သုံးသပ်ကြပါတယ်။