ရခိုင်နဲ့ချင်းပြည်နယ် မြို့နယ် ငါးခုမှာ အင်တာနက် ပြန်ပိတ်ခံရ


2020.02.04
rakhine-internet-622.jpg ရခိုင်ပြည်နယ်မှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ ရန်ကုန်မြို့မှာ အရပ်ဘက်အဖွဲ့တွေ ၂၀၁၉ ဒီဇင်ဘာ ၂၄ ရက်နေ့က ဆန္ဒပြစဉ်
Photo: Thant Zin Oo/RFA

အင်တာနက်ပြန်ဖွင့်ပေးတာ ငါးလခန့် ကြာမြင့်ပြီးတဲ့နောက် ရခိုင်နဲ့ ချင်းပြည်နယ်က  မြို့နယ် ငါးခုမှာ မနေ့ည ၁၀ နာရီဝန်းကျင်က အင်တာနက်ပြန်လည်ပိတ်လိုက်တယ်လို့ ဆက်သွယ်ရေးကုမ္ပဏီတွေက သုံးစွဲသူတွေထံ အကြောင်းကြားလာပါတယ်။

မနေ့ညက ယာယီအင်တာနက်ပိတ်လိုက်ကြောင်း MPT ရဲ့ အကြောင်းကြားစာရရှိခဲ့ပြီး မိနစ်ပိုင်းအတွင်း အင်တာ နက်လိုင်းတွေ ပြတ်တောက်သွားတာဖြစ်ပြီး ဒီလို ပိတ်ပင်မှုကြောင့်  လူ့အခွင့်ရေး၊   စီးပွားရေး၊ လုပ်ငန်းဆက်သွယ် မှုပိုင်းတွေ ထိခိုက်တယ်လို့ မြေပုံမြို့ခံ ဦးညွန့်ဝင်းက ပြောပါတယ်။

ပြန်ပိတ်ခံလိုက်ရတာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ် တို့ဖြစ်ပါတယ်။

၂၀၁၉  ဇွန်လက အဲဒီမြို့နယ်တွေအပါအဝင်   ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာပါ  အင်တာနက်ပိတ်ခဲ့ပါတယ်။ စက်တင်ဘာလဆန်းမှာတော့ မြို့နယ် ၅ ခုကို အင်တာနက် ပြန်ဖွင့်ပေးခဲ့တာပါ။

ကျန်ရှိနေတဲ့ ၄ မြို့နယ်မှာလည်း အင်တာနက်ဖွင့်ပေးဖို့ အရပ်ဖက်အဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေ တောင်းဆိုနေတဲ့ကြားကပဲ ဖွင့်ပြီးသားမြို့နယ်တွေကိုပါ မနေ့က ပြန်လည်ဖြတ်တောက်ခဲ့တာပါ။

ဘာကြောင့် အခုလို  ပိတ်ပင်ရတယ်ဆိုတာကို ဒီမိုကရေစီအစိုးရအနေနဲ့ ပွင့်လင်းမြင်သာစွာချပြပေးဖို့လိုတယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောပါတယ်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက   Facebook လူမှုကွန်ယက် စာမျက်နှာမှာ အမုန်းတရားကို ပြန့်ပွားစေတဲ့ အရေးအသားတွေရှိတာကြောင့် အင်တာနက်ပိတ်ရတယ်ဆိုတဲ့ အကြောင်းပြ ချက်မျိုးဟာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဒေသတွင်းတိုက်ပွဲတွေ ပြန်ဖြစ်နေတာကြောင့် အခုလို အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရတာလို့ ယူဆနေကြပါတယ်။

မြေပုံမြို့နယ်က ကျေးရွာတွေဘက်မှာ တိုက်ပွဲတွေရှိနေသလို မနေ့က ရသေ့တောင်မြို့နယ်က ပြိန်းတော ကျေးရွာဘက်မှာ လက်နက်ကြီး ကျရောက်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အစိုးရတပ်မတော်နဲ့ ရခိုင်တပ်တော်တို့ကြား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်အရေအတွက် တစ်သိန်းကျော်ရှိနေပြီလို့ အရပ်ဖက်အဖွဲ့တွေက ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။