ရခိုင်ပဋိပက္ခ ဖြေရှင်းရေးနဲ့ အာဆီယံဒေသအပေါ် တရုတ်ပြည်ရဲ့ သြဇာလွှမ်းမိုးမှု
2019.01.30

ရခိုင်ပြည်နယ် ပဋိပက္ခ ဖြေရှင်းရေးနဲ့ အာဆီယံဒေသမှာ တရုတ်ပြည်က အမေရိကန်ပြည်ထောင်စုကို အစားထိုး လွှမ်းမိုးလာနေမှုတွေနဲ့ ပတ်သက်ပြီး ISEAS ခေါ် အရှေ့တောင်အာရှလေ့လာရေးသိပွံက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ ကောက်နုတ်ချက်တွေကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~
ရခိုင်ပဋိပက္ခ ဖြေရှင်းရေးနဲ့ အာဆီယံဒေသအပေါ် တရုတ်ပြည်ရဲ့ သြဇာလွှမ်းမိုးမှု
(ဦးခင်မောင်စိုး)
ရခိုင်ပြည်နယ် ပဋိပက္ခကို ဖြေရှင်းရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာအစိုးရ၊ နိုင်ငံတကာအသိုင်းအဝိုင်း၊ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေအကြား ဝင်ရောက် ညှိနှိုင်းစေ့စပ်ပေးသင့်တယ်လို့ အရှေ့တောင်အာရှပညာရှင်တွေက အကြံပေးလိုက်ပါတယ်။
စင်္ကာပူအခြေစိုက် (ISEAS-Yusof Ishak Institute) ISEAS ခေါ် အရှေ့တောင်အာရှ လေ့လာရေးသိပ္ပံက အာဆီယံနိုင်ငံတွေမှာ ရှိတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ စာနယ်ဇင်းဆိုင်ရာ ကျွမ်းကျင်သူ တထောင်ကျော်ကို ပြီးခဲ့တဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေအတွင်းက မေးမြန်း သုတေသနပြုပြီး အင်္ဂါနေ့ မနေ့ကထုတ်ပြန်တဲ့ (The State of Southeast Asia 2019) “၂ဝ၁၉ ခုနှစ် အရှေ့တောင်အာရှအခြေအနေ” အစီရင်ခံစာမှာ အခုလို ဖော်ပြထားတာဖြစ်ပါတယ်။
အဲဒီ ပညာရှင်တွေအနက် ၆၆%က အခုလို ကြားဝင်စေ့စပ်ပေးဖို့ အကြံပေးခဲ့တာ ဖြစ်သလို ဒုတိယ ဦးစားပေးအချက်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထွက်ပြေးခိုလှုံနေရသူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပိုမိုပေးအပ်ဖု့ိနဲ့ တတိယ ဦးစားပေးအဖြစ် မြန်မာအစိုးရကို ပိုမိုဖိအားပေးဖို့ အကြံပြုခဲ့ကြပါတယ်။
အဲဒီ အစီရင်ခံစာမှာ အရှေ့တောင်အာရှဒေသအတွင်း တရုတ်ပြည်က အမေရိကန်ပြည်ထောင်စုထက်ပိုပြီး နိုင်ငံရေးနဲ့ စီးပွားရေးအရ သြဇာရှိလာနေပုံကို အလေးအနက် ဖော်ပြထားပါတယ်။ တရုတ်ပြည်ဟာ ဒေသအတွင်း အမေရိကန်ပြည်ထောင်စုရဲ့နေရာကို အစားထိုးဝင်ရောက်လာနေပြီး နိုင်ငံရေးအရဦးဆောင်မှုကို ရရှိလာလိမ့်မယ်လို့ ပညာရှင် ၇၅% လောက်က ခန့်မှန်းကြသလို စီးပွားရေးအရလည်း လက်ရှိမှာ သြဇာလွှမ်းမိုးမှုအကြီးမားဆုံးဖြစ်တယ်လို့ ပြောဆိုသူ ၇၃% ကျော်ရှိပါတယ်။
ဒါ့အပြင် အမေရိကန်ပြည်ထောင်စုက တရုတ်ပြည်ရဲ့ သြဇာကို တုံ့ပြန်ဖို့အတွက် ချမှတ်ဆောင်ရွက်နေတဲ့ အင်ဒိုချိုင်းနားနဲ့ ပစိဖိတ်ဒေသဆိုင်ရာ မဟာဗျူဟာ အောင်မြင်လိမ့်မယ်လို့လည်း လူအနည်းငယ်ကပဲ ယုံကြည်ကြပါတယ်။ ပညာရှင် ၇ဝ% လောက်က အမေရိကန်ဟာ အရှေ့တောင်အာရှဒေသ လုံခြုံမှုအတွက် အထောက်အပံ့ပေးနေတယ်လို့ ယုံကြည်ခြင်း မရှိပါဘူး။
တဆက်တည်းမှာပဲ ပြီးခဲ့တဲ့ တနှစ်အတွင်း အမေရိကန်ပြည်ထောင်စုရဲ့ ကမ္ဘာတခုလုံးအပေါ် သြဇာလွှမ်းမိုးမှု ကျဆင်းလာနေပြီး လက်ရှိ သမ္မတထရမ့် လက်ထက်မှာ အရှေ့တောင်အာရှနဲ့ အမေရိကန်ပြည်ထောင်စုအကြား ဆက်ဆံရေးကလည်း တိုးတက်မလာဘူးလို့ အများစုက ဝေဖန်ကြပါတယ်။
တပြိုင်နက်မှာပဲ တရုတ်ပြည်က အကောင်အထည်ဖော်နေတဲ့ One Belt, One Road ခေတ်သစ်ပိုးလမ်းမ မဟာဗျူဟာကြောင့် အာဆီယံနိုင်ငံတွေအပေါ် တရုတ်ပြည်ရဲ့ သြဇာပိုမိုကြီးမားလာလိမ့်မယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။ ဒါ့အပြင် တရုတ်ပြည်က ချေးငွေအမြောက်အများယူခဲ့ကြတဲ့ သီရိလင်္ကာနဲ့ မလေးရှားနိုင်ငံတွေ အလွန်အမင်း အကြွေးတင်ပြီး ဒုက္ခရောက်နေပုံကို ထောက်ပြကာ အဲဒီ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းမှာပါဝင်မယ့် နိုင်ငံတွေအနေနဲ့ ကြွေးမဆပ်နိုင်တော့တဲ့ ဘဝမရောက်အောင် သတိကြီးစွာထားပြီး ညှိနှိုင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
ဒ့ါအပြင် ပညာရှင်တဝက်ကျော်က တရုတ်ပြည်ဟာ ကမ္ဘာတခုလုံးရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ကြွယ်ဝမှုဖြစ်ထွန်းအောင် အထောက်အပံ့ဖြစ်စေမယ်လို့ ယုံကြည်ခြင်း မရှိပါဘူး။
အဲဒီ အစီရင်ခံစာမှာ အရှေ့တောင်အာရှမှာရှိတဲ့ မိဘတွေကို သူတု့ိရဲ့သားသမီးတွေအတွက် ပညာသင်ဆုရမယ်ဆိုရင် ဘယ်နိုင်ငံကို သွားရောက်သင်ကြားချင်ပါသလဲလို့ မေးမြန်းခဲ့ရာမှာ ပထမ ဦးစားပေးအဖြစ် အမေရိကန်ပြည်ထောင်စုနဲ့ ဒုတိယ ဥရောပ တတိယ သြစတေးလျတို့ကို ရွေးချယ်ကြပါတယ်။
ဒါ့အပြင် ပညာရှင်အားလုံးနီးပါးက အရှေ့တောင်အာရှမှာ နေထိုင်သူတွေအတွက် မိမိတို့ အလုပ်အကိုင် ဘဝတက်လမ်းအတွက် အင်္ဂလိပ်ဘာသာကျွမ်းကျင်တတ်မြောက်ရေးဟာ အရေးကြီးဆုံးပဲလို့ တညီတညွတ် ပြောဆိုကြတယ်လို့ မနေ့က ထုတ်ပြန်တဲ့ ISEAS - အရှေ့တောင်အာရှ လေ့လာရေးသိပ္ပံ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။