ဒဏ်ရာပြင်းထန်သူတွေကို ဆေးရုံအချိန်မီ ပို့နိုင်ဖို့ ရခိုင်ဒေသခံတွေ တောင်းဆို
2020.07.02
ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ရေးပဋိပက္ခတွေကြား မြေဇာပင်ဖြစ်နေရတဲ့ အရပ်သားဒဏ်ရာရသူတွေကို ဆေးရုံ အရေးပေါ် ပို့ဆောင်ခွင့်မရတဲ့အတွက် အချိန်မီ ကုသမှုမပေးနိုင်ဘဲ လမ်းမှာပဲ အသက်ဆုံးရှုံးနေရတယ်လို့ ပရဟိတကူညီရေးအဖွဲ့တွေက ထောက်ပြနေကြပါတယ်။
အရေးပေါ်လူနာတင်ယာဉ်ဟာ ဦးစားပေး ဖြတ်သန်းသွားလာနိုင်တဲ့ အခွင့်အရေးရှိပေမယ့် ရခိုင်ပြည်နယ်က တိုက်ပွဲဖြစ်နေတဲ့ မြို့နယ်တွေမှာ အရေးပေါ်လူနာ သယ်ဆောင်လာတဲ့ မော်တော်ယာဉ်တွေ၊ စက်လှေတွေမှာတော့ ဒီအခွင့်အရေးရှိမနေပါဘူး။
ဒီလိုအခြေအနေဟာ တိုက်ပွဲတွေကြောင့် ဖြစ်နေတယ်ဆိုတာ နားလည်ပေမယ့် လူနာတွေ မသေသင့်ဘဲ သေဆုံးရတာမျိုး မဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးဖို့က အာဏာပိုင်တွေမှာ တာဝန်ရှိတယ်လို့ ကျောက်တော်မြို့ ဖြူစင်မေတ္တာ ပရဟိတ လူမှုကူညီရေးအဖွဲ့က ဦးညီပုက ပြောပါတယ်။
“သွားခွင့်လာခွင့် မပေးတာကတော့ များပါတယ်။ လူနာကိုဖြစ်သလိုယူပြီးတော့ ကျောက်တော်ဆေးရုံကြီးကို ရောက်ပြီဆိုတာနဲ့ စစ်တွေကို သွားရတဲ့အခါမှာ လမ်းမှာအချိန်က ၅ နာရီခွဲလောက်ပေးရတာရှိပါတယ်။ ဘာ လို့လဲဆိုတော့ သူတို့က မသင်္ကာမှုတွေနဲ့ စစ်ဆေးတယ်။ သေချာစစ်ဆေးပြီးမှ လွှတ်တယ်ဆိုတော့ ဂိတ်တစ် ဂိတ်မှာ မကြာဘူးဆိုရင် နှစ်နာရီခွဲနဲ့ သုံးနာရီကြားကို ကြာတယ်။ ဒါကြောင့် သွားလာရတာ သိပ်အဆင်မပြေ ဘူး။ တခါတုန်းကဆိုရင် သွေးလွန်ပြီးတော့ လူနာက စစ်တွေဆေးရုံကိုတော့ ရောက်လိုက်တယ်၊ အဲဒီစစ်တွေ ဆေးရုံမှာပဲ အသက်ပေးလိုက်ရသူတွေလည်း ရှိပါတယ်“
ဒဏ်ရာရတဲ့သူဟာ ရခိုင်တပ်တော် AA တပ်ဖွဲ့ဝင် ဟုတ် မဟုတ် စိစစ်ဖို့ လုံခြုံရေးဂိတ်တွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာ ဖြစ်ပါတယ်။
အရေးပေါ်လူနာ ဆေးရုံရောက်ရှိရေးကို ဦးစားပေးလုပ်သင့်တယ်လို့ သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့က ကိုအမ်းသားကြီး က ပြောပါတယ်။
“မလိုလားအပ်ပဲနဲ့ အသက်ဆုံးရှုံးသွားတာတွေ အများကြီးရှိတယ်။ မင်းပြားမြို့နယ်မှာဆိုရင် အဲဒီလူနာက မင်းပြားဆေးရုံကို ရောက်မှာပဲ၊ စစ်တွေမှာဆိုရင် အဲဒီလူနာက စစ်တွေဆေးရုံကိုရောက်မှာပဲ။ သက်ဆိုင်ရာ ဆေးရုံကို ရောက်တဲ့အခါမှ စစ်ဆေးမေးမြန်းစရာရှိတဲ့သူတွေ လာပြီး စစ်ဆေးတာကောင်းလိမ့်မယ်နဲ့တူတယ်။ ဒါမှမဟုတ် လမ်းမှာ ဟိုလိုစစ်ဆေးလိုက် ဒီလိုစစ်ဆေးလိုက်လုပ်နေလို့ကတော့ အဲဒီလူနာက သေရင်တောင် ဆေးရုံရောက်မှာ မဟုတ်ဘူး“
ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့မှာ အမ်းမြို့နယ် ဒါးလက်အုပ်စု နတ်မော်ကျေးရွာထဲကို လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် ရွာသား တစ်ဦး ပွဲချင်းပြီး သေဆုံးပြီး တစ်ဦးကတော့ လမ်းမှာ သေဆုံးသွားပါတယ်။
တခြား ဒဏ်ရာရသူ သုံးဦးလည်း ဆေးကုသခွင့်ရဖို့ နှောင့်နှေးခဲ့တယ်လို့ ဒလက်ချောင်းဒေသခံ ကိုခိုင်လင်းသစ်က ပြောပါတယ်။
“ဦးဘမောင်ကတော့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ ဦးညွှန့်အေးကတော့ ဒဏ်ရာပြင်းထန်လို့ ပစ်ချင်ပစ်၊ မပစ်ချင်နေဆိုပြီး စက်လှေနဲ့သွားရင်း ရွာဟောင်းကျေးရွာနားကို ရောက်တဲ့အခါ သေဆုံးသွားခဲ့ရတယ်။ ကျန်တဲ့လူနာ သုံးယောက်ကိုတော့ အမ်းမြို့ကို ဆေးကုသဖို့အတွက် စစ်တပ်ဆီမှာ ခွင့်ပြုချက်တောင်းရင်း ၂၇ ရက်နေ့ ၁ နာရီကျော်မှ စစ်တပ်က သူတို့လိုက်ပို့မယ်ဆိုပြီး ခေါ်ဆောင်သွားတယ်။ ဒါပေမဲ့ အမ်းဆေးရုံသို့ မရောက်လာပဲ စွေ့ချောင်းမှာ ထားခဲ့ရတယ်လို့ ဒေသခံမျက်မြင် သက်သေတစ်ယောက်က ပြောလို့ သိရတယ်။ ဒဏ်ရာရ လူနာတွေကိုသာ ဖြစ်ဖြစ်ချင်း ဆေးကုသခွင့်ရခဲ့မယ်ဆိုရင် လူနာတွေအတွက် ဆိုးဝါးစွာ မခံစား ရဘူးလို့ ထင်ပါတယ်“
ဒဏ်ရာရသူ သုံးဦးထဲက နှစ်ဦးကို တပ်မတော်က ဆေးကုဖို့ ခေါ်ယူသွားခဲ့ပြီး ဒဏ်ရာမပြင်းထန်တဲ့ အမျိုးသား ကိုတော့ အလယ်ကျွန်းရွာမှာထားခဲ့ပေမယ့် ခေါ်သွားတဲ့ အမျိုးသမီးနဲ့ပတ်သက်ပြီး ဘာသတင်းမှမရသေးဘူးလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်ကပြောပါတယ်။ ဒီဒဏ်ရာရသူထဲက အသက် ၂ နှစ်အရွယ် ကလေးငယ် ကတော့ ဒီကနေ့ စစ်တွေဆေးရုံကို ရောက်ရှိလာပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဒီနေ့ ညနေ ၅ နာရီကျော်အထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်ကတော့ လူနာတွေကို သယ်ဆောင်ဖို့အတွက် လုပ်ထုံး လုပ်နည်းနဲ့အညီတင်ပြရင် နာရီပိုင်းအတွင်း ပြန်လည်ခွင့်ပြုပေးနေကြောင်း ပြောပါတယ်။
ဒဏ်ရာရသူတွေထဲမှာ AA တပ်ဖွဲ့ဝင်တွေလည်း ပါဝင်လာနိုင်တာကြောင့် စိစစ်နေရတာဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး မင်းသန့်က ပြောပါတယ်။
ကူညီကယ်ဆေးရေးလုပ်ဆောင်သူတွေ လူနာသယ်ဆောင်တဲ့အခါ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်ပါမှ လုံခြုံရေးဂိတ်တွေကနေ ဖြတ်သန်းခွင့်ပြုမယ့်အကြောင်း အုပ်ချုပ်ရေးမှူး တွေကို အသိပေးထားပါတယ်။
ရခိုင်ဒေသမှာ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ ကြန့်ကြာမှုတွေ မရှိရအောင် စီစဉ်နေတယ်လို့ သမ္မတရုံးပြောရေဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောခဲ့ပါတယ်။
"လူနာတွေမှာ ဂိတ်အဆင့်ဆင့်ကို စစ်ဆေးခံရတယ်။ အဲဒီမှာသွားလို့မရ ဆေးရုံကို အချိန်မီမရောက်တာတွေ ရှိတယ်။ ဒါမျိုးတွေ မဖြစ်အောင်လို့ ဥပမာ ကျွန်တော်တို့ SOP (Standard Operation procedure)ကဆိုရင် ၂ နာရီအတွင်းမှာ သက်ဆိုင်တဲ့နေရာကို ပို့ဆောင်နိုင်ရမယ်။ အဲဒီအတွက် ရခိုင်ပြည်နယ်အစိုးရမှာရှိတဲ့ တာဝန် ရှိသူတွေ တဖက်ကလည်း ICRC ဘက်က တာဝန်ရှိသူတွေ ဘယ်လိုသတင်းပို့မလဲ။ သတင်းပို့တဲ့ပုံစံ ကျွန်တော် တို့က လုပ်ထားတယ်။ ပြီးရင် အစိုးရဘက်က ပြန်ပြီးတော့ ဒီလူနာလိုက်ပါမယ့် ယာဉ်အမှတ်၊ ဘေးကနေ ပါမယ့် သူနာပြုတို့ ဆရာဝန်တို့ ဘယ်သူပါလဲ၊ အုပ်ချုပ်ရေးက ဘယ်သူပါလဲ၊ ဒါမျိုးတွေ လူစာရင်းနဲ့သွား၊ အဲဒီပုံစံ ဖြည့်ပြီးတော့ အစိုးရဘက်က အတည်ပြု အဲဒါဆိုရင် ပထမဂိတ်မှာ စစ်ရတယ်။ ဒီဂိတ်ကနေပြီး သွားရင် နောက်ဂိတ်တွေရောက်ရင် အဲဒီလောက် မစစ်တော့နဲ့။ ဒီစာရွက်စာတမ်းနဲ့ လူတွေကို ကြည့်လိုက်။ ဒါဆိုရင် မြန်ဆန်သွားမယ်ဆိုတဲ့ SOP ကို ကျွန်တော်တို့ ရေးထားတယ်။“
နေပြည်တော်က အခုလိုပြောပေမယ့် မြေမြင်အနေအထားမှာတော့ ခက်ခဲနေဆဲဖြစ်တယ်လို့ လူမှုကူညီရေး အဖွဲ့အစည်းတွေက ဆိုကြပါတယ်။
ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်သလို အရပ်သား သေဆုံးဒဏ်ရာရမှုတွေလည်း တစ်နေ့တခြား များလာနေပါတယ်။ RFA က စုဆောင်းထားတဲ့ အချက်အလက်အရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလကနေ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ အထိ သေဆုံးတဲ့ အရပ်သား ၂၆၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၅၇၆ ဦး ရှိနေပြီဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို စိုးရိမ်နေပြီး ဥပဒေတွေကို လိုက်နာပြီး အကူအညီတွေကို ခွင့်ပြုဖို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။