ရခိုင်စစ်ကြောရေး သေဆုံးမှုများ လျစ်လျူရှုခံထားရ


2019.12.02
zawwinhlaing-622 တပ်မတော်ကဖမ်းဆီးစစ်ဆေးခံရပြီးနောက် ၂၀၁၉၊ ဇူလိုင် ၁ ရက်နေ့က သေဆုံးခဲ့တဲ့ မြောက်ဦးမြို့နယ် ရွှေထွန်းဖြူကျေးရွာက ကိုဇော်ဝင်းလှိုင်ရဲ့ ရုပ်အလောင်းနဲ့ သူ့မိခင်ကို တွေ့ရစဉ်
ဓါတ်ပုံ - မင်းသိန်းအောင်/ RFA

ရခိုင်ပြည်နယ်မှာ သံသယနဲ့ ဖမ်းဆီးခံထားရသူတစ်ချို့ စစ်ကြောရေးမှာ အသက်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးပြီး တည်ဆဲဥပဒေတွေနဲ့အညီ ဆက်လက်ဆောင်ရွက်ပေးဖို့ ကျောက်တော်မြို့နယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင်တို့က ပြည်သူ့ လွှတ်တော် တိုင်ကြားစာနဲ့ အသနားခံစာရေးရာကော်မတီထံကနေ တစ်ဆင့်  ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က တင်ပြခဲ့တာပါ။

အဲဒီစာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ အကြောင်းပြန်စာကို အချိန် ‌ခြောက်လနီးပါး ကြာမြင့်ပြီးနောက် ဒီကနေ့မှာ လွှတ်တော်ကော်မတီကနေတစ်ဆင့် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက လက်ခံရရှိခဲ့တာပါ။

ကော်မရှင်ရဲ့အကြောင်းပြန်စာထဲမှာ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ခုံရုံးဖွဲ့စုံစမ်း စစ်ဆေးမှုပေါ်ပေါက်ချက်အပေါ်မှာသာ မူတည်ပြီး ဥပဒေနဲ့ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။

စုံစမ်းစစ်ဆေးဖို့တင်ပြခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းက လူ့အခွင့်အရေးကော်မရှင်ရဲ့ တုံ့ပြန်ချက်ဟာ အားရစရာမရှိဘူးလို့ ပြောလိုက်ပါတယ်။

ကျွန်တော်တို့ကတော့ ဒီဟာအပေါ်မှာ လူ့အခွင့်အရေးကော်မရှင်ရဲ့သုံး သပ်ချက်တွေကိုလည်း ကျွန်တော်တို့ကြားချင်တယ်။ သူတို့မှာလည်း ဒါနိုင်ငံသားတွေရဲ့လူ့အခွင့်အရေးတွေ၊ ဥပဒေက ပေးထားတဲ့ အခွင့်အရေးတွေ၊ ဥပဒေရဲ့ အကာအကွယ်အစောင့်အရှောက် ဆုံးရှုံးနေတာတွေကို လေ့လာဖို့၊ စုံစမ်းဖို့၊ ဖော်ထုတ်ဖို့၊ သက်ဆိုင်တွေကို တင်ပြဖို့ဆိုတဲ့ သူတို့မှာလည်းအဲဒီလုပ်ပိုင်ခွင့်တွေ ရှိတာပဲ။ အဲဒီကနေတစ်ဆင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေအပေါ်မှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ နစ်နာမှုတွေ၊ ချိုးဖောက်မှုတွေကို ဘယ်လိုကာကွယ်ပေးမလဲဆိုတာတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ တိုက်တွန်းမှုလေးတွေပေါ့။ အဲဒါလေးတွေကိုတော့ မျှော်လင့်တာပေါ့။ လက်တွေ့ကတော့ လောလောဆယ်အထိကတော့ အားရစရာမရှိဘူး”

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က မြောက်ဦးမြို့နယ် လက္ကာကျေးရွာက လူ ၂၇ ဦးကို တပ်မတော်က ထိန်းသိမ်း စစ်ဆေးပြီးနောက် စစ်ကြောရေးကာလအတွင်းမှာပဲ အဲဒီအထဲက လူ သုံးဦး သေဆုံးခဲ့ ပါတယ်။ သေဆုံးသူတွေ ရဲ့ ရုပ်အလောင်းကို မိသားစုတွေ ကြည့်ရှုခွင့်မရခဲ့ပါဘူး။

လက္ကာကျေးရွာအပါအဝင် မင်းပြားမြို့နယ် ပန်းမြောင်း၊ ကျောက်တော်မြို့နယ် မင်းသားတောင်၊ မြောက်ဦးမြို့ နယ် ဝေသာလီ စတဲ့ကျေးရွာတွေကလူတွေကို တပ်မတော်က စစ်ဆေးနေစဉ် သေဆုံးသူဟာ ၁၀ ဦးထက် မနည်းရှိခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးကို လက်မှတ်ရေးထိုးပြီး အကြောင်းပြန်စာပေးပို့ခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် က ဒီဖြစ်ရပ်တွေအပေါ်မှာ ကော်မရှင်က စုံစမ်းစစ်ဆေးဖို့ မရှိသေးဘူးလို့ ပြောပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်

လောလောဆယ်တော့ မရှိသေးဘူးဗျ။ ကျနော်တို့က ကျားဖောင် ကိစ္စနဲ့ ဖျာပုံကိုရောက်နေပြီး စုံစမ်းစစ်ဆေးမှုတွေကို လုပ်နေတာ။ ကျွန်တော်တို့မှာလည်း အလုပ်တွေက အမြောက်အမြား ဖြစ်နေတော့ အဲဒီကိစ္စကိုတော့ လောလောဆယ် လာစစ်ဖို့ အစီအစဉ်မရှိသေးဘူးဗျ”

တပ်မတော်ရဲ့ ခုံရုံးဖွဲ့စုံစမ်းစစ်ဆေးမှုမှာ တပ်မတော်အဆင့်မြင့် အရာရှိတွေ ကိုယ်တိုင် ပါဝင်တဲ့အတွက် ဖုံးကွယ်လိမ်လည်ဖို့ မဖြစ်နိုင်တာကြောင့် ထွက်ပေါ်လာမယ့် စုံစမ်းစစ်ဆေးမှု ရလဒ်တွေ ဟာလည်း ယုံကြည်စိတ်ချလို့ရတယ်လို့ ဦးယုလွင်အောင်က ပြောပါတယ်။

တပ်မတော်ကစစ်ဆေးစဉ် သေဆုံးတာတွေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့မှာ ခုံရုံးဖွဲ့ စုံစမ်းစစ်ဆေး သွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ နောက်ဆက်တွဲ အခြေအနေကို တပ်မတော်က ဒီနေ့အထိ ထုတ်ပြန်တာ မရှိသေးပါဘူး။

တပ်မတော်ရဲ့စစ်ကြောရေးကာလမှာ သေဆုံးခဲ့ရသူအချို့ရဲ့ မိသားစုဝင်အချို့ကို RFA က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

သေဆုံးသူအချို့ရဲ့မိသားစုက သူတို့ကို ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းခဲ့တာ ရှိပေမယ့် တပ်မတော်တာဝန်ရှိသူတွေက ဒီနေ့အထိ ဆက်သွယ်မေးမြန်းတာမရှိခဲ့ဘူးလို့ ပြောကြပါတယ်။

အချိန် လေးလကျော်အထိကြာမြင့်လာနေတဲ့ တပ်မတော်ရဲ့ စုံစမ်းစစ်ဆေးမှု ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ညနေ ငါးနာရီကျော် အချိန်အထိ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ကျောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာက တပ်မတော်က ဖမ်းဆီးစစ်ဆေးပြီးနောက် သေဆုံးခဲ့ရသူ ဦးကျော်လှိုင်ရဲ့ဇနီး ဒေါ်စောစောသန်းကတော့ အခုလိုပြောပါတယ်။

ကျမတို့အနေနဲ့ ပြောခွင့်ဆိုခွင့်မရှိလို့ ကျမတို့က ငြိမ်နေရပါတယ်

"မတရားသဖြင့် ဘာမှအပြစ်မရှိဘဲ  ဖမ်းဆီးခေါ်ယူပြီး မတရားသဖြင့် သတ်ဖြတ်ခံရတာကိုတော့ ကျမတို့က မကျေနပ်ပါဘူး။  အမှန်တကယ်မှာတော့ စစ်ဆေးမေးမြန်း တာကိုပဲ လုပ်သင့်ပါတယ်။ သေအောင်အထိ မသတ်သင့်ပါဘူး။ ကျမတို့အနေနဲ့ ပြောခွင့်ဆိုခွင့်မရှိလို့ ကျမတို့က  ငြိမ်နေရပါတယ်”

ကျောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာက အသက် ၄၃ နှစ်အရွယ် ဦးကျော်လှိုင်ဟာ ရွာသား သုံးဦးနဲ့အတူ ပြီးခဲ့တဲ့မေလက တောထဲကို သစ်ဝါးခုတ်ဖို့သွားရာကနေ တပ်မတော်ကဖမ်းဆီးခံခဲ့ရတာပါ။

ကျောက်တော်မြို့နယ်အခြေစိုက် စကခ(၉)တပ်ရင်းက ကျောက်တော် မြို့မရဲစခန်းကို လာရောက် အပ်နှံ ခဲ့ပေမယ့် စစ်ကြောရေးလုပ်ဆောင်ရာမှာ ရရှိခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ကျောက်တော် ဆေးရုံမှာ မေလ ၂၆ ရက်နေ့က သေဆုံးခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းကတော့ အခုလို ဝေဖန်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလူတွေကလည်း တပ်မတော်ကလူတွေကိုပဲ ခန့်ထားတာဖြစ်ပါတယ်။ ကျနော် တို့လည်း အဲဒါကြောင့် ယုံကြည်မှုမရှိဘူးဖြစ်နေပါတယ်။ အမှန်ဆိုလို့ရှိရင်တော့ သူတို့ကိုယ်တိုင်က သေသေချာချာ ဂဃနဏ စစ်ဆေးပြီးတော့ အရေးယူရမှာဖြစ်ပါတယ်။ တကယ်လို့များ အဲဒီလိုမှမလုပ်လို့ရှိရင် ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကို တိုင်ကြားပြီးတော့ နိုင်ငံတကာ ရာဇဝတ်တရားရုံးတို့မှာ တရားစွဲဆိုမှပဲ ရမယ့်သဘောရှိပါတယ်။ အဲလိုမှမဟုတ်ရင် ဘယ်လိုမှ အရာထင်မှာမဟုတ်ပါဘူး”

ရခိုင်ပြည်နယ်မှာ အခုနောက်ပိုင်း အရပ်သားသေဆုံးမှုတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေ တဖြည်းဖြည်း များလာနေပါတယ်။

အခုနှစ်အတွင်း သံသယနဲ့အမှုဖွင့်ခံရသူအရေအတွက်ဟာ လူဦးရေ ၅၀၀ ကျော်အထိ ရှိတယ်လို့ ရခိုင်ပြည်နယ် အခြေစိုက် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။