ရခိုင်မှာ စစ်ကောင်စီရိက္ခာဖြတ်တောက်မှု ဒုက္ခသည်လေးသောင်းကျော် အခက်အခဲဖြစ်

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သုံးနှစ်ကျော်ကြာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ် ဘေးဒုက္ခသည်တွေကို စစ်ကောင်စီက ဆန်ရိက္ခာတွေ ပုံမှန်မထောက်ပံ့တော့တဲ့အတွက် ဒုက္ခသည်လေးသောင်းကျော် စားဝတ်နေရေးအခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒုက္ခသည်တွေနဲ့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ အမ်း စတဲ့ မြို့နယ်တွေက ဒုက္ခသည်စခန်း ၁၃၄ ခုမှာ အခုလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာလို့ ပြောကြပါ တယ်။
“အစိုးရကထောက်ပံ့တဲ့ ဆန်မရတာကတော့ သုံးလကျော်လောက်ရှိပါပြီ"
မြေပုံမြို့နယ် ကမ်းထောင်းကြီးဒုက္ခသည်စခန်းမှာဆိုရင် လွန်ခဲ့တဲ့ သုံးလကျော်ကတည်းက စစ်ကောင်စီက ဆန်ရိက္ခာတွေ မထောက်ပံ့တော့တာလို့ စခန်းတာဝန်ခံ ကိုဝင်းလှမောင် က RFA ကို ပြောပါတယ်။
“အစိုးရကထောက်ပံ့တဲ့ဆန် မရတာကတော့ သုံးလကျော်လောက်ရှိပါပြီ။ အဲဒီလို ရိက္ခာတွေပြတ်တော့ စခန်းက ဒုက္ခသည်တွေကတော့ စားရေး၊ သောက်ရေး ကျပ်တည်း တာပေါ့။ ကျနော်တို့ လစဉ်လတိုင်း စာရင်းတွေတင်ပြတယ်။ သူတို့က ဘာမှလည်း အကြောင်းမပြန်ဘူး။ အထောက်အပံ့လည်း ဘာမှမရဘူး”
အဲဒီကမ်းထောင်းကြီး ဒုက္ခသည်စခန်းမှာ အမ်းမြို့နယ် ဒါးလက်ချောင်းအုပ်စုက အလယ် ကျွန်း၊ ရွာဟောင်း၊ ပိုးရွှီ စတဲ့ ကျေးရွာတွေနဲ့ တခြားကျေးရွာတွေက အိမ်ထောင်စု ၁၂၀ နဲ့ လူဦးရေ ၈၁၆ ဦး ခိုလှုံနေတာပါ။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဒုက္ခသည်တစ်ဦးကို တစ်လအတွက် ကျပ်တစ် သောင်း ရှစ်ထောင်စီ ထောက်ပံ့နေပေမယ့် မလုံလောက်တဲ့အတွက် အခက်အခဲနဲ့ ပိုမို ကြုံတွေ့နေကြရတယ်လို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန်ဒုက္ခသည်ခစန်းမှာလည်း စစ်ကောင်စီက ဆန်ရိက္ခာ မထောက်ပံ့တော့တဲ့အတွက် ဒုက္ခသည်တွေဟာ ဖြစ်သလို ရှာကြံစားသောက်နေကြ ရတယ်လို့ စခန်းတာဝန်ခံ ဦးဝင်းမောင်က ပြောပါတယ်။
“ကျနော်တို့ ဒုက္ခသည်စခန်းမှာတော့ ၄ လပိုင်းနဲ့ ၅ လပိုင်းအတွက် ရောက်ခဲ့တယ်။ ၆ လပိုင်းနဲ့ ၇ လပိုင်းအတွက် မရောက်သေးဘူး။ တအား ဒုက္ခရောက်နေပါတယ်။ ကျနော် တို့မှာက WFP နဲ့ လူကယ်ပြန်ကိုပဲ အားကိုးနေတာလေ။ WFP ကတော့ လကုန်ရင် ပုံမှန် ရောက်တယ်။ လူကယ်ပြန်ကတော့ နှစ်လစာ မရောက်သေးဘူး။ စားရေး၊ သောက်ရေး ကလည်း အဆင်မပြေဘူး။ တောင်တွေမှာ မျှစ်တွေသွားခူး၊ ငါးတွေရှာ၊ ကျောက်တွေ တင်ရတဲ့အခါ တင်ရတယ်။ မတင်ရတဲ့အခါ မတင်ရဘူး”
ပုဏ္ဏားကျွန်းမြို့နယ် ဒုက္ခသည်စခန်းမှာ သာစည်၊ ကျောက်ဆိပ်ကျေးရွာတွေနဲ့ ပလက်ဝ မြို့နယ်တွေက စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၁၅၄ စုနဲ့ လူဦးရေ ၅၅၅ ဦး ခိုလှုံနေတာပါ။
စစ်ကောင်စီအနေနဲ့ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာတွေကို အမြန်ဆုံး ပြန်လည် ထောက်ပံ့ပေးဖို့လိုတယ်လို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။
ဂျပန်အစိုးရရဲ့ နိပွန်ဖောင်ဒေးရှင်းကတော့ ရခိုင်စစ်ဘေးဒုက္ခသည်တွေအတွက် ဆန်အိတ် ပေါင်း ငါးသောင်းငါးထောင်ကျော်ကို လှူဒါန်းဖို့ ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ စစ်ကောင်စီ က ခွင့်မပြုသေးတာကြောင့် မဖြန့်ဝေနိုင်သေးဘူးလို့ နိပွန်ဖောင်ဒေးရှင်းရဲ့ ဆန်ရိက္ခာ အကူအညီပေးရေးအစီအစဉ်ကို ညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ ဦးဝင်းအောင်က RFA ကို ပြောပါတယ်။
“ကျနော်တို့ လောလောဆယ် သဘောတူထားတာကတော့ ဆန်အိတ် ငါးသောင်းငါး ထောင်ကျော်ပေါ့နော်။ အဲဒါကို တစ်ယောက်ကို တစ်အိမ်နှုန်းကျ နိပွန်ဖောင်ဒေးရှင်းက စပြီးပြင်ဆင်နေတာရှိပါတယ်။ ဒါပေမဲ့ စစ်ရေးတင်းမာမှုတွေ၊ တချို့အကြောင်းတွေ ကြောင့် ကျနော်တို့ နောက်ဆုတ်လိုက်ရတာရှိပါတယ်”
ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်ကိုးခုမှာ စစ်ဘေးဒုက္ခသည်တစ်ဦးကို ဆန်တစ်အိတ် နှုန်းလှူဒါန်းဖို့ ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူး ကိုယ်စားလှယ်လည်းဖြစ်၊ နိပွန်ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ မစ္စတာ ဆာဆာကာဝါ က ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံကို ရောက်ရှိလာစဉ်မှာ ပြောဆိုခဲ့တာပါ။
အဲဒီဆန်ရိက္ခာတွေကို ပြီးခဲ့တဲ့ မေလအတွင်းမှာ ဖြန့်ဝေဖို့ သဘောတူညီမှုရခဲ့ပေမယ့် ရက္ခိုင့် တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာမှုတွေရှိလာတာကြောင့် စစ် ကောင်စီက တားမြစ်ထားတယ်လို့ ဦးဝင်းအောင်က ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို သုံးလကျော်ကြာလာတဲ့အထိ ရိက္ခာထောက်ပံ့မှုရပ်ထားတာနဲ့ နိပွန်ဖောင်ဒေးရှင်းရဲ့ အကူအညီတွေကို ခွင့်မပြုတာ စတာတွေနဲ့ ပတ်သက်လို့ သိနိုင်ဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ရခိုင်ဒုက္ခသည်အရေး အကူအညီတွေပေးနေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်း အရုံး (REC) ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကတော့ စစ်ကောင်စီအနေနဲ့ ဒုက္ခသည် တွေရဲ့ အခက်အခဲတွေကို ထိထိရောက်ရောက်ဖြေရှင်းဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
“အစိုးရဘက်မှာ ပုံမှန်ထောက်ပံ့ဖို့အတွက် အခက်အခဲတွေကြုံနေရတဲ့ အခြေအနေမျိုး ရှိရင် စစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့မှ ရန်ပုံငွေတွေကို ပြန်လည်သုံးသပ် ပြီးတော့မှ ရှိရင်လည်းရှိတယ်၊ မရှိရင်လည်းမရှိဘူး ပွင့်လင်းမြင်သာစွာနဲ့ ချပြပြီးတော့မှ မရှိဘူးဆိုရင်လည်း ဘာကြောင့်မရှိဘူးဆိုတာကို ရှင်းပြပြီးတော့ ကူညီပေးနိုင်တဲ့သူတွေ ကို ဝိုင်းဝန်းကူညီပေးဖို့အတွက် နှိုးဆော်တာမျိုး ခွင့်ပြုတာတွေ ဒါမျိုးတွေလုပ်လို့ရှိရင် ပြေလည်နိုင်ပါတယ်”
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ လကစလို့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲတွေကြောင့် အရပ်သား နှစ်သိန်းကျော်အထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရ ပါတယ်။
တိုက်ပွဲတွေရပ်စဲနေတဲ့ကာလအတွင်း အဲဒီအထဲက လူပေါင်း တစ်သိန်းကျော် နေရပ်ပြန် သွားကြပြီဖြစ်ပေမယ့် ဒုက္ခသည်လေးသောင်းကျော်ကတော့ သူတို့ကျေးရွာတွေ ရွာလုံး ကျွတ် မီးရှို့ခံရတာ၊ မိုင်းအန္တရာယ်တွေနဲ့ ရွာနဲ့အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်က နေရာ ယူထားဆဲပဲမို့ နေရပ်မပြန်နိုင်ကြသေးတာ ဖြစ်ပါတယ်။