ရခိုင်မြို့နယ်ငါးခုက စစ်ဘေးဒုက္ခသည်စခန်းတချို့ ရိက္ခာပြတ်လပ်


2019.09.13
rathedaung-refugees-622.jpg စစ်တွေမြို့နယ် အုန်ရည်ဖော်ကျေးရွာကို စစ်ဘေးကြောင့် ထွက်ပြေးရောက်ရှိလာတဲ့ ရသေ့တောင်မြို့နယ် ရွှေလောင်းတင်ကျေးရွာက ဒေသခံတွေကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စတဲ့မြို့နယ်တချို့မှာရှိတဲ့ စစ်ဘေးဒုက္ခသည် စခန်းတချို့မှာ စားနပ်ရိက္ခာပြတ်လပ်မှုရှိနေပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ စခန်းတာဝန်ခံတွေ၊ အကူအညီပေးနေတဲ့အဖွဲ့တွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ် အောက်ကျောင်းတောင်၊ ပဲသဒူ ပုဏ္ဏားကျွန်းမြို့နယ် ဖားကြွယ်နဲ့ အထက်သင်ပုန်းတန်း မင်းပြားမြို့နယ်က ရွှေတမာ၊ အိုပျဉ်တောင်၊ သေကန် စတဲ့ဒုက္ခသည်စခန်းတွေ မှာလည်း စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ အရပ်ဖက်အဖွဲ့တွေက ပြောပါတယ်။

လူပေါင်း ၇၀၀ ကျော်မှီခိုနေတဲ့ ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲ စစ်ဘေးဒုက္ခသည်စခန်းမှာ ဆိုရင်လည်း ဒီနေ့မှာ ထမင်းချက်စရာ ဆန်မရှိတော့တဲ့ မိသားစု ၅ ခုခန့်ရှိနေပြီလို့ စခန်းခေါင်းဆောင်တွေက ပြောပါတယ်။

အကူအညီတွေလည်း မရတာကြောင့် နောက်နှစ်ရက်ဆိုရင် စခန်းတစ်ခုလုံး ဆန်ပြတ်တော့မယ့် အခြေအနေကို ရောက်ရှိနေပြီလို့ စခန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအောင်လှရွှေက RFA ကို ပြောပါတယ်။

“ထမင်းမချက်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ အိမ် လေးငါးဆောင်လောက်ရှိနေပါပြီ။ မနက်ဖြန်ဆိုရင် ပိုလို့ဆိုးလာမယ့် အခြေအနေရှိနေပါတယ်။ တောင့်ခံထားနိုင်တဲ့ အခြေအနေလည်းအများကြီး မကျန်တော့ပါဘူး။ တောင့်ထားနိုင်တဲ့ အခြေအနေက နှစ်ရက်လောက်ပဲ ရှိတော့တယ်။ အဲဒီနှစ်ရက်လွန်တာနဲ့ အခြေအနေ ပိုဆိုးလာတော့မှာပါ”

အလားတူ လူပေါင်း ၄၀၀ ကျော်မှီခိုနေတဲ့ ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာ စစ်ဘေးဒုက္ခသည် စခန်းမှာလည်း လက်ကျန်ဆန်ရိက္ခာမရှိတော့ဘူးလို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီစခန်းကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)က ရိက္ခာတွေ အဓိကဖြန့်ဝေတာပါ။

ဆန်ရိက္ခာတွေရှိနေသေးတယ်ဆိုတဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စာရင်းအချက်အလက်တွေအရ ဆန်ရိက္ခာတွေဖြန့်ဝေတာကို ပြီးခဲ့တဲ့ရက်က ရပ်နားထားခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းပြချက်ဟာ လက်တွေ့အခြေအနေနဲ့ ကင်းကွာနေတယ်လို့ ဒုက္ခသည်စခန်း တာဝန်ခံ ကန်စောက်ကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးပညာဗလက မိန့်ပါတယ်။

“လက်ကျန်မရှိတော့ဘူး တကာကြီး၊ လက်ကျန်မရှိတော့ဘူး ဦးဇင်းတို့မှာ။ အဲဒါကြောင့် ဒီလအတောအတွင်းမှာ တော်တော်အခက်အခဲတွေ့နိုင်တယ်။ ဦးဇင်းမှာရှိတဲ့ ဆန်အိတ် ၄၀ ကိုလည်း မနေ့က မျှဝေပေးလိုက်ပြီ။ အိတ် ၄၀ က ဘာမှမပြောလောက်ဘူးလေ တစ်ပတ်စာလောက်ပဲရှိတာ။ အဲဒါ ဦးဇင်းဆီက ပေးထားတဲ့ဆန်ကုန်ရင်တော့ မရှိတော့ဘူး တကာကြီး။ အမှန်တကယ်က သူတို့က ကွင်းဆင်းလေ့လာရမှာ အမှန်တကယ်ရှိလား မရှိဘူးလား။ ဘာကိုကြည့်ပြီးတော့ ရှိတယ်လို့ပြောတာလဲ။ တကယ့်လက်ရှိ မြေပြင်မှာက မရှိဘူးလေ တကာကြီး ဦးဇင်းက ထိန်းသိမ်းထားတဲ့လူဆိုတော့ ဦးဇင်းပဲ သိတာပေါ့။ အဲဒါကြောင့် ရခိုင်ပြည်နယ်အစိုးရ အကြီးအကဲတွေကို လာကြည့်စေချင်တယ်။ ဒီမှာဘယ်လိုနေထိုင်ပြီးတော့ ဘယ်လိုစားနေကြသလဲ ဆိုတာကိုပေါ့။ အဲဒါမှ သူတို့ကသိမှာ”

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလည်း အစိုးရအဖွဲ့က ရရှိထားတဲ့အချက်အလက်အချို့ လွဲချော်နေတာ ရှိတယ်လို့ ဝန်ခံပြောဆိုပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က အခုလို လွဲချော်နေတဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ ပြန်စိစစ်ခိုင်းထားတယ်လို့ RFA ကို ပြောပါတယ်။

“အထက်မြတ်လှဲရော ကန်စောက်ရော အကုန်လုံးပြန်ပြီးတော့ စစ်ဆေးခိုင်းထားတယ်။ အဲဒီစာရင်း လွဲချော်မှုတွေကို ပြန်ပြီးတော့ စိစစ်နေတယ်။ စိစစ်ပြီးတော့ အမြန်ဆုံးလိုအပ်မယ့်ဟာကို အမြန်ဆုံး ပြန်လို့ဖြည့်ဆည်းပေးမယ်။ မြို့နယ်က စာရင်းပေါင်းတာ နည်းနည်းလေးမှားသွားတာပဲဖြစ်ပါတယ်။ မြို့နယ်ကတင်တဲ့အခါ နည်းနည်းမှားယွင်းသွားတဲ့အတွက်ကြောင့် အဲဒါကိုပြန်စိစစ်ပြီးတော့ တကယ်တမ်းလိုအပ်တဲ့နေရာကို ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်”

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် သုံးသောင်း လောက်ဟာ ကယ်ဆယ်ရေးစခန်း ၁၀၀ ကျော်မှာ မှီခိုနေကြရပါတယ်။

ဒီဒုက္ခသည်တွေကို အစိုးရက လူတစ်ဦးကို တစ်နေ့ ၃၀၀ ကျပ်နှုန်းနဲ့ ကူအညီထောက်ပံ့ပေးနေတယ်လို့ပြောပြီး ဒုက္ခသည်တွေဘက်ကတော့ အဲဒီငွေပမာဏနဲ့ လုံလောက်မှုမရှိဘူးလို့ ပြောကြပါတယ်။

ဒုက္ခသည်တွေရဲ့လိုအပ်ချက်တွေကိုထပ်မံဖြည့်ဆည်းနိုင်ဖို့ အရပ်ဖက်အဖွဲ့တွေက အကူအညီပေးခဲ့ကြပေမယ့် ကန့်သတ်မှုတွေကြုံရတဲ့နောက်မှာ အရပ်ဖက်အဖွဲ့တွေရဲ့အကူအညီတွေ လျော့နည်းသွားတာကို တွေ့ရပါတယ်။

စစ်ဘေးဒုက္ခသည်တွေအတွက် ခွင့်ပြုချက်မရှိဘဲ အလှူငွေကောက်ခံတယ်ဆိုပြီး ပြီးခဲ့တဲ့ ဇူလိုင်နဲ့ သြဂုတ်လတွေမှာ စစ်တွေမြို့က ရက္ခိုင့်အလင်းတံခါး၊ ရက္ခတော်ဝင် အပါအဝင် ပရိဟိတအဖွဲ့ ၃ ခုက လူပေါင်း ၃၈ ဦးကို အစိုးရက တရားစွဲဆိုခဲ့ပါတယ်။

အခုလို ကန့်သတ်မှုတွေကြောင့် ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်ဘက်မှာ အခုတစ်လလုံးမှာ အကူအညီပေးမယ့်အဖွဲ့တွေ သွားရောက်နိုင်ခြင်း မရှိကြဘူးလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

“စစ်တပ်ကနေပြီးတော့မှ ရေကြောင်းရော ကားလမ်းတွေရော စားနပ်ရိက္ခာထောက်ပံ့လို့ မရအောင် စိစစ်တာတွေ၊ သွားလာခွင့် မပေးတာတွေ၊ ခွင့်ပြုချက် မပေးတာတွေရှိတယ်လို့ ကျွန်တော်တို့ သိရပါတယ်။ ကျွန်တော်တို့ အဓိက ဒီရသေ့တောင်မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်အစပ်နားမှာရှိတဲ့ စခန်းတွေပေါ့လေ အဲဒီစခန်းတွေက ပိုပြီးတော့မှ အခက်အခဲတွေကြုံရပါတယ်။ ဒေသခံအဖွဲ့အစည်းတွေရော နိုင်ငံတကာအဖွဲ့အစည်းတွေရော ဒီတစ်လလုံးမှာ ဘယ်အဖွဲ့အစည်းမှ မရောက်တာ ကျွန်တော်တို့ တွေ့ရပါတယ်”

ဒီနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာလည်း ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည် အရေးနဲ့ပတ်သက်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက အခုလို ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“သက်ဆိုင်ရာအနေနဲ့ အခြေအနေအကြောင်းကြောင်းကြောင့် ပဋိပက္ခကိုမတားဆီးနိုင်ရင်တောင်မှ ပဋိပက္ခအကျိုးဆက်ကြောင့် ဖြစ်ပေါ်လာတဲ့ပြဿနာတွေကို လျော့ပါးအောင် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးရမယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာလည်း မတောင်းဆိုပဲဖြည့်စွက်ရမယ့် အစိုးရရဲ့ တာဝန်ဝတ္တရားဖြစ်ပါတယ်။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးရှင်- ကိုယ်တိုင်ကိုယ်ကျ ကူညီဆောင်ရွက်ဖို့ အားနည်းသေးတယ်ဆိုလို့ရှိရင် လူသားအခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ၊ ကိုယ်ချင်းစာတရား လက်ကိုင်ထားပြီး ကူညီလိုသူများကို လမ်းဖွင့်ပေးရမှာဖြစ်ပါတယ်။ ကူညီလာအောင်လည်း ဖိတ်ခေါ်ရမှာဖြစ်ပါတယ်။ ကူညီထောက်ပံ့ပေးမယ့် အဖွဲ့အစည်းများ ဝင်ရောက်နိုင်ဖို့ကိုလည်း ပိတ်ပင်တားဆီးမှုတွေကို ဖြေလျှော့သင့်ပါတယ်”

ဒါနဲ့ပတ်သက်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြန်လည်ရှင်းလင်းခဲ့ရာမှာ NGO, INGO နဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေကို အစိုးရကပိတ်ပင်မှု မရှိဘူးလို့ငြင်းဆိုခဲ့သလို လုံခြုံရေးအခြေအနေအရ သွားလာမှုတွေကို စိစစ်နေတာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အရပ်ဖက်လူမှုအဖွဲ့တွေရဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ် မြောက်ပိုင်းကမှာ စခန်းတွင်း၊ စခန်းပြင်မှာရှိနေတဲ့ စစ်ဘေးသင့်ဒုက္ခသည် ခုနစ်သောင်းနီးပါးရှိနေပါတယ်။

(RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့သည်)
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။