ကယ်ဆယ်ရေးစခန်း ပြင်ပ စစ်ဘေးဒုက္ခသည်တွေရဲ့ အခက်အခဲ

ဖြူဖြူခိုင်
2020.01.19
chin-refugees-622.jpg အမ်းမြို့နယ် နတ်မော်ကျေးရွာစာသင်ကျောင်းမှာ ခိုလှုံနေကြတဲ့ ချင်းစစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: Salai Ye Aung

ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းဝန်းကျင်ရှိတဲ့ အထဲမှာ ထက်ဝက်လောက်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ မဟုတ်ဘဲ နီးစပ်ရာ နေရာတွေမှာ ခိုလှုံနေကြရပါတယ်။ ကာလကြာရှည်လာတဲ့ တိုက်ပွဲတွေကြောင့် အဲဒီဒုက္ခသည်တွေ စားသောက်နေထိုင်ရေး အခက်အခဲတွေ ကြုံနေကြပါတယ်။  

ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက်ဟာ ရှိနေတဲ့ ကယ်ဆယ်ရေးစခန်း အရေအတွက်ထက် ပိုများနေတာကြောင့် အကူအညီတွေ အလုံအလောက် မရဘဲ ဖြစ်နေကြပါတယ်။

စစ်ဘေးဒုက္ခသည် စခန်းတွေကို ထောက်ပံ့ကူညီမှု နည်းပါးတာ၊ စီမံခန့်ခွဲမှု အားနည်းတာ၊ နေရာထိုင်ခင်း မလုံလောက်တာတွေကြောင့် စစ်ဘေးဒုက္ခသည် အများစုဟာ နီးစပ်ရာ နေရာတွေကိုပဲ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

ဒုက္ခသည် ၄၀ ရာခိုင်နှုန်းလောက်ပဲ ဒုက္ခသည်စခန်းတွေမှာ နေကြတာလို့ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC  အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း

“မြေနေရာ အခက်အခဲရယ် စီမံခန့်ခွဲတဲ့ ကော်မတီအသေအချာ မရှိတာရယ် အစိုးရဘက်က ရှိနေပြီးသား စခန်းတွေကို အသေအချာ အသိအမှတ် မပြုတာရယ်ကြောင့် စခန်းတွေမှာ နောက်ထပ် စစ်ဘေးရှောင်တွေအနေနဲ့ လာပြီးခုံလှုံဖို့အတွက် အဆင်သင့် ဖြစ်မနေပါဘူး။ ဒီတော့ စစ်ဘေးရှောင်တွေရဲ့ ၄၀ ရာခိုင်နှုန်းလောက် ပဲ စခန်းလို့ ဆိုတဲ့နေရာတွေမှာ နေလို့ရပြီးမှ ၆၀ ရာခိုင်နှုန်းလောက် ကတော့ ဒီလိုပဲ အဆင်ပြေသလို နီးစပ်ရာတွေမှာ ခိုလှုံနေကြရ ပါတယ်။”

REC ရဲ့ စာရင်းတွေအရ ကယ်ဆယ်ရေး စခန်းတွေမှာရှိတဲ့ ဒုက္ခသည်ဟာ လေးသောင်းဝန်းကျင်သာ ရှိပြီး စခန်းပြင်ပမှာရှိတဲ့ ဒုက္ခသည် အရေအတွက်ကတော့ ခြောက်သောင်းခွဲအထိ ရှိပါတယ်။

ဆွေမျိုး အသိမိတ်ဆွေတွေရဲ့ နေအိမ်တွေကို ထွက်ပြေးခိုလှုံနေရတဲ့ ဒုက္ခသည်တွေဟာ ရသေ့တောင်မြို့နယ်မှာ ဆိုရင် အများဆုံးပါပဲ။ အခုနောက်ပိုင်း မင်းပြား၊ မြေပုံ၊ အမ်း စတဲ့မြို့နယ်တွေမှာလည်း ဒုက္ခသည်ဦးရေ တဖြည်းဖြည်း တိုးလာနေတယ်လို့ သိရပါတယ်။

အမ်းမြို့နယ်မှာ ခိုလှုံစရာ ကယ်ဆယ်ရေး စခန်းမရှိလို့ စားသောက်နေထိုင်ရေး ခက်ခဲနေတဲ့  စစ်ဘေးဒုက္ခသည် ၄၀၀ ခန့် ရှိတယ်လို့ စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေကို ကွင်းဆင်းလေ့လာခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ က ပြောပါတယ်။

အရင်က အမ်းမြို့နယ် အမှတ် (၅) ရပ်ကွက် အားကစားခန်းမကို ကယ်ဆယ်ရေးစခန်း အဖြစ် အစိုးရက တာဝန်ယူ ဖွင့်လှစ်ပေးခဲ့ပေမယ့် အခုနောက်ပိုင်းမှာ ဒီကယ်ဆယ်ရေးစခန်းကို ပိတ်လိုက်တာကြောင့် စစ်ဘေးရှောင်တွေဟာ နီးစပ်ရာ ဆွေမျိုးမိတ်ဆွေတွေနဲ့ စာပေနဲ့ ယဉ်ကျေးမှုပိုင် မြေနေရာတွေမှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။

စစ်ဘေးဒုက္ခသည်တွေအထဲမှာ ကျောင်းနေအရွယ် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပါဝင်ပြီး ရာသီဥတုဒဏ်နဲ့ နေထိုင်စားသောက်ဖို့လည်း ခက်ခဲနေပါတယ်။

လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ထားတဲ့အတွက် စားနပ်ရိက္ခာ အကူအညီတွေဟာ ဒုက္ခသည်တွေဆီကို မရောက်သလို ပြည်နယ်အစိုးရကလည်း စစ်ဘေးဒုက္ခသည်တွေအပေါ် ဂရုစိုက်မှု မရှိသလောက် နည်းတယ်လို့ ဒေါ်ထုမေ က ပြောပါတယ်။ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ

“တိုက်ပွဲရဲ့ပယောဂကြောင့် ထွက်ပြေးလာတဲ့ ပြည်သူတွေကို နည်းလမ်းတစ်မျိုးမျိုးနဲ့ ဂရုစိုက်ပေးရမှာ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရက သော်လည်းကောင်း၊ ပြည်ထောင်စု အစိုးရကသော်လည်းကောင်း သတင်းမေးတာတောင် မကြားခဲ့ဘူး။ ဒါစိတ်မကောင်းစရာဖြစ်တယ်။ ဒီလိုမျိုးတော့ ဥပက္ခာပြုလို့မရဘူး။ ကိုယ့်နိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေဖြစ်တယ်။ ပြည်နယ်အစိုးရရဲ့ ဂရုစိုက်မှု အားနည်းတာကြောင့် ဒီလိုပုံစံနဲ့သာ သွားမယ်ဆိုရင် လက်ရှိအစိုးရကို ပြည်သူတွေက အယုံအကြည်မရှိ ဖြစ်သွားလိမ့်မယ်။”

လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေဟာ စစ်ဘေးဒုက္ခသည်တွေရဲ့အခက်အခဲနဲ့ ပတ်သက်လို့ လာမယ့် လွှတ်တော်မှာ တင်ပြဖို့ စီစဉ်နေသူပါ။

အမ်းမြို့နယ်က ဒုက္ခသည် ၄၀၀ ခန့်ထဲမှာ အရှိုချင်းအမျိုးသား စာပေနဲ့ယဉ်ကျေးမှု အသင်းအဖွဲ့ပိုင် မြေနေရာမှာ ခိုလှုံနေသူ ၂၀၀ ကျော် ရှိပါတယ်။

အဲဒီ ၂၀၀ ကျော်ကို အကူအညီပေးနေတဲ့ အရှိုချင်းအမျိုးသား စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့  ဥက္ကဋ္ဌ ကိုနေလင်းက စားနပ်ရိက္ခာ နဲ့ နေရာထိုင်ခင်း ခက်ခဲနေတဲ့အကြောင်း ပြောပါတယ်။

“သူတို့နေတဲ့ရွာတွေမှာ စားသောက်နေထိုင်လို့ မရတဲ့အခါ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ လာကြတယ်။ အစကတော့ ရုံးမှာလက်ခံတယ်။ စာပေရုံးမြေနေရာကို ဌားထားတဲ့ အိမ်ရှင်တွေက လက်မခံတော့တာကြောင့် ရွာထဲက အိမ်တွေမှာထားပါတယ်။ သူတို့အတွက် ဆန်တွေကိုတော့ မြို့နယ်မှာ အလှူသွားခံတယ်။ သူတို့အတွက် စားသောက်ဖို့ မရှိဘူး။ နေရာထိုင်ခင်းတွေ မရှိဘူး။ အဲဒါမျိုးတွေတော့ အခက်အခဲ ကြုံနေရပါတယ်။”

အမ်းက ကယ်ဆယ်ရေးစခန်းမရှိလို့ အခက်အခဲကြုံနေရတဲ့ ဒုက္ခသည် ၄၀၀ ခန့်ဟာ ရခိုင် နဲ့ ချင်းတိုင်းရင်းသားတွေပါ။

နေရပ်စွန့်ခွာလာတဲ့ စစ်ဘေးဒုက္ခသည်တွေ အနေနဲ့ သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေထံကို သတင်းပေးပို့ အကူအညီတောင်းခံမှသာ အစိုးရက ထောက်ပံ့ကူညီ သွားနိုင်မယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့် က ပြောပါတယ်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်

“ကျွန်တော်တို့နဲ့ ဆက်သွယ်လာပြီး နေထိုင်သူတွေ အားလုံးကို အဆင်ပြေအောင် လုပ်ပေးနေတာပဲ။ ကျွန်တော်တို့ မသိတာ တွေကိုတော့ အားနည်းကောင်း အားနည်းလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့နဲ့ လာပြီး ဆက်သွယ်တယ် ကျွန်တော်တို့ကို အကူအညီလာတောင်းရင် အားလုံးကို ကျွန်တော်တို့ တစ်ပြေးညီ လုပ်ပေးနေပါတယ်။”

စစ်ဘေးဒုက္ခသည်တွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP နဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၊ ICRC တို့က စားနပ်ရိက္ခာ အကူအညီပေးနေတာပါ။

တစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်တဲ့ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်အများစုဟာ စားနပ်ရိက္ခာအတွက် ပြင်ပအလှူရှင်တွေရဲ့ ထောက်ပံ့ ကူညီမှုတွေကိုသာ အားကိုးနေကြ ရတာဖြစ်ပါတယ်။ အကူအညီ အလုံအလောက် မရသလို၊ ကယ်ဆယ်ရေးစခန်းတွေကိုလည်း ကောင်းမွန်စွာ မစီစဉ်ပေးနိုင်တဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကတော့ ရှိနေဆဲဖြစ်ပြီး ထွက်ပြေးနေရတဲ့ ဒုက္ခသည်ကလည်း များလာနေတာကြောင့် ရေရှည်မှာ စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း အခက်အခဲကတော့ ဆက်ရှိနေဦးမှာပဲ ဖြစ်ပါတယ်။။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။