မြောက်ဦး ဒုက္ခသည်စခန်းတွေကို တပ်နဲ့ရဲ စစ်မယ့်ကိစ္စ ဒုက္ခသည်တွေ စိုးရိမ်နေ

မင်းသိန်းအောင်
2021.01.07

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့နဲ့အတူ စိစစ်သွားမယ်လို့ မြို့နယ် အုပ်ချုပ်ရေး အာဏာပိုင်တွေက အကြောင်းကြားလာတာကြောင့် ဒုက္ခသည်တွေ စိုးရိမ်နေကြပါတယ်။ ရိက္ခာထောက်ပံ့ဖို့ စာရင်းကောက်ယူမယ်လို့ ပြောဆိုပေမဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ဆန်အိတ်တွေ သိမ်းသွားတာမျိုးလည်း ရှိခဲ့တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဆန်အိတ်တွေ သိမ်းတဲ့ကိစ္စကိုတော့ တပ်မတော်ဘက်က ငြင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်နဲ့ မြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည်စခန်းတွေကို တပ်မတော်၊ ရဲတပ်ဖွဲ့ အပါအဝင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ စိစစ်သွားမယ့်အကြောင်း မြို့နယ်အုပ်ရေးမှူး ဦးမောင်သာစိန်က ဇန်နဝါရီလ ၂ ရက်နေ့ ရက်စွဲနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ စခန်းတာဝန်ခံတွေကို အကြောင်းကြားထားတာပါ။

ညောင်ပင်ဈေး၊ လက်ကောက်ဈေး၊ တိမ်ညို၊ တင်းထိန်ကန်၊ ပြလှ စတဲ့ ဒုက္ခသည်စခန်း ၁၅ ခုကို အကြောင်းကြားထားတာ ဖြစ်ပါတယ်။

တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်း စီမံခန့်ခွဲရေးအဖွဲ့တာဝန်ခံ ဦးစိုးနိုင်က အဲဒီအကြောင်းကြားစာကို ဒီနေ့ လက်ခံရရှိထားတယ်လို့ RFA ကိုပြောပါတယ်။

"ဇန်နဝါရီ ၄ ရက်နေ့က အုပ်စုစာရေးက အကြောင်းကြားစာကို သွားယူပြီးတော့ ဒီနေ့ပဲ ကျွန်တော့ဆီကို စာရောက်ပါတယ်ခင်ဗျ။ အကျဉ်းချုပ်က စာမှာ ဘာပါလဲဆိုတော့ ကယ်ဆယ်ရေးစခန်းတွေမှာ လူဦးရေကို ဝင်စစ်မယ်ပေါ့ဗျာ။ ရပ်ကျေးအုပ်ချုပ်ရေးမှူးရယ်၊ တပ်ရယ်၊ ရဲရယ်၊ စခန်းကော်မတီဝင်တွေရယ် အားလုံး ပေါင်းပြီးတော့ စိစစ်ပြီးမှ လူဦးရေစာရင်း အတိအကျရရင် ရိက္ခာတွေကို ဖြန့်ဝေပေးတော့မယ်ဆိုပြီး အဲလိုမျိုး ပါပါတယ်ခင်ဗျ”

စိစစ်မှုရလဒ်အပေါ်မူတည်ပြီးတော့ အစိုးရက ရိက္ခာထောက်ပံ့မှုတွေကို ဆက်လုပ်သွားမယ်လို့လည်း အကြောင်းကြားစာမှာပါရှိပေမယ့် ဘယ်နေ့လာစစ်မယ်ဆိုတာကို ဖော်ပြမထားဘူးလို့ ဆိုပါတယ်။

လူဦးရေ သုံးထောင်ကျော် ခိုလှုံနေတဲ့ တိမ်ညို စစ်ဘေးဒုက္ခသည်စခန်းမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်း လူဦးရေနဲ့ အိမ်ထောင်စုစာရင်း နှစ်ကြိမ်စစ်ဆေးခဲ့ပြီး အခုတစ်ကြိမ်ဟာ တတိယအကြိမ်မြောက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒုက္ခသည်စခန်းက လူဦးရေကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့ပါဝင်တဲ့အဖွဲ့က ထပ်တလဲလဲ စိစစ်နေရတဲ့ အကြောင်းရင်းကို ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးဖို့ လိုအပ်တယ်လို့လည်း ဦးစိုးနိုင်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်၊ ပြည်နယ်အစိုးရ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်တို့ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားမယ့်သူ မရှိပါဘူး။

အိမ်ထောင်စု ၂၇၉ စုနဲ့ လူဦးရေ ၁၀၂၃ ဦး ခိုလှုံနေတဲ့ တင်းထိန်ကန် စစ်ဘေးဒုက္ခသည်စခန်းက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စခန်းလူကြီးတစ်ဦးက တပ်မတော်က ဒေသခံတွေအပေါ် အရင်လုပ်ဆောင်ခဲ့တဲ့ အပြုအမူတွေကြောင့် အခု တပ်နဲ့ရဲတပ်ဖွဲ့ ပေါင်းပြီး စစ်ဆေးမယ့်ကိစ္စကို စိုးရိမ် ကြောက်လန့်နေကြတယ်လို့ ပြောပါတယ်။

“စစ်တပ်နဲ့ ရဲ ပါမယ်ဆိုရင်တော့ စိုးရိမ်မှုကတော့ ရှိပါတယ်။ စိုးရိမ်မှုကတော့ အများကြီးပါ။ သူတို့က မထင်ရင် မထင်သလို ရိုက်နှက်မေးမြန်းတာ၊ ခြိမ်းခြောက်ပြီး မေးတာတွေနဲ့ နဂိုကတည်းက သူတို့က လူတွေကို မတရားသဖြင့်ခေါ်စစ်တာတွေ၊ ရိုက်နှက်တာတွေ ရှိနေတယ်ဆိုတော့ ပြည်သူတွေကတော့ ကြောက်လန့်နေ ကြတာတော့ အမှန်ပဲဗျ။ ရိုးရိုးသားသားမေးမြန်းမယ် ဆိုရင်တော့ အစစ်ဆေးခံချင်ပါတယ်။ ဒါပေမဲ့ သူတို့ကို ယုံကြည်လို့ မရတာကြောင့် ပြည်သူတွေက ထိတ်လန့်နေကြတာပေါ့”

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်းပိုင်းက တိမ်ညို ဒုက္ခသည်စခန်းဘက်ကို တပ်မတော်စစ်ကြောင်းတစ်ခု ရောက်ရှိလာပြီး ဒုက္ခသည်တွေအတွက် ဘုန်းကြီးကျောင်းမှာ သိမ်းထားတဲ့ ဆန်အိတ် ၅၀၀ ကျော်ကို တပ်မတော်က သိမ်းယူသွားချိန်ကစလို့ ဒုက္ခသည်တွေဟာ တိမ်ညို စစ်ဘေးဒုက္ခသည်စခန်းကနေ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆန်အိတ် ၅၀၀ ကျော်ကိစ္စနဲ့ ပတ်သက်လို့ သူ့အနေနဲ့ သတင်းမရဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

အဲဒီအချိန်ကတည်းက တပ်မတော်စစ်ကြောင်းကို ကြောက်လို့ တိမ်ညို ဒုက္ခသည်စခန်းကနေ ပြလှ ဒုက္ခသည်စခန်းကို ထွက်ပြေးရောက်ရှိနေတဲ့ ဒေါ်မသိန်းနုက တပ်မတော်ကို ကြောက်တာကြောင့် တိမ်ညိုစခန်းကိုပြန်ပြီး စစ်ဆေးခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ကျွန်မတို့ရွာမှာ မကြာမကြာတိုက်ပွဲဖြစ်တယ်။ ရွာထဲမှာလည်းဖြစ်တယ်၊ ရွာနားမှာလည်းဖြစ်တယ်။ ရွာကိုလည်း မီးရှို့ခံရတယ်။ ပထမဖြစ်စဉ် တုန်းကလည်း ကျွန်မတို့ရွာသား ၂၇ ယောက်ကို ဖမ်းထားတယ်။ အခုထိမလွတ်လာသေးဘူး။ အခုနောက်ပိုင်းမှာလည်း အမျိုးသမီးတစ်ယောက်ကို မြို့ဦးခေါင်း ကယ်ဆယ် ရေးစခန်းကနေ ဖမ်းသွားတယ်။ အဲဒါ ကျွန်မတို့ရွာကပဲ။ ဒါကြောင့် နောက်ထပ်ဖမ်းဆီးခံရမှာကို ကြောက် ပြီးတော့၊ အနှောင့်အယှက်တွေ ဖြစ်လာမှာကိုကြောက်ပြီးတော့ ကျွန်မတို့က ထွက်ပြေးနေတာပေါ့။ အခုက တိမ်ညိုကယ်ဆယ်ရေးစခန်းကို ကျွန်မတို့ မသွားချင်ဘူး။ ကျွန်မတို့ကြောက်တယ်။ အဲတော့ ကျွန်မတို့က ဒီ ပြလှ ကယ်ဆယ်ရေးစခန်းမှာပဲ ဆက်နေသွားတော့မယ်”

ဒေါ်မသိန်းနုဟာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ လက္ကာကျေးရွာသူဖြစ်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရလို့ တိမ်ညိုဒုက္ခသည်စခန်းမှာ ခိုလှုံခဲ့ရသူပါ။

တပ်မတော်နဲ့ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့နဲ့ စိစစ်မယ့်အပေါ် အခြားဒုက္ခသည်စခန်းတွေမှာလည်း စိုးရိမ်မှုတွေနဲ့ စောင့်ကြည့်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလိုဒေသခံတွေဘက်က စိုးရိမ်နေတဲ့ကိစ္စကို အာဏာပိုင်တွေဘက်က ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာကို မသိရသေးပါဘူး။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ရဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ စာရင်းအရ နေရပ်မပြန်နိုင်ကြသေးတဲ့ ဒုက္ခသည် တစ်သိန်းကိုးသောင်းကျော် ရှိနေပါတယ်။

အစိုးရရဲ့ စာရင်းတွေအရတော့ ရခိုင်ပြည်နယ်က မြို့နယ် ၁၁ မြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၂၂၇၇၁ စုနဲ့  ဒုက္ခသည်ဦးရေ ၈၇၄၆၇ ဦးရှိပါတယ်။

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ပြီးခဲ့တဲ့ နှစ်နှစ်တာကာလမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က စစ်ဘေးဒုက္ခသည်စခန်းတချို့နဲ့ ကျေးရွာတွေမှာ လူဦးရေနဲ့ အိမ်ထောင်စုစာရင်းတွေ မကြာခဏ စစ်ဆေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။