ရခိုင်မှာ ကိုယ်ပိုင်တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးကို ပြောင်းလဲကျင့်သုံးလာ

2022.01.19
ရခိုင်မှာ ကိုယ်ပိုင်တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးကို ပြောင်းလဲကျင့်သုံးလာ ရက္ခိုင့်တပ်တော် ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်နဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ၂၀၁၉ ဧပြီ ၁၇ ရက်နေ့က သတင်းစာရှင်းလင်းစဥ်
Photo: RFA

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေရပ်စဲနေတဲ့ အချိန် တစ်နှစ်ကျော်ကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေ ကနေ ခွဲထွက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ကိုယ်ပိုင်တရားစီရင်ရေးတွေကို ပီပြင်အောင် အကောင်အထည်ဖော်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပွဲလမ်းသဘင်ကို စတင်မကျင်းပမီနဲ့ ကျောင်းတွေမှာ စာမသင်မီ အားလုံးမတ်တပ်ရပ်ပြီး ရက္ခိုင့်နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုကြတာဟာ အစဉ် အလာတစ်ခုလို ဖြစ်လာနေပါတယ်။

စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ရသေ့တောင်၊ ဘူးသီး တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း စတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ်တွေမှာ ဒီအစဉ်အလာကို ကျင့်သုံးနေကြတာပါ။

အခုလို ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်မူတွေကို ပြောင်းလဲကျင့်သုံးလာတာဟာ ရက္ခိုင့်တပ်တော် (AA) ရဲ့ အင်အား ကြီးထွားလာတာကြောင့်ဖြစ်တယ်လို့ မြောက်ဦးဒေသခံ ကိုဇော်ထွန်း က ပြောပါတယ်။

“AAရဲ့ တိုက်ပွဲတွေ မစတင်ခင် ရခိုင်ပြည်ဟာ မြန်မာ့နိုင်ငံရေး ရေစီးကြောင်းထဲမှာ ဒီမိုကရေစီဆိုရင် ဒီမိုကရေစီ၊ ဖယ်ဒရယ်ဆိုရင် ဖယ်ဒရယ်၊ ပါတီစုံဒီမိုကရေစီဆိုရင် ပါတီစုံဒီမိုကရေစီ အဲလိုမျိုး ကိုယ်ပိုင်လမ်းစဉ် ကိုယ်ပိုင်ယုံကြည်မှု ကိုယ်ပိုင်အိမ်မက် မရှိဘဲ သွားခဲ့ကြပါတယ်။ ဒါပေမဲ့ ULA/AA ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ နှစ်နှစ်တာ သုံးနှစ်တာ ဖြစ်ပေါပြီးတဲ့နောက်ပိုင်းမှာကျတော့ ရခိုင်ပြည်မှာ ကိုယ်ပိုင်လမ်းကြောင်း တစ်ခု ရရှိသွားတာကို ကျွန်တော်တို့ အံ့သြဖွယ်တွေ့ရှိရပါတယ်။ နိုင်ငံတော်သီချင်း ဆိုလာကြတာမျိုး ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်မူ၊ ကိုယ်ပိုင်အပြောအဆိုတွေ ဖြစ်လာကြတာ မျိုးတွေဟာ ULA/AA ရဲ့ အင်အား အဆမတန်ကြီးလာတဲ့အပေါ်မှာ အများကြီး မူတည်နေတယ်လို့ပဲ ကျွန်တော်တို့ နားလည်ရမှာဖြစ်ပါတယ်”

ခေတ်အဆက်ဆက်အစိုးရတွေက ရခိုင်ဒေသနဲ့ ရခိုင်လူမျိုးတွေအပေါ်မှာ ပစ်ပယ်ထား ခဲ့တာကြောင့် ရခိုင်လူထုဟာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးမှရတော့မယ်ဆိုပြီး ပြီးခဲ့တဲ့  ၂၀၁၈ နှစ်ကုန်ပိုင်းကစလို့ စစ်တပ်နဲ့ အစိုးရကို ပြင်းပြင်းထန်ထန် တော်လှန်ခဲ့ကြပါတယ်။

အခုလက်ရှိမှာလည်း ရခိုင်လူထုဟာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးမယ့် နိုင်ငံရေး ယုံကြည်မှုတွေ ပိုအားကောင်းလာတာကို တွေ့ရတယ်လို့  ကျောက်တော်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း  ဦးဦးထွန်းဝင်း က ပြောပါတယ်။

“ကျွန်တော်တို့က ကျွန်တော်တို့ကံကြမ္မာကို ကိုယ့်လက်နဲ့ ပုံဖော်ပြီးတော့မှ တိုးတက် အောင် လုပ်နိုင်တယ်ဆိုတဲ့ တနည်းအားဖြင့် ကျွန်တော်တို့ကံကြမ္မာကို ကျွန်တော်တို့ ဖန်တီး ရမယ်၊ ပုံဖော်ထုဆစ်ရမယ်ဆိုတဲ့ ယုံကြည်မှုတွေ တော်တော်များများ အား ကောင်းလာတာကို ကျွန်တော်တို့တွေ့ရတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီမှာလည်းပဲ ဒီစိတ်တွေ တော်တော်အားကောင်းလာတာကို တွေ့ရတယ်။ အမျိုးသားရေးအရ အားကောင်းတဲ့ အဖွဲ့အစည်းတစ်ခုကို အခြေခံပြီးမှ ကျွန်တော်တို့ရဲ့ မျှော်မှန်းတဲ့ နိုင်ငံရေးပန်းတိုင်တစ်ခုကို ရောက်အောင်သွားမယ် သွားလို့လည်းရောက်ရမယ်ဆိုတဲ့ ယုံကြည်မှုတွေ တော်တော်များများ အားကောင်းလာတာကို ကျွန်တော်တို့မြင်ရတယ်ဗျ။ ဒါကတော့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဒီကြားထဲမှာ တိုးတက်လာတဲ့ လက္ခဏာ တွေလို့ ပြောရမှာပေါ့”

တစ်ဘက်မှာလည်း တိုက်ပွဲတွေရပ်စဲနေတဲ့ ဒီတစ်နှစ်ကျော်ကာလအတွင်းမှာ ရက္ခိုင့် တပ်တော် (AA) ဟာ အစိုးရရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားတွေကို အေအေရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားတွေနဲ့ အစားထိုးဖို့ ကြိုးစားလာတာကိုလည်း တွေ့ရပါတယ်။

ရက္ခိုင့်တပ်တော် (AA) ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁ ရက်နေ့ကစလို့  ရခိုင်ပြည်နယ်မှာ အမှုအခင်းတွေ အားလုံးကို တိုင်ကြားနိုင်ပြီလို့ ထုတ်ပြန်ကြေညာခဲ့တာပါ။

အဲဒီအချိန်ကစပြီး အမှုအခင်းကိစ္စတွေကို အစိုးရတရားရုံးတွေထက် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) တရားရုံးတွေမှာပဲ အများအပြား သွားရောက်တိုင်ကြားတာတွေ့ရတယ် လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေ က ပြောပါတယ်။

“အရင်တုန်းကတော့ အစိုးရဘက်က အများကြီး တရားစီရင်ရေးတို့ အုပ်ချုပ်ရေးတို့ လွှမ်းမိုးမှုတွေ အများကြီးရှိတယ်ပေါ့လေ။ ဆိုတော့ အခုအချိန်မှာ အုပ်ချုပ်ရေးနဲ့ တရား စီရင်ရေးပိုင်းတွေမှာ အစိုးရဘက်က လူတွေရဲ့ တရားစီရင်တာတို့ အုပ်ချုပ်ရေးယန္တရား လည်ပတ်တာတို့ အားနည်းလာတယ်လို့ မြင်တယ်။ တစ်ဘက်မှာ အခု ULA တရားရုံးတို့ အုပ်ချုပ်ရေးတို့ဘက်ကိုပဲ လူထုကရောက်သွားတယ်ဆိုတော့ အဲဒါပြောင်းလဲမှုတစ်ခုလို့ ပြောလို့ရတာပေါ့။ အဲဒါ အထူးသဖြင့် ပြောင်းလဲမှုလို့ ပြောလို့ရတာပေါ့”

တရားစီရင်ရေးယန္တရားကို ရက္ခိုင့်တပ်တော် (AA) က ကိုင်တွယ်လာပြီးနောက် ကျေးလက်ဒေသတွေမှာ မှုခင်းဖြစ်စဉ်တွေ အရင်ကထက်သိသိသာသာ နည်းပါးသွားတယ် လို့လည်း ဆိုပါတယ်။

"ULA တရားရုံးတို့ အုပ်ချုပ်ရေးတို့ဘက်ကိုပဲ လူထုက ရောက်သွား တယ်ဆိုတော့ အဲဒါပြောင်းလဲမှုတစ်ခုလို့ ပြောလို့ရတာပေါ့"

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ အခုလက်ရှိမှာ စစ်တပ်ဟာ ရခိုင်ကနယ်မြေ အများအပြားကို စွန့်လွှတ်လိုက်ရပြီဖြစ်ပြီး ရက္ခိုင့်တပ်တော် (AA) က တော့ ရခိုင်ပြည်နယ်တစ်ခုလုံးရဲ့ သုံးပုံ နှစ်ပုံကို ထိန်းချုပ်ထားနိုင်တဲ့အနေအထား တွေ့ရ တယ်လို့ ပြောပါတယ်။

“စစ်တပ်က အရင်တုန်းကတော့ ရခိုင်တစ်ပြည်လုံးကို တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၈၀ လောက်နဲ့ကို ထိန်းချုပ်ထားတာ။ ဒီနေ့အချိန်မှာ သူတို့က နယ်မြေတော်တော်များများကို သူတို့စွန့်လွှတ်လိုက်ရပြီ။  တပ်ရင်းတပ်ဖွဲ့တွေဆိုတာလည်း ကိုယ့်တပ်စခန်းထဲက အပြင် ကိုထွက်ဖို့တောင် အခက်အခဲဖြစ်သွားပြီပေါ့။ စစ်ရေးကို မလှုပ်ရှားနိုင်တော့ဘူးပေါ့။ တကယ်တော့ အခုအခြေအနေမှာတော့ ULA/AA ရဲ့ တပ်အင်အားက ဘာမှမရှိတဲ့ဟာက ရခိုင်ပြည် သုံးပုံနှစ်ပုံလောက်ကို ထိန်းထားနိုင်တဲ့အနေအထားကို တွေ့ရတယ်”

ရခိုင်ပြည်နယ်မှာ အခုလက်ရှိမှာ တိုက်ပွဲတွေရပ်စဲနေပေမဲ့ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြားမှာတော့ အားပြိုင်မှုတွေ၊ စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက မောင်တောမြို့နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့သလို ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် ပိထုကျေးရွာအနီးမှာ နှစ်ဖက်စစ်ရေးတင်းမာမှုတွေကြောင့် ကျေးရွာ သားတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

တစ်ဘက်မှာလည်း စစ်တပ်ဟာ ရက္ခိုင့်တပ်တော် (AA) ကို မထောက်ခံဖို့၊ အေအေရဲ့ တရားရုံးတွေမှာ အမှုတွေ မတိုင်ကြားဖို့နဲ့ အေအေရဲ့ လှုပ်ရှားမှုတွေကို သတင်းပေး တိုင်ကြားဖို့ကို မြို့နယ်အချို့မှာ ဒေသခံတွေကို သွားရောက်သတိပေးတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ အခုလက်ရှိအချိန်အထိ တိုက်ပွဲဖြစ်နိုင်ခြေနည်းနေသေးတယ်လို့ လေ့လာသူတွေ က ပြောဆိုကြပါတယ်။

မြောက်ဦးမြို့နယ်က မူလတန်းကျောင်းတစ်ခုမှာ အာရက္ခနိုင်ငံတော်အလံ လွှင့်တင်ထားတာကို ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်
မြောက်ဦးမြို့နယ်က မူလတန်းကျောင်းတစ်ခုမှာ အာရက္ခနိုင်ငံတော်အလံ လွှင့်တင်ထားတာကို ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်

စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ စစ်တပ်နဲ့ အေအေတို့ကြားမှာ အောက်ခြေအဆင့်မှာရော၊ အထက်အဆင့်မှာပါ ခိုင်ခိုင်မာမာဆက်ဆံ ရေးရှိတယ်လို့ ပြောပါတယ်။

“အေအေကို တိုက်ပွဲထဲကို ပါလာအောင် မျိုးစုံလှုံ့ဆော်နေတဲ့ဟာတွေရှိပါတယ်။ တပ်မ တော်နဲ့ အေအေကြားမှာ အထင်အမြင်လွဲမှားအောင် မျိုးစုံလှုံဆော်တာပေါ့။ ကျွန်တော်တို့ အနေနဲ့ အောက်ခြေအဆင့်မှာရော၊ အထက်အဆင့်မှာရော ခိုင်ခိုင်မာမာဆက်ဆံမှုတွေ ရှိတယ်လို့ ပြောချင်ပါတယ်”

ရက္ခိုင့်တပ်တော် (AA) စစ်ဦးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ကတော့ ရခိုင်ပြည်သူတွေရဲ့ ဆုံးရှုံးသွားတဲ့ အချုပ်အခြာအာဏာကို ပြန်လည်ရယူရေးနဲ့ ရခိုင်လူမျိုးတွေရဲ့ ကံကြမ္မာကို ရခိုင်လူမျိုးတွေရဲ့လက်နဲ့ ထုဆစ်ဖန်တီးခွင့်ရဖို့ ရက္ခိတလမ်းစဉ်ချမှတ်ပြီး လုပ်ငန်းစဉ်တွေ အဆင့်ဆင့် ကြိုးစားဆောင်ရွက်နေကြောင်း သူ့ရဲ့ မိန့်ခွန်းတွေမှာ ထည့်သွင်းပြောဆိုထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။