စစ်ဘေးဒုက္ခသည်တွေ ရွေးကောက်ပွဲကို စိတ်မဝင်စားနိုင်
2020.06.07
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမယ့် ၅ လအကြာမှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောထားပေမယ့် ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည် အများအပြားကတော့ ရွေးကောက်ပွဲကို စိတ်မဝင်စားနိုင်ကြပါဘူး။
နယ်မြေမတည်ငြိမ်တဲ့ ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်ပြည်မြောက်ပိုင်း မြို့နယ်တွေက စစ်ဘေးဒုက္ခသည်တွေ ကတော့ ရွေးကောက်ပွဲမှာ မဲပေးခွင့် ရရေးထက် လုံခြုံစိတ်ချမှုရှိစွာနဲ့ နေရပ်ပြန်နိုင်ရေးကိုပဲ မျှော်လင့်နေကြတာပါ။
ကိုင်းကြီးဒုက္ခသည်စခန်းမှာ ၇ လကြာ နေထိုင်နေရတဲ့ ဒုက္ခသည် တစ်ဦးကတော့ စခန်းမှာ အဆင်မပြေလို့ ရွာအမြန်ပြန်ချင်ပြီလို့ ပြောပါတယ်။
“ရွေးကောက်ပွဲ လုပ်ရင်လည်း မတတ်နိုင်ဘူး။ ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး။ ဒီမှာ အခက်အခဲတွေ ရှိတယ်။ ဒုက္ခသည်စခန်းမှာ နေထိုင်ရတာ အဆင်မပြေဘူး။ အိမ်တွေကလည်း ပြိုသွားပြီ။ အိမ်ကို ပြန်ချင်ပြီ။ ကျွန်တော်တို့ရွာကို ပြန်ချင်ပြီ”
ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့အကြား လက်ရှိအချိန်အထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးဌာန အပါအဝင် အစိုးရအဖွဲ့ဝင်တွေနဲ့ တိုင်ပင်ဆွေးနွေးနေတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဇွန်လ ၄ ရက်နေ့က ပြောခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ဖြစ်မောက်ရေးအတွက် ဒေသတွင်း တည်ငြိမ်အေးချမ်းဖို့လိုပြီး ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုနဲ့ အကြောက်တရားတွေ မရှိအောင် လုပ်ဖို့လိုတယ်လို့ မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောပါတယ်။
“သူတို့ရဲ့နေ့စဉ်ဘဝမှာ ရွေးကောက်ပွဲဟာ အရေးကြီးတဲ့အရာ တစ်ခုဖြစ်မယ် မထင်တော့ဘူး၊ ကျွန်တော့်အမြင် ပြောတာပါ။ သူတို့ဘဝမှာ အသက်ရှင်သန်ဖို့ အေးအေးဆေးဆေး နေရဖို့၊ မိသားစုနဲ့ နွေးနွေးထွေးထွေးနေရဖို့၊ သားသမီးတွေကို စာသင်ဖို့ အဲဒါပဲ စိတ်ဝင်စားတယ်။ ရွေးကောက်ပွဲ ဖြစ်ခြင်း၊ မဖြစ်ခြင်း ဆိုတာက သူတို့အတွက် သိပ်စဉ်းစားတော့မှာ စိတ်ဝင်စားမှု နည်းတဲ့အတွက် မဲပေးတဲ့သူကတော့ နည်းမှာသေချာတယ်”
ရွေးကောက်ပွဲ ကျင်းပမယ့်ရက် အတိအကျကိုတော့ ကော်မရှင်က ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်မှုအပေါ် မူတည်ပြီး ရက်အတိအကျကို သတ်မှတ်ကြေညာသွားမယ်လို့ နေပြည်တော်မှာ ဇွန်လ ၃ ရက်နေ့က ကျင်းပတဲ့ မဲဆန္ဒနယ်နဲ့ မဲရုံသတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုထားပါတယ်။
ဒါပေမဲ့လည်း နိုင်ငံရေး ပါတီတချို့ကတော့ လာမယ့် ရွေးကောက်ပွဲအတွက် ပါတီတွင်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြပါပြီ။
ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက လက်ရှိအချိန်မှာ မဲရရှိဖို့ထက် စစ်ဘေးဒုက္ခသည်တွေ ကိုယ့်ရပ်ရွာကို လုံခြုံစိတ်ချစွာ ပြန်နေနိုင်ဖို့အတွက်ကိုပဲ ဦးစားပေး လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
“ရွာသူရွာသားတွေကို ကျွန်မတို့အနေနဲ့ မဲရဖို့အတွက်ချည်းပဲ အခုအချိန်မှာ လုပ်နေလို့ အဆင်မပြေဘူး။ ရွေးကောက်ပွဲထက် သူတို့စားဝတ်နေရေးက ပိုအရေးကြီးတယ်။ နောက်တစ်ခုက သူတို့ လုံခြုံစွာနေနိုင်ရေးက ပိုအရေးကြီးတယ်။ ရသေ့တောင်မြို့နယ်မှာဆိုရင် အခုအချိန်အထိ ထွက်ပြေးရတုန်းပါပဲ။ ဘယ်လိုပဲ ရွေးကောက်ပွဲက အရေးကြီးတယ်လို့ ပြောပေမယ့် တိုက်ပွဲတွေ ရပ်ပြီးတော့ ကိုယ့်မြို့ကိုယ့်ရွာမှာ အေးအေး ချမ်းချမ်း ငြိမ်းချမ်းရေးကိုပဲ အားသွန်နေတဲ့ အချိန်ဖြစ်ပါတယ်။ သူတို့အဆင်ပြေပြေနဲ့ လုံခြုံစွာနေနိုင်ရေး အတွက် ပထမဦးစားပေးအနေနဲ့ လုပ်ဖို့ပဲ ရည်ရွည်ချက်ရှိနေတယ်။ ရွေးကောက်ပွဲ တကယ်လို့ ကျင်းပနိုင်ခဲ့ မယ်ဆိုရင် ဒါဟာ ဒုတိယဦးစားပေး အဆင့်ပဲ ဖြစ်ပါလိမ့်မယ်”
ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ နေရပ်မပြန်နိုင်ဘူးဆိုရင် စစ်ဘေး ဒုက္ခသည်တွေ မဲပေးဖို့ ခက်ခဲနိုင်ပြီး သူတို့အတွက် ကော်မရှင်က ဘယ်လိုစီစဉ်ပေးမလဲဆိုတာကို စောင့်ကြည့်နေတယ်လို့ ရန်ကုန်မြို့ အခြေစိုက် ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်က ပြောပါတယ်။
“ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက ကချင်စစ်ဘေးရှောင်တွေဟာ နေရပ်မပြန်နိုင်ဘူး။ မဲစာရင်းက နေရပ်မှာ ရှိတာမျိုး ဖြစ်ခဲ့တယ်။ ကော်မရှင်ဘက်ကလည်း မဲထည့်ဖို့အတွက် စီစဉ်ပေးတဲ့နေရာတွေမှာ မပြည့်စုံတဲ့အပိုင်းတွေ ရှိတယ်။ သူတို့ကိုယ်တိုင်ကလည်း မဲပေးဖို့ထက် စားဝတ်နေရေးနဲ့ နေရပ်ပြန်နိုင်ရေးကိုပဲ ပိုပြီးတော့ ဦးစားပေးစဉ်းစားတာမျိုးတွေ ရှိတယ်။ စစ်ဘေးရှောင်တွေက မဲပေးမှု အတော်လေးနည်းတယ်လို့ ပြောကြတာတွေရှိတယ်။ အခုက ကချင်ဘက်မှာမဟုတ်ဘဲ ရခိုင်ဘက်မှာ ဖြစ်နေတယ်။ ပြဿနာပုံစံချင်းက တူနေတယ်။ အဲဒီအပေါ်မှာ တစ်အချက်ကတော့ သူတို့ နေရပ်ပြန်နိုင်မလား။ ရွေးကောက်ပွဲ မတိုင်ခင်မှာ နေရပ်မပြန်နိုင်ရင် စစ်ဘေးရှောင်စခန်းတွေမှာပဲ သူတို့မဲပေးဖို့ကို ကော်မရှင်က ဘယ်လိုစီစဉ်ပေးမလဲ ကြည့်ရမယ်။ အဓိက ပြဿနာကတော့ စစ်ဘေးရှောင်တွေက မဲပေးတာ မပေးတာထက်၊ မဲပေးချင်စိတ်ထက် သူတို့နေရပ်ပြန်ချင်စိတ် သူတို့စားဝတ်နေရေး ပြေလည်ချင်စိတ်က ပိုများနေမှာတော့ သေချာတယ်”
ကော်မရှင်က မေလအတွင်း ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိပြီး ပါတီစုစုပေါင်း ၉၀ ကျော် ဝင်ရောက်ယှဉ်ပြိုင် နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေကြောင့် မကြာခဏဆိုသလို အရပ်သား ထိခိုက်မှုတွေရှိနေပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက် နှစ်သိန်းနီးပါး ရှိနေပါတယ်။