ရသေ့တောင်တိုက်ပွဲကြောင့် ၁၀ ရွာထက်မနည်း ဘေးလွတ်ရာကို ထွက်ပြေးရ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်းမှာ ဩဂုတ်လ ၃၀ ရက် မနေ့ညက စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး အနီးအနား ကျေးရွာ ၁၀ ရွာ ကျော်က ဒေသခံ ငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံ တွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ်စခန်းချထားတဲ့ ရေစိုးချောင်းဗျူဟာကနေတစ်ဆင့် ကုလားချောင်းကျေးရွာ ကို ရိက္ခာဆင်းယူတဲ့ စစ်ကြောင်းကို ရက္ခိုင့်တပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်ခဲ့တာ လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“တိုက်ပွဲဖြစ်တာက ရသေ့တောင်ရဲ့ မြောက်ဘက်မှာ ရေစိုးချောင်းဗျူဟာဆိုတာရှိတယ်။ ရေစိုးချောင်းဗျူဟာကို ရိက္ခာပို့တဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေရှိတော့ မနေ့က ရိက္ခာဆင်းယူတဲ့တပ်ဖွဲ့ကို AA က ကြားဖြတ်တိုက်တာပေါ့။ လေးယောက် ကျတယ်လို့ ပြောတယ်။ မနက်ကတော့ အဲဒီအလောင်းတွေကို လာကောက်တယ်ပြောတယ်။ မနက် ကလည်း သေနတ်သံ တော်တော်ကြားသေးတယ်။ လက်နက်ကြီးရော၊ လက်နက်ငယ် အသံရော”
နှစ်ဖက်ထိခိုက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
"အခု လေယာဉ်လည်းဝဲနေတယ်။ အဲဒါကို ကြောက်လို့ ထွက်ပြေးနေတာပါပဲ”
ရေစိုးချောင်းဗျူဟာဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ တွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားပြီး နောက်ပိုင်းကတည်းက စစ်တပ်က ခြေကုပ်နေရာယူထား တာပါ။
အခုလည်း တိုက်ပွဲဖြစ်တဲ့ နေရာအနီးက မညင်းတောင်ကျေးရွာမှာ စစ်ကောင်စီတပ်က တပ်စွဲထားပါတယ်။
စစ်ကောင်စီတပ်က ရေစိုးချောင်းဗျူဟာအတွက် ရိက္ခာကို မေယုမြစ်ကြောင်းအတိုင်း ဇက် ရေယာဉ်နဲ့ ဆန်တက်ပြီး ကုလားချောင်းကျေးရွာကနေတစ်ဆင့် ဗျူဟာကုန်းကို ပို့ဆောင် တာပါ။ အဲဒီ ရိက္ခာလမ်းကြောင်းကို ပြီးခဲ့တဲ့လကတည်းက ရက္ခိုင့်တပ်တော် (AA) က ပိတ်ဆို့ထားတာကြောင့် မနေ့က စစ်ကောင်စီတပ်က ထိုးဖောက်ဝင်ရောက်လာရာကနေ တိုက်ပွဲဖြစ်ပွားခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတိုက်ပွဲကြောင့် အနီးအနားမှာရှိတဲ့ ကုလားချောင်း၊ ကုန်တန်း၊ ပြိန်းတော၊ ညောင်ပင်လှ၊ ရေမျက်၊ သမီးလှ၊ င/စံဘော်၊ ကျောက်ရံ၊ မောင်ဖြူရွာ၊ ဗောဓိကုန်း စတဲ့ ကျေးရွာ ၁၀ ရွာ ကျော်က ဒေသခံငါးထောင်ကျော် ထွက်ပြေးနေကြရတာလည်း ဖြစ်ပါတယ်။
မနေ့ညနေ ၇ နာရီလောက်မှာ သေနတ်သံတွေ အဆက်မပြတ်ကြားရတာကြောင့် ကြောက် လန့်ပြီး ညတွင်းချင်းပဲ မြစ်ကိုဖြတ်ကျော် ထွက်ပြေးလာခဲ့ရတယ်လို့ ပြိန်းတောကျေးရွာက ဒေါ်သိန်းနုက RFA ကို ပြောပါတယ်။
“လက်နက်ကြီး၊ လက်နက်ငယ်ပစ်သံတွေ တော်တော်လေးကိုကြားရတယ်။ ည ၇ နာရီ လောက်ကတည်းက ၁၂ နာရီလောက်အထိ ပစ်ပါတယ်။ ကျမတို့ကတော့ ၇ နာရီမှာ တိုက်ပွဲဖြစ်တော့ ည ၈ နာရီမှာ ထွက်ပြေးလာတာ။ စက်လှေနဲ့မြစ်ကိုကူးပြီး ထွက်ပြေး လာတာပါ။ ကြောက်လို့ တစ်ယောက်ကိုတစ်ယောက် ဂရုမစိုက်နိုင်ခဲ့ဘူး။ ကလေးတွေ၊ လူအိုတွေနဲ့ ထွက်ပြေးလာကြတာ။ မြစ်ကလည်း အကျယ်ကြီး၊ ကျယ်လည်း ကြောက် လန့်ပြီးတော့ ပြေးလာခဲ့ရတာပါပဲ။ အရင်ကလို လေယာဉ်နဲ့လာပစ်မှာကို ကြောက်တယ်။ သင်္ဘောနဲ့လာပစ်မှာကို ကြောက်တယ်။ အခု လေယာဉ်လည်းဝဲနေတယ်။ အဲဒါကို ကြောက်လို့ ထွက်ပြေးနေတာပါပဲ”
အဲဒီဒေသက ပြည်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကလည်း နှစ်ဖက်တိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့နဲ့ နီးစပ်ရာ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နှစ်နှစ်ကျော်ကြာ ခိုလှုံနေခဲ့ ရာကနေ တိုက်ပွဲတွေရပ်စဲချိန် ၂၀၂၁ နှစ်ဆန်းပိုင်းမှာ နေရပ်ပြန်သွားခဲ့ကြတာ ဖြစ်ပါတယ်။
ရသေ့တောင်မြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့် တပ်တော် (AA) တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး ရသေ့တောင် - မောင်တော - ဘူးသီးတောင်ကားလမ်းကို စစ်ကောင်စီတပ်က ရက်အကန့်အသတ်မရှိ ပိတ်ထားပါတယ်။
ရသေ့တောင်မြို့နားက ပြားချောင်းကြီးကျေးရွာ AA တပ်စခန်းကိုလည်း ဩဂုတ်လ ၂၅ ရက် နေ့မှာ ဆုတ်ခွာပေးဖို့ ရသေ့တောင်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ (၅၃၆)၊ (၅၃၇) နဲ့ (၅၃၈) တွေရဲ့ ဗျူဟာမှူးဟာ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေ တစ်ဆင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေထံ အကြောင်းကြားလာတာလို့ ဒေသခံတွေက ပြော ပါတယ်။ အဲဒီနောက် ဒေသတွင်းမှာ ပိုပြီးစစ်ရေးတင်းမာလာခဲ့တာလို့လည်း ပြောပါတယ်။
မောင်တောမြို့နယ် မြောက်ပိုင်းမှာလည်း မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရက္ခိုင့်တပ် တော် (AA) စခန်းချတဲ့ လက်ပန်တောင်နဲ့ ဝေလာတောင်ကြောတစ်လျှောက်ကို စစ်ကောင် စီတပ်က ဩဂုတ်လ ၂၇၊ ၂၉၊ ၃၀ ရက်နေ့တွေက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) ကလည်း စစ်ကောင်စီတပ်စခန်း ခမောင်းဆိပ်ဗျူဟာကုန်းကို ဩဂုတ်လ ၂၅ ရက်နေ့ကစလို့ ဝိုင်းဝန်းတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်သားတွေ အကျ အဆုံးများတယ်လို့လည်း ဆိုပါတယ်။
အဲဒီတိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
ရခိုင်မှာ တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားလာတာဟာ စစ်ကောင်စီတပ်က ရခိုင်ပြည်သူတွေကို ပစ်မှတ်ထား ပိတ်ဆို့မှုတွေကြောင့်လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခက ပြီးခဲ့ တဲ့ သြဂုတ်လ ၂၉ ရက်နေ့က RFA ကို ပြောဆိုထားပါတယ်။
“တိုက်ပွဲပြန်ပြီး ပြင်းထန်မလား၊ မပြင်းထန်ဘူးလားဆိုတာကတော့ မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုအပေါ် မူတည်ပြီးတော့ မြန်မာစစ်တပ်က ထိုးစစ်ဆင်မယ်ဆိုလို့ရှိရင် တော့ ကျနော်တို့ဘက်လည်း အလားတူပဲ တုံ့ပြန်ရ မှာဖြစ်တယ်။ အခုလိုမျိုး တစ်ဖက်နဲ့ တစ်ဖက် တိုက်ပွဲဖြစ်တဲ့ အနေအထားအထိ ရောက်လာတာက မြန်မာစစ်တပ်က ကျနော်တို့ ရခိုင်ပြည်ကို အဓိက ရခိုင်ပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ ပိတ်ဆို့ကန့် သတ်မှုတွေကို လုပ်နေတဲ့အတွက် ဖြစ်လာတာဖြစ်တယ်”
စစ်ကောင်စီတပ်ဟာ အမ်း - စစ်တွေ ကားလမ်းမတစ်လျှောက် စစ်ဆေးရေးဂိတ် ၁၅ ခု အထိဖွင့်ပြီး ကုန်စည်တင်ပို့ မှု၊ ခရီးသွားလာမှုကို တင်းကျပ်ကန့်သတ်ထားတာဖြစ်ပြီး ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ်တွေမှာလည်း လမ်းတွေကို ပိတ် ထားတဲ့အတွက် ဒေသခံတွေ အခက်အခဲဖြစ်နေကြတယ်လို့ AA က ပြောဆို ထားပါတယ်။
မနေ့က နှစ်ဖက်တိုက်ပွဲအခြေအနေတွေအပြင် ဒေသခံတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြ ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ရခိုင်ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေ သန်းကတော့ လက်ရှိဖြစ်ပွားလာနေတဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေဟာ လွန်ခဲ့တဲ့နှစ်နှစ် လောက်က တိုက်ပွဲတွေထက် ပိုမိုပြင်းထန်လာနိုင်တယ်လို့ ပြောပါတယ်။
“လွန်ခဲ့တဲ့နှစ်နှစ်လောက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထက် အများကြီပြင်းထန်လာမယ့် အခြေအနေရှိတယ်။ အရင်တုန်းကတော့ တိုက်ပွဲဖြစ်ပေမယ့် စခန်းတွေသိမ်းတာကနည်း တယ်။ အခုကတော့ AA ဘက်က နယ်ခြားစောင့် စခန်းတွေကို တဖြည်းဖြည်းသိမ်းလာ တာရှိတယ်။ မြန်မာစစ်တပ်ဘက်ကလည်း တဖြည်းဖြည်း ဆုတ်ခွာလာတာရှိတယ်။ အခုဆိုရင် သူတို့ဘက်က လေကြောင်းပစ်ကူ တစ်ခုပဲရတော့တယ်။ ရိက္ခာတွေကိုလည်း လေကြောင်းက ပို့တယ်။ အဝေးက လက်နက်ကြီးနဲ့ပစ်တယ်။ အဲဒီလောက်ပဲ လုပ်နိုင် တော့တယ်။ မြေပြင်တပ်တွေက အကုန်လုံး အဝိုင်းခံနေရတဲ့ အနေအထားမှာ မြင်တွေ့ ရတယ်။ ဒါကြောင့် ဒီပွဲကတော့ ရိုးရိုးပွဲ မဟုတ်တော့ဘူး။ နယ်မြေကို အပိုင်သိမ်းမယ့် ပွဲဖြစ်လာတယ်။ အဲဒီပွဲက မြောက်ဘက်ကစလာတယ်လို့ မြင်တယ်”
မောင်တော၊ မြောက်ဦး စတဲ့မြို့နယ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ တစ်စတစ်စ တိုက်ပွဲကျယ်ပြန့်လာပြီး နယ်ခြားစောင့်စခန်းတွေ အပါအဝင် စစ်ကောင်စီ တပ်စခန်း ၁၀ ခုထက်မနည်း ဆုတ်ခွာ တာရှိတယ်လို့လည်း ဆိုပါတယ်။ တိုက်ပွဲတွေ ပိုမိုကျယ်ပြန့်မလာအောင် နှစ်ဖက်ပြေလည် အောင် ဆွေးနွေးဖို့လိုတယ်လို့လည်း ဦးဖေသန်းက ထောက်ပြပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက စလို့ တစ်ကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်လာနေတာပါ။
ဒီတိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့နယ်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခ သည် အသစ် တစ်သောင်းကျော်နဲ့ မြောက်ဦးမြို့နယ်တွေမှာ ၇၀၀ ကျော်အထိ ရှိနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။