တန်းတူအခွင့်အရေး၊ PR နဲ့ ကာချုပ်မိန့်ခွန်း
2020.08.19
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ တိုင်းရင်းသားအားလုံး တန်းတူညီမျှအခွင့်အရေး ရရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ အခုလို ဗိုလ်ချုပ်မှူးကြီးရဲ့ ပြောကြားချက်တွေကို တိုင်းရင်းသားခေါင်းဆောင်အားလုံးလိုလိုက ငြင်းဆိုခဲ့ပါတယ်။
ကချင်ပြည်နယ်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဒေါက်တာ မနန်တူးဂျာက-
“လက်နက်ကိုင်တွေဆိုတာ ကိုင်ချင်လို့ကိုင်တာမဟုတ်ဘူး။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ လမ်းစမပေါ်တဲ့ မဖြစ်နိုင်တဲ့အဆုံးမှာ လက်နက်ကိုင်တော်လှန်ရေးဆိုတာ ဆင်နွှဲလာကြတာ၊ တိုင်းရင်းသားတွေကို အခွင့်အရေးပေးထားတာပဲဆိုပြီး ပြောတာရှိတယ်။ ဒီနေ့ တိုင်းရင်းသားတွေလိုချင်တဲ့ အခွင့်အရေးမှမဟုတ်တာ။ ဘယ်မှာလဲ ကိုယ်ပိုင်ပြဌာန်းခွင့် ဘယ်မှာလဲ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ အဲဒီအဆင့် ရလာပြီဆိုရင်တော့ တိုင်းရင်းသားတွေကို အခွင့်အရေးပေးတယ်လို့ ပြောလို့ရတယ်၊ အဲဒီအဆင့် မရောက်မချင်းကတော့ အခုအချိန်မှာ ပြောနေတဲ့ တိုင်းရင်းသားအခွင့်အရေးဆိုတာ အဓိကကျတဲ့ဟာတွေ မဟုတ်ဘူးဗျ၊ ဒါကြောင့်မို့ တိုင်းရင်းသားတွေက လက်မခံနိုင်တာဗျ”
ဒါ့အပြင် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံရေးပါတီတချို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက လက်နက်ကိုင်ပဋိပက္ခတွေဟာ တပ်မတော်ကြောင့် ဖြစ်သယောင်ပြောကြားနေကြပြီး လက်ရှိ တိုက်ပွဲတွေဖြစ်နေတာဟာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပဲ သက်ဆိုင်ပြီး အစိုးရက ကြားနေသူလို ပြောဆိုနေကြတာတွေဟာလည်း မဟုတ်မမှန်ဘူးလို့ ပြောခဲ့ပါတယ်။
ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာကော်မတီအဖွဲ့ဝင် ဦးဖေသန်း ကတော့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေမှာပဲ တာဝန်ရှိတယ်လို့ ဝေဖန်ပါတယ်။
“အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်မှာပဲ တာဝန်ရှိတယ်။ သူတို့ ၂ ဖွဲ့ ထိပ်တိုက်ဖြေရှင်းရမဲ့ ကိစ္စတွေ အချိန်အများကြီး ကြန့်ကြာတာဟာ ဒီ ၂ ဖွဲ့မှာပဲ အဖြေကို တေ့တေ့ဆိုင်ဆိုင် မဆွဲထုတ်နိုင်တဲ့ ပြဿနာလို့ ကျနော်တို့မြင်တယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောသွားတဲ့စကားတခုလုံးကို ပြန်ပြီး ခြုံပြောရရင်တော့ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေက အခွင့်အရေး အတူတူပဲ ဆိုတဲ့ ပုံစံမျိုး၊ ဆိုတော့ အဲဒီ အခွင့်အရေးတူနေပြီဆိုရင်တော့ တိုင်းရင်းသားတွေ လက်နက်ကိုင်လုပ်စရာ ဘယ်လိုတော့မလဲ။ အခွင့်အရေးမတူလို့ပဲ အဲဒါ လုပ်နေကြတယ်ဆိုတာကို တပ်ချုပ်အနေနဲ့ မသိတဲ့ပုံမျိုးဖြစ်နေတာပေါ့။ သူ့ဘက်က တဖက်သတ်အမြင်ကြီးပဲ ပြောနေတာဖြစ်ပြီးတော့ ဒီတိုင်းရင်းသားတွေ ဒီနေ့ကြုံတွေ့နေရတဲ့ကိစ္စတွေ၊ ဗမာ နိုင်ငံရေးသမားခေါင်းဆောင်တွေ ပြောနေတာတွေနဲ့ ဆန့်ကျင်ဘက်လို ဖြစ်နေတယ်။ ဒီသဘောမျိုးနဲ့သာ ရှေ့ဆက်ဆွေးနွေးရင်တော့ အဖြေရဖို့ တော်တော့်ကို ကြန့်ကြာဦးမယ်လို့ မြင်ပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအရာရှိ စာရေးဆရာ မုံရွာအောင်ရှင်ကလည်း လက်နက်ကိုင်ပဋိပက္ခတွေမှာ အစိုးရဟာကြားလူဖြစ်တယ်လို့ ပြောပါတယ်။
“အခုပြဿနာက အစိုးရက ကြားကနေပြီး ဒိုင်လူကြီးသဘောပဲ။ ကြားကနေပြီးတော့ စေ့စပ်ပေးတဲ့သူ စီစဉ်ပေးတဲ့သူပေါ့လေ။ တကယ်တမ်းကတော့ လက်နက်ကိုင်အင်အားစုအချင်းချင်း စကားပြောရမှာ။ အဲဒါ အစိုးရက စကားပြောနိုင်အောင် စီစဉ်ပေးရတဲ့အဆင့် ကျနော်မြင်တာတော့ ။ ပြဿနာက လက်နက်ကိုင်အင်အားစု အချင်းချင်းက ကိုယ့်အကျိုးစီးပွားနဲ့ကိုယ် ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ် ဖြစ်နေကြတော့ ဘယ်လိုမှ ပြေလည်အောင်လုပ်လို့မရနိုင်ဘူး ။ ဒါက နှစ်ပေါင်း ၇ဝ ကျော်မှာ ဒီသဘောပဲ ဖြစ်နေတာပဲ။ ဒီ ဓာတ်ပြားဟောင်းကြီးပဲ ပြန်ပြီးဖွင့်နေကြတာပဲ”
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ရဲ့ ဥပဒေပြုကိစ္စတွေမှာ တိုင်းရင်းသားတွေ ဒီထက်ပိုပြီး ကိုယ်စားပြုတဲ့ စနစ်ဖြစ်လိုချင်ရင် PR ခေါ် အချိုးကျ ကိုယ်စားပြုစနစ်ကို စဉ်းစားသင့်တယ်လို့လည်း ပြောပါတယ်။ မုံရွာအောင်ရှင်ကတော့ လက်ရှိအခြေအနေမှာ အဲဒီ စနစ်မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။
“ဘာကြောင့်လဲဆိုတော့ ကျနော်တို့က အခုမှ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလပဲဖြစ်တယ်။ မရင့်ကျက်သေးဘူး။ ဒါကြောင့် ဒီ PR စနစ်က မဖြစ်နိုင်သေးဘူးလို့ပဲ ပြောချင်တယ်။”
ကာကွယ်ရေးဦးစီးချုပ်ရဲ့ မနေ့ကပြောကြားချက်ထဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေဟာ မရိုးဖြောင့်ဘူး။ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့ မကြိုးစားကြပါနဲ့လို့ ဗိုလ်ချုပ်ကြီးနေဝင်း အုပ်ချုပ်စဉ် ပြည်တွင်းငြိမ်းချမ်းရေးကာလက ပေါ်ပေါက်ခဲ့တဲ့စကားတခုကို ကိုးကားပြီး ပြောဆိုသွားတာကိုလည်း မြန်မာ့နိုင်ငံရေးလောကမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြပါတယ်။