ဒုက္ခသည်ကူညီရေး စစ်ကောင်စီနဲ့ ထိုင်းအစိုးရ ပူးပေါင်းမယ့်အစီအစဉ် ဝေဖန်ခံရ

RFA Burmese
2023.12.15
ဒုက္ခသည်ကူညီရေး စစ်ကောင်စီနဲ့ ထိုင်းအစိုးရ ပူးပေါင်းမယ့်အစီအစဉ် ဝေဖန်ခံရ တိုက်ပွဲတွေကြောင့် သံလွင်မြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် မြန်မာနိုင်ငံဘက်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့က တွေ့ရစဉ်။
STR / AFP

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်က စစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ စစ်ကောင်စီနဲ့ ထိုင်းအစိုးရအကြား ပူးတွဲလုပ်ငန်းအဖွဲ့ (Task Force) ဖွဲ့ဖို့ သဘောတူလိုက်ပါတယ်။

တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ ကျင်းပတဲ့ ရှစ်ကြိမ်မြောက် မဲခေါင်-လန်ချန်း အစည်းအဝေးကာလ ဒီဇင်ဘာလ ၇ ရက်က စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ သီးသန့်တွေ့ဆုံဆွေးနွေးပြီး အခုလိုသဘောတူခဲ့တာလို့ ထိုင်းနိုင်ငံအခြေစိုက်သတင်းဌာနတွေနဲ့ နိုင်ငံတကာသတင်းဌာနတွေက ရေးသားနေပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မယ်စဲ့မြို့က စစ်ဘေးဒုက္ခသည်တစ်ဦးကတော့ စစ်ကောင်စီနဲ့ ထိုင်းအစိုးရတို့ရဲ့ အစီအစဉ်အပေါ် အယုံအကြည်မှုမရှိဘူးလို့ ပြောပါတယ်။

"ကျွန်တော်တို့ စစ်ရှောင်တွေအနေနဲ့က လုံးဝယုံကြည်မှုမရှိပါဘူး။ ထိုင်းအစိုးရနဲ့ ပေါင်းပြီး လုပ်ဆောင်မယ်ဆိုတာ ထိုင်းကလည်း နိုင်ငံတကာနဲ့ အာဆီယံရဲ့ ဖိအားပေးမှု အရလုပ်ဆောင်ခြင်း ဖြစ်သလို စစ်ကောင်စီကလည်း သူတို့ရဲ့လက်ရှိ အကျပ်အတည်း ကာလကို ရုန်းထွက်ချင်တဲ့သဘော ဖြစ်တယ်"

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုအပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ဒါဟာ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်ငါးချက်နဲ့အညီ အကောင်အထည်ဖော်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒီတွေ့ဆုံမှုအတွင်း နယ်စပ်ဒေသက ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နိုင်မှု အလားအလာတွေ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ထိုင်း-မြန်မာ မဟာမိတ်ဖောင်ဒေးရှင်း ညွှန်ကြားရေးမှူး ဦးမြင့်‌ဝေကတော့ ထိုင်းအစိုးရက စစ်ကောင်စီကို အပြုသဘောဆောင်ပြီး ချဥ်းကပ်နေတယ်လို့ သုံးသပ်ပါတယ်။

"ထိုင်းနိုင်ငံအနေနဲ့က အာဆီယံ ဆယ်နိုင်ငံရဲ့ သဘောတူမှုတွေပေါ်အခြေခံပြီး အပြုသဘောဆောင်တာ ဖြစ်နိုင်တယ်။ ပြီးတော့ ထိုင်းနိုင်ငံက မြန်မာနိုင်ငံနဲ့ နယ်ခြားဆက်စပ်မှုက ရှည်လျားတော့ သူတို့ရဲ့ အမျိုးသားလုံခြုံရေးကို စိုးရိမ်တဲ့အတွက် မြန်မာစစ်တပ်ကို ထည့်သွင်းစဉ်းစားပြီး ဒီအစီအစဉ်ကို အပြုသဘော ဆောင်တာ ဖြစ်နိုင်တယ်"

ဒါပေမဲ့ စစ်ကောင်စီနဲ့ပူးတွဲအကောင်အထည်ဖော်တာဖြစ်လို့ တကယ်ဒုက္ခရောက်နေတဲ့ စစ်ဘေးဒုက္ခသည်တွေဆီ ထိရောက်တဲ့အကူအညီတွေမပေးနိုင်မှာကို စိုးရိမ်ရတယ်လို့ ဦးမြင့်ဝေက ပြောပါတယ်။

ကရင်ပြည်နယ် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ခိုလှုံနေသည့် ကလေးငယ်အချို့အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: STR / AFP)
ကရင်ပြည်နယ် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ခိုလှုံနေသည့် ကလေးငယ်အချို့အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: STR / AFP)

မြန်မာ-ထိုင်းနယ်စပ် စစ်ဘေးဒုက္ခသည်တွေအများစု ရှိနေတဲ့နေရာတွေကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ထိန်းချုပ်ထားတာပါ။

ဒီအခြေအနေမှာ ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီ နဲ့ ပူးပေါင်းပြီး ဒုက္ခသည်တွေကို ကူညီမယ်ဆိုတာ လက်တွေ့မဆန်ဘူးလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ပြောခွင့်ရသူ ကိုဗညားခွန်အောင်က ထောက်ပြပါတယ်။

"စစ်ကောင်စီနဲ့ ထိုင်းအစိုးရ ပေါင်းပြီးတော့ စစ်ဘေးရှောင်တွေကိုကူညီမယ်ဆိုတာ အိပ်မက်ဆန်ပြီးတော့ လုံးဝမဖြစ်နိုင်တဲ့ကိစ္စရပ်လို့ ပြောချင်ပါတယ်။ ကရင်နီ ပြည်နယ်ရဲ့အခြေအနေနဲ့ပြောရင်တော့ ဘယ်လိုမှမဖြစ်နိုင်တဲ့အပြင် တစ်ရာ ရာခိုင်နှုန်း မဖြစ်နိုင်ဘူးလို့ ပြောချင်ပါတယ်"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဋ္ဌာန (MHADM) ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကလည်း ထိုင်းအစိုးရရဲ့ကြိုးပမ်းမှုကို အသိအမှတ်ပြုပေမယ့် စစ်ကောင်စီပါဝင်နေတဲ့အတွက် ဒုက္ခသည်တွေနဲ့ ဒေသခံတွေရဲ့ယုံကြည်မှုကို မရနိုင်ဘူးလို့ ပြောပါတယ်။

"လူသားချင်းစာနာမှု အကူအညီကို လိုအပ်နေတဲ့သူတွေဆီ မျှမျှတတ ထိထိရောက်ရောက် ရောက်ရှိဖို့က စစ်ရှောင်များအပါအဝင် ဒေသခံပြည်သူများရဲ့ ယုံကြည်မှုကို ရရှိဖို့လိုပါတယ်"

ဒုက္ခသည်တွေကို ထိထိရောက်ရောက်ကူညီနိုင်ဖို့ဆိုရင် အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

"နေရပ်စွန့်ခွာဒုက္ခသည်တွေဟာ ထိုင်းနယ်စပ်မှာတင်မကဘဲ တခြားအင်အားစုတွေ စိုးမိုးမှုများတဲ့နယ်မြေတွေမှာလည်း အများအပြားရှိနေတာ ဖြစ်တယ်။ လူသားချင်း စာနာမှု အကူအညီကို လိုအပ်နေတဲ့သူတွေဆီ မျှမျှတတ ထိထိရောက်ရောက် ရောက်ရှိဖို့က စစ်ရှောင်များအပါအဝင် ဒေသခံပြည်သူများရဲ့ ယုံကြည်မှုကို ရရှိဖို့လိုပါတယ်။ ဒါကြောင့် ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းများအားလုံးကို ညှိနှိုင်းပြီး လုံခြုံသေချာတဲ့ ကူညီထောက်ပံ့မှုတွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့ လိုအပ်ပါတယ်"

ထိုင်းအစိုးရနဲ့ စစ်ကောင်စီတို့ ပူးတွဲလုပ်ငန်းအဖွဲ့ဟာ ထိုင်းနိုင်ငံဘက်ခြမ်းက ဒုက္ခသည် (refugee) တွေကိုပဲ ကူညီမလား ဒါမှမဟုတ် မြန်မာဘက်ခြမ်းက ဒုက္ခသည် (IDPs) တွေကိုပါ ကူညီမလားဆိုတာနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒါနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

အလားတူ နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့နဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ရဖို့အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးနဲ့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်ခုခံသူတွေကြား ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ ကြောင့် ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေက ဒေသခံတွေဟာ မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာပါ။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေအတွင်း စစ်ဘေးဒုက္ခသည် သုံးသိန်းဝန်းကျင် ရှိပါတယ်။ နိုင်ငံတစ်ဝန်းမှာဆိုရင် စစ်ဘေးဒုက္ခသည် နှစ်သန်းကျော်ရှိပြီး အဲဒီထဲက တစ် ဒသမ ခုနစ်သန်းကျော်ဟာ စစ်အာဏာသိမ်းပြီးနောက် တိုးလာတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။