NUG၊ စစ်ကောင်စီနဲ့ ဂျပန်အစိုးရ ဆက်ဆံရေး

2021.12.08
NUG၊ စစ်ကောင်စီနဲ့ ဂျပန်အစိုးရ ဆက်ဆံရေး ဂျပန် နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi ကို ၂၀၂၁ နိုဝင်ဘာ ၂၂ ရက်‌နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ တွေ့ရစဉ်
Photo: AFP

စစ်အာဏာသိမ်းမှုတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံမှာ အခု နောက်ဆုံး ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းခဲ့ပြန်ပြီးတဲ့နောက် ဒီမိုကရေစီရေး လှုပ်ရှားသူတွေက အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ဖွဲ့စည်းခဲ့ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလကတော့ အဲဒီ ဖွဲစည်းခဲ့တဲ့ အစိုးရကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုဖို့ NUG က ဂျပန်အစိုးရထံ စာရေးပေးပို့ခဲ့တယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောဆိုကြောင်း Japan Times သတင်းမှာ ဒီဇင်ဘာလ ၇ ရက်နေ့က ဖော်ပြပါတယ်။

ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi ထံ လိပ်မူ ပေးပို့ခဲ့တဲ့ အဲဒီ စာမှာ shadow government ခေါ် ရွေးချယ်ခံ အတိုက်အခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ အနေနဲ့ မြန်မာစစ်အာဏာသိမ်း အစိုးရရဲ့ ဩဇာအာဏာအောက်မှာရှိနေတဲ့ တိုကျို မြန်မာသံရုံး နဲ့ အပြိုင် မြန်မာ ကိုယ်စားလှယ် ရုံးတစ်ရုံးထူထောင်ဖို့ စီစဉ်ထားကြောင်းလည်း ဖော်ပြပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရ NUG အနေနဲ့ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန် နဲ့ တောင်ကိုရီးယား အပါအဝင်၊ တခြားနိုင်ငံ အတော်များများ မှာ ကိုယ်စားလှယ်ရုံးတွေ ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။

ဂျပန်အနေနဲ့ မြန်မာစစ်တပ် နဲ့ နီးနီးကပ်ကပ် မရှိသလို အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူတာတွေနဲ့ လည်း ခပ်ကင်းကင်းနေနေတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတစ်ဦး ကလည်း NUG အမျိုးသား ညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ မျှော်လင့် မထားကြောင်း ပြောဆိုပါတယ်။ NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုဖို့ ဂျပန်အစိုးရ ထံပေးပို့ခဲ့တဲ့ စာနဲ့ ပတ်သက်လို့ လက်ခံရရှိခြင်း ရှိ၊ မရှိ မေးမြန်းရာမှာတော့ ဂျပန်နိုင်ငံခြားရေးဌာန အရာရှိက တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောကြားဖို့ ငြင်းဆိုခဲ့ပါတယ်။

သတင်းရင်းမြစ်တွေ အဆိုအရကတော့ အဲဒီစာဟာ ဂျပန်ဝန်ကြီးချုပ် Kishida နဲ့ ပညာရေးဝန်‌ကြီး ဟောင်း Hayashi တို့ အပေါ် ကျေးဇူးဥပကာရတင်ရှိကြောင်းနဲ့ NUG နဲ့ ဂျပန်ကြား သံတမန် ဆက်ဆံရေး ထူထောင်ဖို့ ဂျပန်ပညာရေးဝန်‌ကြီး Hayashi နဲ့ NUG ဝန်ကြီးတစ်ဦးဖြစ်တဲ့ ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆို တိုက်တွန်းတဲ့စာ ဖြစ်ပါတယ်။ ဂျပန်ဝန်ကြီး တစ်ဦးကတော့ ဂျပန်နိုင်ငံမှာနေထိုင်ကြတဲ့ မြန်မာတွေ အပါအဝင် မြန်မာနိုင်ငံသားအားလုံးက၊ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုခံရဖို့ မျှော်လင့်နေကြကြောင်း ပြောပါတယ်။

ဒါ့ပြင် ယာယီသမ္မတ ဒူဝါလရှီလ နဲ့ အဖွဲ့ဟာ ကြာသပတေးနေ့မှာ မြန်မာ့ဒီမိုကရေစီအရေး အားပေးတဲ့ ဂျပန်နိုင်ငံရေးပါတီတွေက လွှတ်တော်အမတ်တွေ နဲ့ အွန်လိုင်းကတဆင့် တွေ့ဆုံပြီး၊ ဂျပန် အစိုးရ ထံပေးပို့ခဲ့တဲ့ စာပါအကြောင်းအရာအတိုင်း မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံ အားပေးကြမှာ ဖြစ်ကြောင်း Japan Times သတင်းက ဖော်ပြပါတယ်။

ဒီအတွင်း မြန်မာ အာဏာသိမ်းက စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှု နဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဦးအောင်နိုင်ဦးက ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တောင်းဆိုလိုက်ပြီး ဂျပန်က ဆိုင်းငံ့ထားတဲ့ ဖွံ့ဖြိုး တိုးတက်မှု အထောက်အကူပြု စီမံကိန်းသစ်တွေကို ပြန်လည်စတင်ဖို့ တောင်းဆိုလိုက်ပါတယ်။ ကျိုဒို သတင်းအပါအဝင် ဂျပန်သတင်းမီဒီယာတွေနဲ့ အွန်လိုင်းကတဆင့် တွေ့ဆုံရာမှာ တောင်းဆိုလိုက်တာပါ။ ဂျပန် စီးပွားရေး အသိုင်းအဝန်းအနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ကြဖို့ နဲ့ မြန်မာဘက် ကလည်း အရင်ကထက် ပိုမိုကောင်းမွန်တဲ့ စီးပွားရေးဆိုင်ရာ ဝန်းကျင် အခင်းအကျင်းကို ဖန်တီးပေးမှာ ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလက စခဲ့တဲ့ နိုင်ငံရေး မငြိမ်သက်မှုဟာ အခုအခါ ပုံမှန် အခြေအနေကို ပြန်လည် ရောက်ရှိနေပြီဖြစ်ပြီး နောက်နှစ်လလောက်ဆိုရင် အခြေအနေတွေ အခုထက် ပိုမို တည်ငြိမ်တိုးတက် ကောင်းမွန်လာမှာ ဖြစ်ကြောင်း၊ နိုင်ငံရေးအခြေအနေ တည်ငြိမ်လာတာနဲ့အမျှ ဂျပန် ရဲ့ ODA ချေးငွေ အစီအစဉ်လည်း ပြန်လည်စတင်နိုင်မှာဖြစ်ကြောင်း ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့နှုန်း သိသိသာသာ မြင့်တက်နေပြီး ပြည်သူ့ကန့်ကွက် ဆန္ဒပြမှုတွေကို အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက် အင်အားသုံးဖြိုခွဲနေတာပါ။ ဒါပေမဲ့ စစ်ကောင်စီ ဝန်ကြီး ဦးအောင်နိုင်ဦးက နိုင်ငံအတွင်း လူထုလှုပ်ရှားမှုတွေ ပြီးဆုံးလုနီးပါး အခြေအနေမှာရှိပြီး နိုင်ငံတကာ သတင်းမီဒီယာတွေက ချဲ့ကားဖော်ပြနေကြကြောင်း ပြောဆိုပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ မြန်မာ့စီးပွားရေးဟာ လက်ရှိဘဏ္ဍာရေးနှစ် အစောပိုင်းမှာ ၁၈ ရာနှုန်း ကျုံ့ဝင်သွားဖွယ် ရှိပြီး သက်မွေးဝမ်းကြောင်း အလုပ်အကိုင်တွေ၊ နေထိုင်မှုဘဝတွေ၊ ဆင်းရဲမွဲတွေမှုတွေနဲ့အတူ၊ ရှေ့အနာဂတ် ဘဝတွေအပေါ် ထိခိုက်သက်ရောက်မှုတွေ ခံစားရဖွယ်ရှိကြောင်း ဖော်ပြပါတယ်။

စစ်ကောင်စီ ဝန်ကြီး ဦးအောင်နိုင်ဦးကတော့ မြန်မာ့ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး GDP ဟာ ကိုဗစ် ကပ်ရောဂါ နဲ့ ပြည်တွင်း မငြိမ်သက်မှုတွေကြောင့် ဂဏန်းတစ်လုံးစာ လျော့ကျသွားဖွယ်ရှိကြောင်း၊ အောက်တိုဘာမှာ စတင်မယ့် လက်ရှိဘဏ္ဍာနှစ်မှာ ကိုဗစ်ကူးစက်နှုန်း ကျဆင်းလာနေပြီး ကာကွယ်ဆေး ထိုးနှံနှုန်း မြင့်တက်လာနေတာကြောင့် ပြည်တွင်းတည်ငြိမ်မှု နဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေ မြင့်မားလာမယ်လို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။