မရမ်းကုန်းမြို့ (၃) ရပ်ကွက်က နေအိမ် ၁၅၀ ခန့် ကျူးကျော်ဆိုပြီး ဖယ်ရှားခံရ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ကံသာဇေယျုံကျောင်းလမ်းက လူဦးရေတစ်ထောင်ဝန်းကျင်နေထိုင်ကြတဲ့ နေအိမ် ၁၅၀ လောက်ကို ကျူးကျော်အိမ်တွေ ဖြစ်လို့ဆိုပြီး နိုဝင်ဘာလ ၁၉ ရက် မနေ့ မနက်ပိုင်းမှာ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့တွေနဲ့ စည်ပင်ဝန်ထမ်းတွေ မြေတူးယာဉ် ဘူဒိုဇာတွေနဲ့ လာရောက်ဖယ်ရှားခဲ့တယ်လို့ မရမ်းကုန်းမြို့ခံတွေက ပြောပါတယ်။
မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်နဲ့ အမှတ် (၃) ရပ်ကွက်မှာ နှစ်ပေါင်းများစွာ နေထိုင်လာသူတွေရဲ့ နေအိမ်တွေကို အပြီးဖျက်သိမ်းပေးဖို့ အခု နိုဝင်ဘာလထဲမှာပဲ စစ်ကောင်စီခန့် မရမ်းကုန်းမြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး လက်မှတ်နဲ့ စာထုတ်ပြန်ခဲ့တာပါ။
အမှတ် (၃) ရပ်ကွက်ကို သုံးရက်အတွင်းဖယ်ပေးဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းမှာမှ စာတွေ ဖြန့်ဝေခဲ့သလို အိမ်ခြေတစ်ရာနဲ့ လူဦးရေ သုံးရာနီးပါးရှိတဲ့ (၁) ရပ်ကွက်ကိုလည်း နိုဝင်ဘာလ ၂၁ ရက်နေ့ နောက်ဆုံးထား ထွက်ခွာကြဖို့ အကြောင်း ကြားလာတယ်လို့ အဲဒီမှာနေထိုင်သူတွေက ပြောပါတယ်။
ညနေပိုင်း အကြောင်းကြားပြီး နောက်နေ့ မနက် ၆ နာရီလောက်မှာတော့ နာရီဝက်ပဲ အချိန်ပေးပြီး ချက်ချင်းထွက်ခိုင်းသလို နေအိမ်တွေကိုပါ ဖျက်ဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အိမ်အဖျက်ခံခဲ့သူက RFA ကို ပြောပါတယ်။
"မနေ့က မနက် ၆ နာရီလောက် လူတွေတောင် အိပ်ရာမနိုးသေးဘူး။ သူတို့ ဝရုန်းသုန်းကားတွေနဲ့ လာပြီးတော့ အင်အားကတော့ ရဲတစ်ရာ၊ စစ်သားတစ်ရာ၊ စည်ပင်နဲ့ သူတို့ပြောတဲ့ စွမ်းအားရှင်ဆိုတဲ့ ထောင်ထွက်တွေ၊ တုတ်တွေ၊ ဓားတွေလည်း ပါကြတယ်။ နာရီဝက် အချိန်ပေးမယ်။ နာရီဝက်မှာ ၁၀ မိနစ်ပြည့်သွားပြီ။ မိနစ် ၂၀ ရှိသွားပြီ။ ငါးမိနစ်ပဲ လိုတော့တယ်။ ၁၀ မိနစ်ပဲ လိုတော့တယ်ဆိုတော့ ဝရုန်းသုန်းကားနဲ့ ပစ္စည်းတွေ သယ်ရတာပေါ့နော်"
အိမ်တွေကို မြေတူးယာဉ်ဘူဒိုဇာတွေနဲ့ ထိုးချခဲ့တဲ့အပြင် ဓာတ်ပုံရိုက်သူနဲ့ ပစ္စည်း ဝင်ကောက်တဲ့သူ ၂၁ ဦးကို အချုပ်ကားပေါ် ဖမ်းတင်ထားခဲ့ပြီး နောက်ပိုင်းမှာမှ ပြန်လွှတ်ပေးခဲ့တယ်လို့ မရမ်းကုန်းမြို့ခံတွေက ပြောပါတယ်။
လျှပ်စစ်မီးပါ ဖြတ်တောက်ခံရပြီး အိမ်အားလုံးလည်း ဖြိုချခံလိုက်ရသလို ညနေ ၄ နာရီခွဲ အိမ်ဖျက်စီးတဲ့အဖွဲ့တွေ ပြန်သွားမှသာ ကျန်ခဲ့တဲ့ သစ်တိုသစ်စ အပါအဝင် ကျန်တဲ့ ပစ္စည်းလေးတွေ ပြန်ကောက်လို့ရခဲ့တာလို့ ဆိုပါတယ်။
နိုဝင်ဘာလ ၂၁ ရက်နေ့ နောက်ဆုံးထား ဖယ်ပေးရမယ်ဆိုတဲ့ အမှတ် (၁) ရပ်ကွက်မှာ နေထိုင်သူ ကိုကျော်ကလည်း ဒီနေရာမှာ နေထိုင်လာတဲ့တစ်လျှောက်လုံး တစ်ခါမှ ဒီလိုမျိုးမကြုံဖူးဘူးလို့ RFA ကို ပြောပါတယ်။
"အားကစားကွင်းကို သတ်မှတ်ထားတဲ့ ခြံစည်းရိုးရဲ့ဘေးနားမှာ ပေ ၅၀ ကျော်ကျော် လောက် လွတ်တယ်။ လမ်းက။ အားကစားကွင်းနဲ့ပေါ့နော်။ လွတ်တဲ့နေရာမှာ အိမ်ဆောက်နေတာတွေက လွန်ခဲ့တဲ့နှစ်တွေက မနည်းတော့ဘူး။ ၈၂ လောက် ကတည်းက နေလာကြတာ ဒီမှာဗျ။ နေလာခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ တစ်ခါမှ နို့တစ်စာ မလာဖူးဘူး။ ဒီလိုမျိုး ကျူးကျော်ပါ ဆိုပြီးတော့ နို့တစ်စာ လာပေးတာ တစ်ခါမှ မကြုံဖူးဘူး။ ဒါသည် ကျနော်တို့ရှေ့တင် နို့တစ်စာလာတာ ပထမဆုံးပဲ"
အဲဒီနေရာဟာ အမှတ် (၁) ရက်ကွက်နေရာဟာ ဒေါ်နှင်းဆီ ဆိုသူက အားကစားကွင်းအဖြစ် လှူဒါန်းခဲ့တဲ့နေရာ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ စီးပွားရေးသမားတွေ တစ်ယောက်ပြီး တစ်ယောက်နာမည်တွေနဲ့ ရောင်းစားဖို့ ကြိုးစားနေတဲ့နေရာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
"၈၂ လောက် ကတည်းက နေလာကြတာ ဒီမှာဗျ။ နေလာခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ တစ်ခါမှ နို့တစ်စာ မလာဖူးဘူး"
လက်ရှိ နေထိုင်သူတွေဟာ ဘိုးစဉ်ဘောင်ဆက် နေလာကြပေမယ့် အရပ်စာချုပ်နဲ့သာ အရောင်းအဝယ်လုပ် နေထိုင်ကြတာဖြစ်လို့ လက်ရှိ တန်ဖိုးတွေမြင့်လာချိန် စီးပွားရေး သမားတွေနဲ့ အာဏာပိုင်တွေ ပူးပေါင်းပြီး နဂိုမူလ နေထိုင်သူတွေကို ဖယ်ခိုင်းတာမျိုး ဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
အဲဒီနေရာတွေဟာ NLD အစိုးရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လက်ထက်မှာလည်း ဖျက်ဖို့ ညွှန်ကြားခဲ့ပေမယ့် မဖျက်ခဲ့ရဘဲ အခုမှသာ အဖျက်ခံရတာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ကျူးကျော်တွေကို ကူညီဆောင်ရွက်ပေးခဲ့သူတစ်ဦးက RFA ကို ပြောပါတယ်။
"ဖြိုးမင်းသိန်း လက်ထက်ကတည်းက သူကတစ်ခါ ဖျက်ခိုင်းတာ။ ကျမတို့ အဲဒီတုန်းက လုပ်ပေးဘူးတယ်။ ဆန္ဒပြတာတော့ မဟုတ်ဘူး။ ဖြိုးမင်းသိန်းဆီကို စာတင်တာတို့။ အဲတုန်းက ကြံ့ခိုင်ရေးဘက်ကနေ လာပြီးတော့ မြို့တော်ဝန်နဲ့ ညှိမယ်ဆိုပြီး ဖြစ်သေးတယ်။ နောက်ပိုင်းကျတော့ မဖျက်တော့ဘူးဆိုပြီးတော့ ဖြစ်သွားတာ။ အဲဒါက ဖျက်မယ်ဆိုတာ အခုမှ မဟုတ်ဘူး၊ အရှေ့ပိုင်းကတည်းက။ မရမ်းကုန်းကကျတော့ နေရာကောင်းတယ်။ အဲလိုမျိုးပဲ ဈေးကောင်းတဲ့နေရာတွေမှာ ကျူးတွေဖျက်ပြီးရင် ခရိုနီတွေကို ပေးလိုက်ကြတာ။ သိပ်မကြာခင် အဲဒါဖျက်ပြီးရင် အထပ်မြင့်အိမ်ရာ စီမံကိန်းတွေ အကောင်အထည်ဖော်လိမ့်မယ်"
အခုလို ကိုဗစ်-၁၉ နဲ့ စစ်အာဏာသိမ်းပြီးတဲ့နောက် ကျပ်တည်းလာတဲ့ လူမှုစီးပွား အခြေအနေတွေကြောင့် လတ်တလောမှာ ကျူးကျော်တွေရဲ့ နေအိမ်တွေဖျက်တာ မလုပ်သင့်ဘူးလို့လည်း သူကဆက်ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အစိုးရအဆက်ဆက် လူ့အခွင့်အရေးလှုပ်ရှားနေသူ တစ်ဦးကလည်း စစ်ကောင်စီက ကျူးကျော်တွေရဲ့ နေအိမ်တွေကိုဖျက်တာဟာ သူ့ကို ခုခံတော်လှန်မှုတွေ လျော့ကျသွားအောင် လုပ်နေတာလို့ RFA ကို ပြောပါတယ်။
"ကျူးကျော်ဆိုတာ နဂိုကတည်းက ပစ္စည်းမဲ့လူတန်းစား၊ ဆင်းရဲချို့တဲ့လို့ ကျူးကျော် နေကြတာလေ။ ဗမာပြည်ဟာ ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းတွေ ကြုံတဲ့အပြင် စစ်အာဏာသိမ်းတာပါ ကြုံရတဲ့အခါကျတော့ ဗမာပြည်သူတွေအားလုံး ဒုက္ခရောက်နေကြတယ်။ ဘာကြောင့်ဒီလိုလုပ်လဲဆိုတော့ သူတို့ (စစ်ကောင်စီ) ကို အန်တုတဲ့သူတွေက များသောအားဖြင့် ပစ္စည်းမဲ့လူတန်းစားတွေ များတယ်။ ဆန္ဒပြတာတို့၊ သပိတ်မှောက်တာတို့၊ အဲလိုမျိုးမှာ ပစ္စည်းမဲ့ လူတန်းစားတွေကများတော့ ပစ္စည်းမဲ့လူတန်းစားတွေ၊ အခြေခံလူတန်းစာတွေကို နင်းပြီးတော့ ချေမှုန်းတယ်လို့ မြင်ပါတယ်"
ရွှေ့ပြောင်းဖို့ဆိုပြီး မြို့နယ်စည်ပင်ကပေးတဲ့ အကြောင်းကြားစာမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင်မြေ ဒါမှမဟုတ် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေနဲ့ အစိုးရပိုင်မြေ၊ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ ကျူးကျော်နေထိုင်တဲ့သူတွေအနေနဲ့ ဖယ်ရှားပေးရမယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ရပ်ကွက် ငါးခုကိုလည်း တပ်ပိုင်မြေမှာ ပါဝင်နေတယ်ဆိုပြီး နိုဝင်ဘာလ ၂၂ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ဖယ်ရှားပေးဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေထံ စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက အသိပေး အကြောင်းကြားထားပါတယ်။