ရခိုင်မှာ တိုက်ပွဲတွေရပ်နေလို့ ရွေးကောက်ပွဲ ပြန်ကျင်းပရေး တောင်းဆိုမှုတွေရှိ
2020.11.25
ရခိုင်ပြည်နယ်အတွင်း ဒီနှစ်မကုန်ခင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးဖို့ ရက္ခိုင့်တပ်တော် AA က နိုဝင်ဘာ ၁၂ ရက်နေ့က တောင်းဆိုချက်ကို တပ်မတော်က ကြိုဆိုပြီးနောက်ပိုင်း တိုက်ပွဲတွေရပ်သွားတာမို့ အစိုးရသစ်မခေါ်ခင် မကျင်းပနိုင်ခဲ့တဲ့နေရာတွေမှာ ရွေးကောက်ပွဲတွေရှိလာတော့မလားဆိုတဲ့ မျှော်လင့်မှုတွေရှိနေပါတယ်။
လုံခြုံရေးအခြေအနေအရ ပြီးခဲ့တဲ့နိုဝင်ဘာလ ၈ ရက်နေ့က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့နေရာတွေမှာ ရွေးကောက်ပွဲတွေ အမြန်ပြုလုပ်ပေးရေးကိုအကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေ ရပ်တန့်မှုဟာ ရွေးကောက်ပွဲ အမြန်ပြန်ကျင်းပနိုင်ပြီး ငြိမ်းချမ်ရေး ဆွေးနွေးပွဲတွေ ပြန်အကောင်အထည်ဖော်တဲ့ အထိဖြစ်လာဖို့ မျှော်လင့်မှုတွေရှိနေပါတယ်။
ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ရခိုင်ပြည်နယ်မှာ တစ်လအတွင်း ရွေးကောက်ပွဲလုပ်ဖို့ အားလုံးအဆင်သင့်ဖြစ်နေတယ်လို့ ပြောပါတယ်။
“မဲရုံသုံးပစ္စည်းတွေကတော့ အားလုံးပို့ပြီးသား၊ သက်ဆိုင်ရာမြို့နယ်တွေမှာ ရောက်ပြီးသား။ ထပ်ပို့ဖို့ ကျန်တာက မဲလက်မှတ်တွေပဲ ကျန်တယ်။ မဲလက်မှတ်တွေကတော့ နယ်မြေ မငြိမ်းချမ်းတော့ ကျွန်တော်တို့ မပို့ဘဲနဲ့ ကျန်ခဲ့တာပေါ့။ ပြီးတော့ ကျန်းမာရေးနဲ့စပ်ဆိုင်တဲ့ လက်သန့်ဆေးရည်နဲ့ နှာခေါင်းစည်း အဲဒါတွေလည်း မပို့ရသေးဘူးပေါ့။ ကျန်တဲ့ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေအားလုံးကတော့ သက်ဆိုင်ရာ မြို့နယ်တွေကိုလည်း ရောက်နေပြီ။ တကယ်လို့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ကျွန်တော်တို့က ကျန်တာတွေကို ဖြန့်ပြီးလုပ်လိုက်လို့ရတယ်။ အဲတော့ အခုလက်ရှိအနေအထားကတော့ ကျွန်တော်တို့က ရွေးကောက်ပွဲ လုပ်မယ်ဆိုရင်လည်း လုပ်လို့ရနိုင်တယ်၊ လုပ်ဖို့အတွက် အဆင်သင့်ဖြစ်တယ်လို့ ပြောလို့ရတာပေါ့နော်။”
တိုက်ပွဲရပ်တန့်နေတာမို့ ရွေးကောက်ပွဲပြန်လုပ်လို့ရပြီဆိုတဲ့ ရခိုင်က နယ်မြေခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ မှတ်ချက်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က သဘောထားကို သိရဖို့ RFA က တယ်လီဖုန်း နဲ့ရော အီးမေးလ်နဲ့ပါ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တုံ့ပြန်ချက်မရပါဘူး။
လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းနိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ ဥပဒေမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ ပြန်ကျင်းပမယ်၊ ဘယ်လိုရွေးကောက်ပွဲပုံစံနဲ့ ဖြစ်မယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ကြားဖြတ်ရွေးကောက်ပွဲလို့ မသုံးနှုန်းဘဲ နောက်ဆက်တွဲ ရွေးကောက်ပွဲလိုမျိုး သုံးနှုန်းပြီးလုပ်မယ်ဆိုရင် ဖြစ်နိုင်ချေရှိကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ PACE ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် က ပြောပါတယ်။
“ဒါကတော့ ကော်မရှင်အပေါ်မှာပဲ မူတည်မယ်၊ ကော်မရှင်နဲ့ အစိုးရက ဒါကိုဘယ်လို အဓိပ္ပာယ်ဖွင့်သလဲပေါ့ဗျာ၊ ဒါကို ကြားဖြတ်ရွေးကောက်ပွဲလို့ အဓိပ္ပာယ်ဖွင့်မလား ဒါမှမဟုတ် နောက်ဆက်တွဲ ရွေးကောက်ပွဲလို့ အဓိပ္ပာယ်ဖွင့်မှာလား အဲဒါတော့ မပြောတတ်ဘူး၊ သူတို့ အဓိပ္ပာယ်ဖွင့်တဲ့အပေါ်မှာ မူတည်တယ်၊ ရွေးကောက်ပွဲ ဥပဒေအရက ရွေးကောက်ပွဲတွေမှာ အထွေထွေရွေးကောက်ပွဲကို တတ်နိုင်သမျှ တစ်ရက်တည်း ကျင်းပရမယ်လို့ပြောတာ၊ တစ်ရက်တည်းပဲ ကျင်းပရမယ်လို့ ပြောတာမဟုတ်ဘူး၊ တတ်နိုင်သမျှ တစ်ရက်တည်းမှာ အပြီးကျင်းပရမယ်လို့ ပြောတာကိုး၊ ဆိုတော့ ဒီဟာက အထွေထွေရွေးကောက်ပွဲ မပြီးသေးဘူး နောက်ဆက်တွဲ ရွေးကောက်ပွဲဖြစ်တယ်ဆိုရင် ကျင်းပလို့ရတာပဲ ရှင်းနေတာပဲ၊ တကယ်လို့ နောက်ဆက်တွဲလို့ မဟုတ်ဘူး၊ ကြားဖြတ်ရွေးကောက်ပွဲလို့ သတ်မှတ်တယ်ဆိုရင်တော့ ကျင်းပလို့မရဘူး ၂၀၂၂ ကျမှပဲ ကျင်းပလို့ရမယ်”
ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် ၉ မြို့နယ်နဲ့ တခြားမြို့နယ်တွေက ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၁၀၀ ကျော်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့လို့ ရခိုင်ပြည်နယ် တစ်ခုလုံးက မဲပေးခွင့်ရှိသူ ၁၆ သိန်းကျော်ထဲက ဆယ့်နှစ်သိန်းကျော် မဲပေးခွင့် ဆုံးရှုံးနေရပါတယ်။
စစ်တွေမြို့က တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်ကတော့ နောက်ဆက်တွဲရွေးကောက်ပွဲအဖြစ် ကျင်းပပေးလို့ရနိုင်တယ်လို့ ပြောပါတယ်။
“ကြားဖြတ်ရွေးကောက်ပွဲဆိုတာက လွှတ်တော်ကျင်းပနေတဲ့ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဟာ သေဆုံးရင်၊ ပယ်ဖျက်ခံရရင်၊ ဥပဒေနဲ့အညီ နုတ်ထွက်သွားရင် လစ်လပ်သွားတဲ့နေရာမှာ အစားထိုးရွေးကောက်တာကို ကြားဖြတ်ရွေးကောက်ပွဲလို့ခေါ်တယ်ဆိုပြီး အဓိပ္ပာယ်ပြဌာန်းထားတဲ့အတွက် အခုက ရွေးကောက်ပွဲမလုပ်ဘူးလို့ ရွှေ့ဆိုင်းထားခဲ့တာ၊ ချန်လှပ်ထားခဲ့တာ၊ အဲဒါကိုပြန်ပြီးတော့ ပြန်လည်ပြီးတော့လုပ်ပါဆိုတဲ့ အနေအထားဟာ ဘယ်နည်းနဲ့မှ ဥပဒေပြဌာန်းချက်အရ ဒီကြားဖြတ် ရွေးကောက်ပွဲဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ထဲမှာ ဘောင်မဝင်ပါဘူးလို့ ကျွန်မပြောချင်ပါတယ်။ ဒါကတော့ နောက်ထပ် နောက်ဆက်တွဲအဖြစ် ကျင်းပပေးရမယ့် ချန်လှပ်ထားခဲ့တာ၊ ရွှေ့ဆိုင်းထားခဲ့တာကို ပြန်လည် ကျင်းပပေးရမယ့် ရွေးကောက်ပွဲသာဖြစ်ပါတယ်။”
ရှမ်းပြည်နယ် မြို့နယ် ၆ မြို့နယ်က စုစုပေါင်း မဲဆန္ဒနယ် ၁၅ ခုမှာလည်း ရွေးကောက်ပွဲတွေ မကျင်းပ နိုင်ခဲ့တဲ့အတွက် အဲဒီနယ်တွေက မဲဆန္ဒရှင်တစ်သန်းကျော် မဲပေးခွင့်ဆုံးရှုံးနေပါတယ်။
သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ကတော့ “ရွေးကောက်ပွဲကျင်းပဖို့ ကျန်တဲ့နေရာတွေမှာ အမြန်ဆုံး ကျင်းပနိုင်ဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ RFA ကို နိုဝင်ဘာ ၁၂ ရက်နေ့က စာနဲ့ အကြောင်းပြန်ထားပါတယ်။
ရွေးကောက်ပွဲ မကျင်းပရသေးတဲ့ ဒေသတွေမှာ ဘယ်တော့ ကျင်းပပေးမယ်ဆိုတဲ့ အချိန်ဇယားကို မြန်မာအစိုးရက ချက်ချင်းချပြသင့်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားတဲ့ Fortify Rights အဖွဲ့ကလည်း ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြီး တိုက်တွန်းထားပါတယ်။ ရိုဟင်ဂျာတွေ၊ ခွဲခြားဆက်ဆံခံရမှုကြောင့် မဲပေးခွင့် ရုပ်သိမ်းခံထားရတဲ့သူတွေ အပါအဝင် မဲပေးခွင့်ရှိသူအားလုံး မဲပေးနိုင်ရမယ်ဆိုတာကိုလည်း အစိုးရက အသေအချာ ဆောင်ရွက်ပေးသင့်တယ်လို့ Fortify Rights အဖွဲ့က တိုက်တွန်းပါတယ်။
ရခိုင်ဒေသခံတွေကလည်း ရွေးကောက်ပွဲပြန်ဖြစ်ပြီး ငြိမ်းချမ်းရေးအစပြုလာဖို့ လိုလားနေပါတယ်။
"ကျွန်တော်တို့ကလည်း ရွေးကောက်ပွဲပြီးတဲ့အခါ နှစ်ဘက်ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းကြဖို့ဟာကို လိုလားပါတယ်။ စကာတွေကမ်းလှမ်းပြီး ငြိမ်းချမ်းရေးကို ကျွန်တော်တို့လိုလားတယ်။ အေးအေးဆေးဆေး ဖြစ်သွားရင် ဒေသခံတွေလည်း အားလုံး ကိုယ့်နေရာကိုယ် ပြန်ကြရတော့မှာပေါ့။ နောက်ထပ် ရွေးကောက်ပွဲ လုပ်ပြီး တပ်မတော်နဲ့ အေအေနဲ့ ငြိမ်းချမ်းရေးလုပ်နိုင်ရင် ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်သူတွေ အေးချမ်းစွာနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေ ပြန်လုပ်နိုင်မယ်။ အခုဆိုရင် လယ်မြေတွေမှာ စပါးရိတ်လို့ မရဘူး။ တောင်သူလယ်သမားတွေက တအားဒုက္ခရောက်နေတယ်။ ဒါတွေလည်းပြေလည်သွားမှာပေါ့။”
ရွေးကောက်ပွဲမကျင်းပရသေးတဲ့ဒေသတွေမှာ ဘယ်တော့ကျင်းပပေးမယ်ဆိုတဲ့ အချိန်ဇယားကို မြန်မာအစိုးရက ချက်ချင်းချပြသင့်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားတဲ့ Fortify Rights အဖွဲ့ကလည်း ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြီး တိုက်တွန်းထားပါတယ်။ ရိုဟင်ဂျာတွေ၊ ခွဲခြားဆက်ဆံခံရမှုကြောင့် မဲပေးခွင့် ရုပ်သိမ်း ခံထားရတဲ့သူတွေအပါအဝင် မဲပေးခွင့်ရှိသူအားလုံး မဲပေးနိုင်ရမယ်ဆိုတာကိုလည်း အစိုးရက အသေအချာ ဆောင်ရွက်ပေးသင့်တယ်လို့ Fortify Rights အဖွဲ့က တိုက်တွန်းပါတယ်။
ဒါကတော့ စစ်တွေဒေသခံ ရိုဟင်ဂျာခေါင်းဆောင် ဦးကျော်လှအောင် ပြောသွားတာပါ။
အပစ်ရထားတဲ့အချိန်အတွင်း တပ်မတော်က လုံခြုံရေးဆောင်ရွက်နေမှုတွေ၊ သွားလာနေတာတွေကို အေအေ ဘက်က လာရောက်ပစ်ခတ်တာတွေမရှိဘူးလို့ တပ်ဘက်က ပြောပါတယ်။
နှစ်ဘက်တပ်တွေ တိုက်ရိုက်မဟုတ်ပေမယ့် ရပ်မိရပ်ဖလိုကြားခံအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ရနိုင်အောင် ဆွေးနွေးတာတွေရှိနေပြီလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကိုပြောပါတယ်။
“ဘယ်လိုပဲပြောပြော ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲသွားပြီဆိုရင်တော့ တစ်ဖက်နဲ့တစ်ဖက်ကတော့ အခြေအနေစောင့်ကြည့်မယ်တို့ ယုံကြည်မှုကို အတိုင်းအတာတစ်ခုအထိ တည်ဆောက်မယ်ဆိုတဲ့ ပုံစံမျိုးဖြစ်လာမှာပေါ့၊ အဲဒီယုံကြည်မှု တည်ဆောက်နေတဲ့ကာလမှာ တစ်ဖက်နဲ့တစ်ဖက် တွေ့ဆုံညှိနှိုင်းမှုတော့ မရှိသေးပါဘူး၊သို့သော် အောက်ခြေအဆင့်မှာတော့ ညှိနှိုင်းဆောက်ရွက်မှုတွေတော့ရှိတယ်၊ ရပ်မိရပ်ဖလို ပုံစံမျိုးတွေရှိတယ်၊ အဖွဲ့အစည်းပုံစံမျိုးတွေရှိတယ်၊ ဒါတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ လုပ်နေတဲ့ကိစ္စတွေ ဖြစ်စေချင်တဲ့ပုံစံမျိုးတွေ ဒါတွေကတော့ တဆင့်စကားပြောရတာပေါ့၊ ဒါကိုဆိုလိုခြင်းဖြစ်တယ်၊ ဒီညှိနှိုင်းဆောင်ရွက်မှုကနေတဆင့် လိုက်နာမှု အပြန်အလှန်စောင့်ထိန်းမှု အားကောင်းလာရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ပိုပြီးတော့ အကျိုးဖြစ်ထွန်းလိမ့်မယ်လို့ ထင်ပါတယ်”
ဒီလိုအောက်ခြေပြေလည်မှုတွေကနေတဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြန်စလာနိုင်ဖို့ကိုလည်း တပ်မတော်က လိုလားကြောင်း ပြောပါတယ်။
ရက္ခိုင့်တပ်တော် AA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကလည်း လက်ရှိအချိန်ဟာ ယုံကြည်မှု တည်ဆောက်နေတဲ့ ကာလဖြစ်လို့ အေအေ ဘက်က အပစ်ရပ်ထားကြောင်းနဲ့ တိုက်ပွဲတွေမဖြစ်တော့ရင် တွေ့ဆုံဆွေးနွေးနိုင်တဲ့ အခင်းအကျင်းကို ရောက်လာနိုင်တယ်လို့ အခုလ ၂၃ ရက်နေ့က RFA ကို ပြောထားပါတယ်။
ကျောက်တော်မြို့နယ်က စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်သူ ဦးစောသိန်းကတော့ နှစ်ဖက်တပ်တွေ လက်မှတ်ထိုးပြီး အပစ်ရပ်ထားတာမဟုတ်လို့ တိုက်ပွဲတွေပြန်ဖြစ်လာမှာကို စိုးရိမ်နေပါတယ်။
“ရက္ခိုင့်တပ်တော်ရယ် နိုင်ငံတော်အစိုးရ တပ်မတော်ရယ်တို့ မျက်နှာစုံညီ ဆွေးနွေးပြီးတော့မှ၊ ကျွန်တော်တို့ တရားဝင်ယုံကြည် စိတ်ချပြီးတော့မှ ကျွန်တော်တို့ နေရပ်ပြန်လို့ရမယ်။ နှစ်ဘက်နားလည်မှုတွေ လက်မှတ် ထိုးပြီးတော့မှ ကျွန်တော်တို့လည်း နေရပ်ပြန်လို့ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အခုအချိန်မှာ စစ်ပွဲတွေငြိမ်ပြီဆိုပြီး ရွာကိုပြန်သွားလို့ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်ပြီးဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ အတွက် အခက်အခဲတွေ ပိုရောက်သွားမှာစိုးရိမ်တယ်။ အဲဒါကြောင့် နေရပ်လည်းမပြန်ရဲလို့ အခုစခန်းမှာပဲ ကြိတ်မှိတ်ပြီးတော့ နေပါတယ်။ ငြိမ်းချမ်းရေးကိုလည်း မဖြစ်မနေ ဆောင်ရွက်ကြစေချင်ပါတယ်။ ပြည်တွင်းပြည်ပကရော နိုင်ငံတော်ကပါ ဝိုင်းဝန်းပြီးတော့ ပံ့ပိုးစေချင်ပါတယ်။”
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်က စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် အပါအဝင် ပုဏ္ဏားကျွန်း၊ မြောက်ဦး စတဲ့မြို့နယ်တွေနဲ့ တခြားမြို့နယ်တွေက စစ်ဘေးဒုက္ခသည် သုံးသောင်း နီးပါးဟာ ခုရက်ပိုင်းအတွင်း တိုက်ပွဲမဖြစ်ဘဲ ဒေသအေးချမ်းနေတဲ့အတွက် နေရပ်ကိုပြန်သွားကြပြီလို့ ကူညီဆောင်ရွက် ပေးနေတဲ့သူတွေက RFA ကို ပြောပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်က စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် အပါအဝင် ပုဏ္ဏားကျွန်း၊ မြောက်ဦး စတဲ့မြို့နယ်တွေနဲ့ တခြားမြို့နယ်တွေက စစ်ဘေးဒုက္ခသည် သုံးသောင်းနီးပါးဟာ ခုရက်ပိုင်းအတွင်း တိုက်ပွဲမဖြစ်ဘဲ ဒေသအေးချမ်းနေတဲ့အတွက် နေရပ်ကိုပြန်သွားကြပြီးလို့ ကူညီဆောင်ရွက် ပေးနေတဲ့သူတွေက RFA ကို ပြောပါတယ်။
ငြိမ်းချမ်းရေးအလားအလာ ပိုကောင်းလာအောင် AA ကိုအကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားချက်ကို ပယ်ဖျက်လိုက်ဖို့ အကြံပြုသူတွေလည်း ရှိပါတယ်။
ဒီထဲမှာ ရခိုင့်ဦးဆောင်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးလည်း ပါဝင်ပါတယ်။
“ကျွန်တော်တို့ အခြားငြိမ်းချမ်းရေးနဲ့သက်ဆိုင်တဲ့ ဥစ္စာတွေကို ဆက်သွားဖို့က ဒီဥစ္စာကို အရင်ဖယ်ရှားရမယ်။ ဖယ်ရှားပြီးမှ ကျွန်တော်တို့ ဆက်လုပ်စရာရှိတာကို လုပ်လို့ရမယ်လေ။ အဲလိုသာမဟုတ်ရင် ကျန်တဲ့ ဥစ္စာတွေကို ဘာမှဆက်လုပ်လို့ရမှာမဟုတ်ဘူး။ အဲတော့ အကြမ်းဖက်အဖြစ် ကြေငြာထားပြီးတော့ ဆွေးနွေးဖို့ဖိတ်ခေါ်တယ်ဆိုရင် ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေးစကားဝိုင်းမှာ မျက်နှာချင်းဆိုင် တွေ့လို့ရမလဲပေါ့နော်။ ဒါက ဥပမာပြောတာပါ။ အခြားဟာတွေလည်း အများကြီးပေါ့။ အဲတော့ ဒါကကြီးမားသော အခက်အခဲကြီးတစ်ခုဖြစ်နေတယ်။ ဒါကိုဖယ်ရှားကိုဖယ်ရှားရမယ်။ ပြီးမှ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ လုပ်ငန်းစဉ်မှာ တစ်ဆင့်ချင်း သွားနိုင်မှာဖြစ်ပါတယ်။”
တပ်မတော်ဘက်ကတော့ AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာ ပယ်ဖျက်ပေးရေးနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးရဖို့အတွက် လုပ်ဆောင်ချက်ဟူသမျှ ကြိုဆိုမယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၂၄ ရက်နေ့က RFA ကို ပြောကြားထားပါတယ်။
“ ကျွန်တော်တို့ သဘောထားကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးလိုလားလို့ ထုတ်ပြန်ချက်တောင် ထုတ်ပြီးကြိုဆိုပြီးပြီ။ အပြုသဘော လုပ်ဆောင်ချက်မှန်သမျှ ကြိုဆိုပါတယ်။ တစ်ဖက် အဖွဲ့အစည်းတွေကလည်း ပယ်ဖျက်ပေးအောင်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ လုပ်ဆောင်နိုင်အောင် တကယ့်လက်တွေ့ လုပ်ဆောင်မှုတွေကိုလည်း ပြသင့်တယ်လို့ ကျနော်တို့ ထင်ပါတယ်။”
အကြမ်းဖက်အဖွဲအဖြစ် ကြေညာထားတာဟာ ငြိမ်းချမ်းရေးကို တိုက်ရိုက်အဟန့်အတားမဖြစ်နိုင်ဘူးလို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေး ပူးပေါင်းကော်မတီ " UPDJC” အဖွဲ့ဝင်၊ ငြိမ်ချမ်းရေးကော်မရှင် အကြံပေး ဦးလှမောင်ရွှေက ယူဆပါတယ်။
“ကျွန်တော်တို့ ၂၀၁၁ သြဂုတ်လတုန်းက ငြိမ်းချမ်းရေး ဖိတ်ခေါ်တုန်းကလည်း ဒီလိုအခြေအနေမျိုးတွေမှာ ရှိဖူးတယ်၊ ငြိမ်းချမ်းရေး ဖိတ်ခေါ်ပြီးတော့ တစ်ဆင့်ပြီးတော့ တဆင့်ဆွေးနွေးတယ်၊ နောက်ပြီး အစုအဖွဲ့ဆွေးနွေးတယ်၊ နောက်ပိုင်း NCA စာချုပ်တွေ ဘာတွေညှိတယ်၊ ညှိပြီးတော့မှ NCA လက်မှတ်မထိုးခင် နှစ်ရက်သုံးရက်အလိုမှ ခုနလို ပြောတဲ့အဖွဲ့တွေကို အကြမ်းဖက်တို့ မတရားအသင်းတို့ကနေ ပယ်ဖျတ်ပေးလိုက်တာလည်း တွေ့ရတယ်၊ အဲတော့ တိုက်ရိုက်ကြီးတော့လည်း ဒီဟာကတော့ အဟန့်အတားတွေ မဟုတ်ဘူးပေါ့ဗျာ၊ ဒါကတော့ အဓိကကတော့ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ပါပဲ၊ ယုံကြည်မှု တည်ဆောက်ပြီးတော့ တကယ့်ကို တစ်ဖက်က ဆွေးနွေးနိုင်တယ်ပေါ့ဗျာ၊ အဲတော့လည်း ဒီလိုမျိုးဆွေးနွေးပွဲတွေမှာတော့ ကျွန်တော်တို့သိတာတော့ ယုံကြည်မှု တည်ဆောက်တဲ့အလုပ်က အဓိကပဲဗျ၊ ဒီအလုပ်က အဆင့်လိုက်အောင်မြင်လို့ရှိရင် ဒါတွေကျော်လွှားပြီးတော့ လက်မှတ်ရေးထိုးနိုင်တဲ့အဆင့်အထိလည်း ရောက်နိုင်ပါတယ်”
တိုက်ပွဲတွေ အမြဲရပ်ဖို့သွားဖို့က အပစ်ရပ်ထားတဲ့ကာလအတွင်း နောက်တဆင့်တက်အောင် လုပ်နိုင်ခြင်း၊ မလုပ်နိုင်ခြင်းအပေါ်မှာပဲ မူတည်နေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး ကပြောပါတယ်။
“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ခေါင်းဆောင်နေတဲ့ လူတွေအနေနဲ့ ရေရှည်တည်တံ့အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ စဉ်းစားတဲ့ စဉ်းစားမှုအပေါ် မူတည်ပါလိ့မ့်မယ်၊ တကယ်ကတော့ အခုဟာကတော့ ရခိုင်စစ်မျက်နှာကို ပြောတာပေါ့နော်၊ ကချင်ပြည်နယ်မှာလည်း အပစ်ရပ်နေတာ ၂ နှစ်ရှိသွားပြီဗျာ၊ ၂ နှစ်တောင်ကျော်သွားပြီ ၂၀၁၈ နှစ်ဆန်းပိုင်းကတည်းက ရပ်သွားတာ၊ သို့သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က တက်မလာဘူး၊ သူတို့နဲ့ ကျွန်တော်တို့က bilateral လက်မှတ်ရေးထိုးနိုင်တာ၊ အဲကနေ NCA ထိုးနိုင်တာအထိ တက်မလာဘူး၊ တက်လာနိုင်အောင် လုပ်နိုင်ခြင်း မလုပ်နိုင်ခြင်းအပေါ်မှာပဲ မူတည်ပါတယ်၊ အဲတော့ ဒီအခြေအနေကနေ နောက်တဆင့်တက်အောင် လုပ်နိုင်မယ်ဆိုလို့ရှိရင် ရလဒ်ကောင်းတွေ ထွက်ပါမယ်၊ ဒီအခြေအနေကနေ နောက်တဆင့်တက်လာအောင် မလုပ်နိုင်သေးဘူးဆိုရင်တော့ လုပ်ငန်းစဉ်ကရပ်တန့်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ နောက်ကိုပြန်လျှောကျတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”
တိုက်ခိုက်မှုတွေကြောင့် လုံခြုံရေးအကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ နေရာတွေက ပြည်သူတွေကတော့ ငြိမ်းချမ်းမှုအမြန်ရပြီး ရွေးကောက်ပွဲတွေပြန်ကျင်းပနိုင်မယ့်အရေးကို မျှော်လင့်နေကြပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)