ထိုင်း ကျောင်းသားတွေကို ဂူထဲက ဘယ်လို ကယ်ထုတ်မလဲ


2018.07.03

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အနီးက မြေအောက်ဂူတခုမှာ ပိတ်မိနေတဲ့ ကျောင်းသားတွေရဲ့ နောက်ဆုံးအခြေအနေနဲ့ သူတို့ကို ပြန်လည်ကယ်ဆယ်ရေးအတွက် တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အနီးက ထမ်းလွမ် (Tham Luang) မြေအောက်ဂူထဲကို ဇွန် ၂၃ ရက်နေ့က ဝင်ရောက်ပျောက်ဆုံးသွားခဲ့တဲ့ဲ့ ကျောင်းသား ၁၂ ဦးနဲ့ နည်းပြဆရာ ၁ ဦးကို ၉ ရက်ကြာမြင့်ပြီးနောက် တနင်္လာနေ့ညက ပြန်တွေ့ခဲ့ပါပြီ။  သူတို့နဲ့အတူ ထိုင်းရေတပ်က ရေငုပ်သမားတွေ၊ ကျန်းမာရေးပြုစုပေးမယ့် ဆရာဝန်တဦးနဲ့ သူနာပြုတဦးအပြင်  စိတ်ဓါတ်မြှင့်တင်ပေးမယ့်သူတွေ အတူရှိနေပြီး လိုအပ်သလို ကျန်းမာရေး ပြုစုပေးနေပါတယ်။    အခု ရင်ဆိုင်နေရတာကတော့ သူတို့ကို ပြန်လည်ကယ်ထုတ်ရေးပါပဲ။ အဲဒီ ကလေးတွေကို ရေငုတ်ကရိယာတွေ အသုံးပြုတတ်အောင်သင်ပေးပြီး ဒီရက်ပိုင်းအတွင်း ပြန်ထုတ်မှာလား ဒါမှမဟုတ် မိုးရာသီကုန်တဲ့အထိ အဲဒီ မြေအောက်ဂူထဲမှာ စောင့်ခိုင်းမှာလားဆိုတာ ဆုံးဖြတ်ရပါလိမ့်မယ်။ သူတို့အခုရောက်ရှိနေတဲ့ နေရာက ဂူအတွင်းဘက် ၄ ကီလိုမီတာလောက်နဲ့ မြေအောက် မီတာ ၈ဝဝ ကျော်လောက်အနက်မှာပါ။ ကျွမ်းကျင်တဲ့ ရေငုပ်သမားတွေတောင် ဂူအဝကနေ လက်ရှိနေရာကိုရောက်ဖို့အတွက် ရေထဲဖြတ်ပြီး ၆ နာရီလောက် သွားရတယ်လို့ ဆိုပါတယ်။ ရေငုပ်ရတဲ့အချိန်က ၃ နာရီလောက်ရှိပြီး တချို့နေရာမှာ အင်မတန်ကျဉ်းမြောင်းတဲ့ ရေအောက်ကိုဖြတ်ရတယ်လို့လည်း သိရပါတယ်။

အဲဒီ ဒေသမှာ အခုမိုးသည်းထန်နေတဲ့အတွက် ဂူထဲမှာရေက ပိုများလာနေပါတယ်။ ရေတွေကို စုပ်ထုတ်နေပြီး တကယ်လို့ ရေအနက် ၄ ပေလောက်အထိ ကျသွားမယ်ဆိုရင်တော့ သာမန်အသက်ကယ်အင်္ကျီတွေဝတ်ပြီး ထွက်နိုင်မှာပါ။ ဒါပေမယ့် လတ်တလောအခြေအနေမှာ  အဲဒီလို စုပ်ထုတ်နိုင်မှာ မဟုတ်တဲ့အတွက် သူတို့ကို အခု ပြန်ထုတ်မယ်ဆိုရင် ရေရှိတဲ့နေရာတချို့ကို ဖြတ်ပြီး ထွက်ရမှာဖြစ်ပါတယ်။ အဲဒီလို ထွက်ဖို့အတွက် သာမန်ရေကူးတတ်ရုံနဲ့မရဘဲ ရေငုပ်ကိရိယာ အကူအညီနဲ့ထွက်ရမှာပါ။ အမေရိကန်ပြည်ထောင်စု ကယ်လ်ဖေါနီးယားပြည်နယ် Standford University စတင်းဖို့တက္ကသိုလ်က ဆေးပညာပါမောက္ခ ဒေါက်တာ Paul Aurebach ပေါလ် အော်ရာဘါ့ခ် က “ဒီကလေးတွေကို ရေအောက်ဖြတ်ပြီး ကယ်ဆယ်ရေးအစီအစဉ်မှာ လုပ်ငန်းစဉ်အများကြီးပါဝင်ပြီး အတော်ခက်ခက်ခဲခဲ ဆောင်ရွက်ရမှာဖြစ်ပါတယ်။  ဒီကိစ္စဟာ ဖြေရှင်းနိုင်တဲ့ပြဿနာပါ။ ဒါပေမဲ့ ကလေးတွေအနေနဲ့ ကယ်ဆယ်ရေးအစီအစဉ်မှာ ပါဝင်နိုင်ရေးအတွက် ရုပ်ပိုင်းအရရော စိတ်ပိုင်းအရပါ လိုအပ်ချက်တွေနဲ့ ပြည့်ဖို့လိုတယ်။ ပြီးရင် ရေအောက်မှာ ကူးခတ်သွားလာနည်းတွေကို အသေအချာ သင်ပေးရမှာဖြစ်တယ်။ အဲဒီ ကိစ္စဟာ သေရေးရှင်ရေးပဲ” လို့ပြောပါတယ်။

အဲဒီ ကလေးတွေကို ရှာတွေ့ခဲ့တဲ့ ဗြိတိန်နိုင်ငံသား စေတနာ့ဝန်ထမ်း ရေငုပ်သမား (Richard Stanton) Rick ရစ် နဲ့ (John Volanthen) John ဂျွန်တို့၂ ဦးဟာ ကမ္ဘာအနှံ့အပြားက မြေအောက်ပိတ်မိနေသူတွေကို အခုလို ခက်ခက်ခဲခဲ ရှာဖွေကယ်တင်ရေးလုပ်ငန်းတွေမှာ ပါဝင်ဖူးတဲ့ ဝါရင့်တွေဖြစ်ပါတယ်။  ကလေးတွေရှိတဲ့နေရာကို ရောက်ဖို့အတွက် သူတို့ ရေဆန်ကိုလှန်ပြီး ခက်ခက်ခဲခဲ ကူးခတ်သွားခဲ့ကြရတယ်လို့ ဆိုပါတယ်။

တခြား ပညာရှင်တဦးရဲ့ ဝေဖန်ချက်ကလည်း အတော်စိတ်ဝင်စားစရာပါ။ သူကတော့ US National Cave Rescue Commission အမေရိကန် အမျိုးသား မြေအောက်ဂူ ကယ်ဆယ်ရေးကော်မရှင်က ဝါရင့် ကယ်ဆယ်ရေးသမား Anmar Mirza အန်မာ မီဇာဖြစ်ပါတယ်။

“မြေအောက်ဂူထဲက ရေထဲမှာငုပ်ပြီးကူးခတ်ဖု့ိုဆိုတာ အတွေ့အကြုံ ရင့်ကျက်တဲ့ ရေငုပ်သမားတွေအတွက်တောင် အင်မတန် အန္တရာယ်များတဲ့အလုပ်ပါ။ အခုဟာက လုံးဝအတွေ့အကြုံမရှိတဲ့ကလေးတွေကို အလင်းရောင်မရှိတဲ့နေရာက ကယ်ထုတ်ရမှာဖြစ်ပါတယ်။ အောက်စီဂျင်ဗူးထဲက လေကို ရူရှိုက်နည်းမတတ်ရင် မိနစ်ပိုင်းအတွင်း အသက်ဆုံးနိုင်ပါတယ်” လို့ သူကပြောပါတယ်။ တကယ်လို့ ရေငုပ်ပြီးထွက်ခိုင်းမယ်ဆိုရင် သူတို့ကို ရက်အတန်ကြာ သင်တန်းပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဒါပေမဲ့ မစ္စတာ မီဇာကတော့ ကလေးတွေကို အဲဒီလို အန္ဒရာယ်များတဲ့ ရေငုပ်ထုတ်တဲ့နည်းထက် ရေကျတဲ့ကာလအထိ စောင့်ဆိုင်းထားပြီးမှ ထွက်ခိုင်းတာက ပိုပြီး လုံခြုံမှာပဲလို့ အကြံပေးပါတယ်။

ကလေးတွေကို ဂူထဲမှာ မိုးကုန်တဲ့အထိထားမယ်ဆိုရင်တော့ အောက်တိုဘာလအထိ စောင့်ရမှာပါ။ ထိုင်း အာဏာပိုင်တွေကတော့ သူတို့ကို ဂူပြင်ထုတ်ဖို့ အဆောတလျှင်မလုပ်သေးဘဲ လက်ရှိမှာ အလွယ်တကူ အစာကြေညက်ပြီး ခွန်အား မြန်မြန်ပြည့်မယ့် အစားတွေကို ကျွေးမွေးနေပါတယ်။ ကလေးအားလုံးရဲ့ ကျန်းမာရေး ကောင်းမွန်နေတယ်လို့ ထိုင်းရေတပ် Navy SEALS အထူးတပ်ဖွဲ့ အရာရှိတဦးက ပြောပါတယ်။

ဒီအတောအတွင်း ဂူအတွင်းက ကျောင်းသားတွေနဲ့ ဂူပြင်ပ စောင့်ဆိုင်းနေတဲ့ မိဘတွေ စကားပြောနိုင်ဖို့အတွက် တယ်လီဖုန်းလိုင်းတခုကို မနေ့ညကတပ်ဆင်ခဲ့တယ်လို့လည်း သိရပါတယ်။  သူတို့ စကားပြောခွင့် ရကြပြီလားဆိုတာတော့ ဒီနေ့မနက် သတင်းတင်ဆက်ချိန်အထိ မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။