ရုရှားထံက စက်သုံးဆီဝယ်ယူမှု ပြည်တွင်းပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဟု လေ့လာသူတွေ သုံးသပ်

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာမသိမ်းခင်က စက်သုံးဆီဈေးနှုန်းတွေဟာ ယေဘုယျအားဖြင့် တစ်လီတာကို ၇၀၀ ကျပ် ဝန်းကျင်သာ ရှိခဲ့ရာကနေ အခု အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အကြာမှာတော့ တစ်လီတာကို ကျပ် ၃၂၀၀ ကျော်အထိ မြင့်တက်လာပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က အောက်တိန်း ၉၂ တစ်လီတာကို ၆၉၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၇၀၅ ကျပ်သာ ရှိခဲ့ရာကနေ အခု ဩဂုတ်လ ၃၁ ရက်နေ့မှာ အောက်တိန်း ၉၂ တစ်လီတာကို ၂၅၇၀ ကျပ်နဲ့ ၉၅ တစ်လီတာကို ၂၆၃၅ ကျပ်အထိ ဈေးတက်နေပါတယ်။
ဒါဟာ တစ်နှစ်ခွဲကျော်အတွင်း တစ်လီတာချင်းစီကို လေးဆလောက်အထိ ဈေးတက်လာတာပါ။ ဒီဇယ်ဈေးနှုန်းတွေဟာလည်း အာဏာမသိမ်းခင်က ရိုးရိုးဒီဇယ်ဆီ တစ်လီတာကို ၆၅၅ ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာကို ၇၀၅ ကျပ်သာ ရှိခဲ့ရာကနေ အခု ၂၀၂၂ ခုနှစ် ဩဂုတ်လကုန် ပိုင်းမှာ ရိုးရိုးဒီဇယ် တစ်လီတာကို ၃၁၉၅ ကျပ်နဲ့ ပရီမီယမ်ဒီဇယ် တစ်လီတာကို ၃၂၇၅ ကျပ်ထိ ဈေးတက်လာပါတယ်။
ကုန်သွယ်ရေးမှာ အဓိကနိုင်ငံခြားငွေဖြစ်တဲ့ အမေရိကန်ဒေါ်လာကို ကန့်သတ်ထိန်းချုပ်ဖို့ ဗဟိုဘဏ်ကနေ အမိန့်အမျိုးမျိုး ထုတ်ပြန်ရာကနေ ၂၀၂၁ ခုနှစ် စက်တင်ဘာကစလို့ ဒီပြဿနာ စတင်လာတာလို့ စီးပွားရေးသုံးသပ်သူတွေနဲ့ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးသူတွေက ပြောပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ကမ္ဘာ့ရေနံထုတ်လုပ်မှုရဲ့ ၁၂ ရာခိုင်နှုန်းထုတ်လုပ်နိုင်တဲ့ ရုရှားနိုင်ငံက စက်သုံးဆီတွေကို ဈေးချိုချိုနဲ့ ဝယ်ယူနိုင်ဖို့ စီစဉ်ထားတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဩဂုတ်လ ၁၇ ရက် နေပြည်တော် သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။
“ရုရှားနိုင်ငံကတော့ ရေနံမူရင်းထွက်တဲ့ နိုင်ငံဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ လုပ်ဆောင်နေတာ နှစ်ချက်ရှိပါတယ်။ နံပါတ်တစ်ကတော့ ဈေးနှုန်းသက်သာရမယ်။ နံပါတ်နှစ်ကတော့ အရည်အသွေး ပြည့်မီပြီး လျင်လျင်မြန်မြန် ရနိုင်ရမယ်။ ဒီအချက်နှစ်ချက်ပေါ်မှာ မူတည် ပြီးတော့မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ရုရှားနဲ့ မြန်မာဟာ ဆက်သွယ်ဆက်ဆံမှု မြင့်မားနေတာ ဖြစ်တယ်။ နောင်လည်း ဆက်သွယ်ဆက်ဆံမှု ပိုမိုမြင့်မားလာမှာဖြစ်တဲ့အတွက် စက်သုံးဆီနဲ့ ပတ်သက်လို့ အာမခံချက်တစ်ခု ရရှိပြီး ဖြစ်ပါတယ်”
ရုရှားနိုင်ငံက စက်သုံးဆီတွေ တင်သွင်းနိုင်ဖို့အတွက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဇူလိုင်လ ရုရှားနိုင်ငံခရီးစဉ်အတွင်းမှာ သဘောတူခဲ့ကြတာလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
သွင်းကုန်လုပ်ငန်း ရှင်တွေ စက်သုံးဆီတင်သွင်းရာမှာ လွယ်ကူချောမွေ့စေဖို့ အခွန်လျှော့ပေါ့ ပေးတာနဲ့ ဒေါ်လာ အလွယ်တကူ ဝယ်လို့ရအောင် စီစဉ်ပေးမယ်လို့လည်း ပြောခဲ့ပါတယ်။
စစ်ကောင်စီဟာ ရုရှားနိုင်ငံမှ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ကို ဩဂုတ်လ ၁ ရက်နေ့မှာ ဖွဲ့စည်းပြီး စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောကို ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ထားပါတယ်။
"ဆီမဝင်တော့ ဝယ်ဖို့လည်း မရှိဘူး၊ ရောင်းဖို့လည်းမရှိဘူး။"
ဦးပိုင်လက်အောက်ခံ စတားဟိုက် ကုမ္ပဏီလီမိတက်၊ အလင်းတန်း စွမ်းအင် ကုမ္ပဏီလီမိတက်၊ ဘက်စ်(ထ်) အွိုင်းလ် ကုမ္ပဏီလီမိတက်နဲ့ ရဲတံခွန် စွမ်းအင်ကုမ္ပဏီလီမိတက် တို့က ကော်မတီဝင်တွေအဖြစ် ပါဝင်ပါတယ်။
မြန်မာက ရုရှားထံကနေ လောင်စာဆီဝယ်ယူဖို့ စီစဉ်နေတာဟာ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်တာကြောင့် အနောက်နိုင်ငံတွေရဲ့ ဖယ်ကြဉ်ခံထားရတဲ့ ရုရှားနဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာရယူထားတဲ့ စစ်ကောင်စီတို့ အထီးကျန် စွန့်ပစ်ခံထားရသူချင်း စီးပွားရေးအရ ပူးပေါင်းကြတာလို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။
“ဗမာပြည်ကလည်း တော်တော်ခက်ခဲနေတာ ပေါချောင်ကောင်း လိုက်ရတာပေါ့။ ရုရှားကလည်း ဒီလိုပဲလေ ကုန်သွယ်ရေးက သူလည်း အစစအရာရာ ပိတ်ဆို့ခံထားရတော့ ရပေါက်ရလမ်းက လိုက်တော့ ဈေးနှုန်းနိမ့်ပြီး ရောင်းတဲ့အခါမှာ အခုလို အနောက်နိုင်ငံတွေနဲ့ အဆင်မပြေတဲ့ ကျမတို့လို ဗမာနိုင်ငံအတွက် တွေ့တာပေါ့ဗျာ။ ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုး တွေ့ကြတာပေါ့ဗျာ။ ဒါပါပဲ”
ရုရှားနိုင်ငံအနေနဲ့ ယူကရိန်းအရေးကြောင့်ဖြစ်လာတဲ့ အနောက်နိုင်ငံတွေရဲ့ဖိအားကို တွန်းလှန်ရာမှာ နိုင်ငံတချို့ရဲ့ ထောက်ခံမှု လိုအပ်တဲ့အတွက် မြန်မာနဲ့ ပိုနီးကပ်အောင် ဆက်ဆံလာတာလို့လည်း ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တွေကို ခွဲတမ်းနဲ့ စက်သုံးဆီ ဖြန့်ဖြူးပေးနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ လုံလောက်တဲ့ စက်သုံးဆီ ခွဲတမ်းမရတာ၊ စက်သုံးဆီဈေး မြင့်တက်နေတာတွေကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ လုပ်ငန်းမလည်ပတ်နိုင်တော့ဘဲ ပိတ်ထားရတယ်လို့ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ထဲက စက်သုံးဆီဆိုင်ရဲ့ မန်နေဂျာတစ်ယောက်က RFA ကို ပြောပါတယ်။
“လက်ရှိ ရုရှားက ဘာသင်္ဘောမှ မဝင်သေးဘူး။ မြိတ်ကျွန်းက တင်သွင်းလာတာတော့ ဝင်တယ်။ လက်ရှိ အခက်အခဲပြေနိုင်ဖို့ ဆီမရှိဘူး။ ဆီဝင်ရင် ပြေနိုင်တယ်။ ဈေးကတော့ ကျ မကျ မပြောတတ်ဘူးလေ။ ရုရှားက ဆီဝင်လည်း အဆင်ပြေမှာ မဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ ဈေးက စကားပြောတာကိုး။ ဈေးအတက်အကျထက် ဆီမှ မဝင်တာကိုး။ ဆီမဝင်တော့ ဝယ်ဖို့လည်း မရှိဘူး၊ ရောင်းဖို့လည်းမရှိဘူး။ လုပ်ငန်းလုပ်တဲ့သူအားလုံးက ရှုံးတယ်ဆိုတော့ အရောင်းအဝယ် မရှိဘူး။ ကျနော်တို့တောင် နှစ်လလောက်ရှိပြီ ရပ်ထားတာ။ လုပ်ငန်းရှင်တွေ အားလုံး ယိုင်ကုန်ပြီ အခြေအနေ”
တနင်္သာရီတိုင်း မြိတ်မြို့နယ်ထဲမှာ ၂၂၀ လီတာဆံ့ လောင်စာဆီ တစ်ပီပါကို ကျပ် ခုနစ်သိန်း နှစ်သောင်းနဲ့ စက်သုံးဆီဆိုင်တွေက ဝယ်ယူရပြီး၊ သုံးစွဲသူတွေကို ပြန်ရောင်းချနေရတာလို့ သူက ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ လက်ရှိ စက်သုံးဆီဈေးနှုန်းတွေဟာ အရှေ့တောင်အာရှမှာ အနိမ့်ဆုံးဖြစ်တယ်လို့ ဩဂုတ်လ ၁၇ ရက်နေ့က ပြောခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံတကာ စက်သုံးဆီဈေးနှုန်းတွေကို ဖော်ပြနေတဲ့ Global Petrol Prices ဝက်ဘ်ဆိုက်ဒ်ရဲ့ ဩဂုတ်လ ၂၂ ရက်နေ့အထိ ဈေးနှုန်းတွေအရ မြန်မာနိုင်ငံရဲ့ အောက်တိန်း ၉၅ တစ်လီတာဟာ ၁.၂၁၆ ဒေါ်လာ ရှိနေပြီး အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေရှ့်၊ မလေးရှား နိုင်ငံတွေဟာ မြန်မာထက် အနည်းဆုံး ၀.၁ ဒေါ်လာကနေ ၀.၇ ဒေါ်လာအထိ လျော့နည်းနေတာ တွေ့ရပါတယ်။

ရုရှားနိုင်ငံက တင်သွင်းမယ့် စက်သုံးဆီနဲ့ ပတ်သက်လို့ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ကို RFA က ဆက်သွယ်ရာမှာတော့ ရုရှားဆီတင်သင်္ဘောရောက်မယ့်အချိန်ကို ခန့်မှန်းလို့ မရသေးဘူးလို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“လက်ရှိကတော့ အစည်းအဝေး သူတို့ လုပ်နေပါတယ်။ တာဝန်ခံလူကြီးတွေလေ။ အဲဒါကျတော့ (ဘယ်အချိန် ရုရှားက ဆီတင်သင်္ဘောတွေ ဝင်မယ်ဆိုတာ) မှန်းဖို့ခက်ပါတယ်။ ကျနော်တို့ လောလောဆယ် ဘာမှကို ပြောလို့မရလို့ပါ”
ပြည်တွင်းမှာ စက်သုံးဆီဈေး၊ ဒေါ်လာဈေးနဲ့ ရွှေဈေးတွေ အဆမတန် မြင့်တက်တာ၊ ကျပ်ငွေတန်ဖိုး အကြီးအကျယ် ကျဆင်းနေတာတွေကြောင့် စီးပွားရေးကဏ္ဍတစ်ခုလုံးမှာ အခက်တွေ့နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။
“(နိုင်ငံခြား) ငွေဈေးတက်လို့ ဈေးတက်တာ တစ်မျိုး၊ ကိုယ့်ပစ္စည်းရောင်းပြီးရင် နောက်ပြန်သွင်းဖို့ ခက်တဲ့အတွက် ဈေးတက်တယ်။ နောက်တစ်ခါကျတော့ လောင်စာဆီ တက်လို့ ဈေးတက်တယ်။ ဈေးအရမ်းတက်တော့ ဝယ်တဲ့သူအတွက်ကလည်း ဝယ်ဖို့ ချင့်ချိန် သွားရပြန်ရော။ ဒါ ဂျာအေး သူ့အမေရိုက်သလို ဖြစ်ပြီးတော့ စီးပွားရေး Sector (ကဏ္ဍ) ကြီးတစ်ခုလုံးက ဝယ်သူ၊ ရောင်းသူရောစသဖြင့် အကုန်လုံးမှာ ပတ်ချာလည်ပြီးတော့ စားသုံးသူရော အကုန်လုံး အခက်အခဲတွေ တွေ့ပါတယ်”
စစ်ကောင်စီကတော့ စက်သုံးဆီ ပြဿနာကို ဖြေရှင်းဖို့ ရုရှားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ အကူအညီနဲ့ ပြည်တွင်းမှာ ရေနံတူးဖော်မယ်လို့ ဩဂုတ်လ ၁၇ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောထားပါတယ်။
အဲဒီလိုပဲ ကုန်းတွင်းပိုင်း ရေနံလုပ်ကွက်တွေ တစ်ခုချင်းစီမှာ ပြည်တွင်းကုမ္ပဏီတွေကို တင်ဒါ ခေါ်ယူပြီး မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ အကျိုးတူလုပ်ကိုင်စေမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
လက်ရှိအချိန်အထိတော့ စစ်ကောင်စီက တင်သွင်းမယ့် ရုရှား စက်သုံးဆီတင်သင်္ဘောတွေဟာ မြန်မာနိုင်ငံကို မရောက်လာသေးသလို စက်သုံးဆီဈေးနှုန်းတွေကလည်း ဆက်တိုက် မြင့်တက်နေတာကြောင့် ပြည်တွင်းစက်သုံးဆီ ပြဿနာကို လတ်တလော ဖြေရှင်းနိုင်မယ့် နည်းလမ်း မမြင်သေးဘူးလို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။