တော်လှန်ရေးအရှိန် မြှင့်နေကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပြော
2021.09.21

အမျိုးသားညီညွတ်ရေးအစိုးရ NUG က နိုင်ငံတစ်ဝန်း စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ကြဖို့ ကြေညာ ပြီးနောက် စစ်ကောင်စီအပေါ် တိုက်ခိုက်မှုတွေနဲ့ နှစ်ဖက်တင်းမာမှုတွေ ပိုမြင့်လာတာကြောင့် နိုင်ငံတကာက တိုက်တွန်းနေတဲ့ ငြိမ်းချမ်းရေးလမ်းက အလှမ်းဝေးနေဆဲပဲလို့ လေ့လာသူတွေ ထောက်ပြကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ကောင်စီကို တစ်နိုင်ငံလုံး ဝိုင်းတိုက်ခိုက်ကြဖို့ ကြေညာခဲ့ပြီးနောက် KNPP၊ CNF၊ KIO၊ MNDAA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေဟာ သူတို့လှုပ်ရှားရာဒေသအလိုက်မှာ စစ်ရေးအရ အရှိန်မြှင့်ပြီး တော်လှန်တိုက်ခိုက်နေကြတယ်လို့ အဖွဲ့ပြောခွင့်ရသူတွေက ဆိုပါတယ်။
စစ်အာဏာရှင်အုပ်ချုပ်တဲ့အောက်မှာ ပြည်သူတွေကို နစ်မြုပ်မခံနိုင်တာကြောင့် အခုလိုတိုက်ခိုက်နေတာလို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီး က ပြောပါတယ်။
"ဒီလိုနိုင်ငံတကာကို အားကိုးမယ် နိုင်ငံတကာက ဝင်ရောက်ဖြန်ဖြေပေးမယ်ဆိုတာတွေက တစ်ကယ်တမ်း ခြောက်လလောက်ကြာတဲ့အခါ ဘာမှဖြစ်မလာဘူးဆိုတာသိရတယ်၊ ပြီးတော့ လူတစ်ထောင်ကျော်ကို ဘာမှအဓိပ္ပာယ်မရှိဘဲနဲ့ သတ်ဖြတ်နေတဲ့ဟာတွေ ဝင်ရောက်အရေးယူတာတွေမရှိခဲ့ဘူး၊ ဒါလူထုကလည်း ကောင်းကောင်းကြီး ရှင်းရှင်းလင်းလင်းသိလာတဲ့အခါမှာ ဒီလိုမှ ကိုယ့်ကိုကိုယ်ခုခံကာကွယ်ဖို့ မလုပ်တော့ ဘူးဆိုရင် ကျရှုံးတာပဲလို့မြင်တယ်၊ ဖိနှိပ်သတ်ဖြတ်မှုတွေက မတရားလွန်ကျူးနေမယ်ဆိုရင် လူငယ်တွေက မခံရပ်နိုင်တော့ဘဲ ကိုယ့်ကိုကိုယ်ခုခံကာကွယ်နိုင်ဖို့လုပ်တာကို ကျွန်တော်တို့ကလည်း မတားဘူး၊ တတ်နိုင် သလောက် ကူညီပေးတယ်၊ ခုနစ်လလည်း ကျော်သွားပြီးဆိုတော့ လူထုရဲ့နားလည်မှုက ရှင်းရှင်းလင်းလင်း ဖြစ်လာပြီဆိုတော့ ကိုယ့်ကိုကိုယ် မခုခံကာကွယ်နိုင်ဘူးဆိုရင် ဒီဝဲဂယက်ထဲမှာ စုန်းစုန်းမြှပ်သွားမယ်ဆို တာ သိလာပြီ၊ NUG ဆိုတာလည်း သူတို့လည်း ကောင်းကောင်းကြီး သဘောပေါက်လာကြတဲ့ နောက်ဆုံး ကျတော့ သူတို့မလုပ်လို့ကို မရတော့ဘူးဆိုတာ သိလာကြတယ်’’
ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ပြောခွင့်ရသူ ဆလိုင်းထက်နီကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပါ အားလုံးတစ်ပြိုင်နက်တည်း ခုခံတော်လှန်ကြဖို့လိုတယ်လို့ ဆိုပါတယ်။
"တောင်ပေါ်မြေပြန့်မရွေး တခါတည်း ကျွန်တော်တို့က လုပ်နိုင်ရင် တိုက်ပွဲအောင်မြင်မှုက ပိုပြီးနီးသွား လိမ့်မယ်၊ စုစည်းမှုက အင်မတန်မှအရေးကြီးတယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ဦးဆောင်မှုဆိုတာမှာ ချင်းတောင်မှာ CDF မြေပြန့်မှာ PDF ဆိုတာ စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက သင်တန်းတွေကို ကျွန်တော်တို့တိုင်းရင်းသားတွေက ပို့ချတာဖြစ်တယ်၊ အင်အားတည်ဆောက်ရေး၊ နည်းပညာပံ့ပိုးရေး လုပ်နေတာဖြစ်တယ်၊ CDF ရယ် PDF မှမဟုတ်ဘဲ အားလုံးပူးပေါင်းပြီးတိုက်မှ စောစောအောင်မြင်မယ်၊ အဲဒီသဘောထားကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ အားလုံးမှာတော့ရှိပါတယ်’’
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်လောက်ကတည်းက ရှိလာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တော်လှန်ရေးဟာ ဒီနေ့အထိ ဆက်လက်ကြီးထွားနေဆဲပါ။
အခုစစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ တော်လှန်ရေးအင်အားစုအသစ်တွေကိုလည်း တချို့တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေက စစ်ရေးအရထောက်ပံ့ပေးသလို တချို့ကလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တွေနဲ့အတူ စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေကြပါတယ်။

ကချင်ပြည်နယ်ထဲမှာတော့ KIA က PDF အဖွဲ့ဝင်တွေကို စစ်ရေးအတွက် ထိန်းချုပ်ကွပ်ကဲထားတယ်လို့ KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။
"NUG ကလည်း ပြည်သူလူထုကို နှိုးဆော်ပြီးမှ ဒီကြေညာချက်ထုတ်ထားတာရှိပါတယ်၊ ကျွန်တော်တို့ ကချင်ပြည်နယ်ဘက်မှာလည်း KIA KIO တွေရှိတဲ့ဘက်ကို စစ်ကောင်စီဘက်က ထိုးဝင်လာရင် ကျွန်တော် တို့ ခုခံမှုက အဆင်သင့်ဖြစ်ပါတယ်၊ အခု ကချင်ပြည်နယ်ဘက်မှာကတော့ PDF တွေနဲ့ ဗျူဟာဆွဲပြီးမှ စစ်ဆင်ရေးလုပ်ဖို့ဆိုတာကတော့ မရှိသလောက်ဖြစ်နေပါတယ်၊ ဒီ PDF တွေဟာလည်း KIA ရဲ့ လက် အောက်မှာရှိနေပါတယ်’’
အာဏာသိမ်းစစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ NCA မှာ အပစ်ရပ်ရေး လက်မှတ်ထိုးထားတဲ့အဖွဲ့တွေရော လက်မှတ်မထိုးထားတဲ့အဖွဲ့တွေပါ PDF တွေကို လက်နက်ထောက်ပံ့တာ၊ သင်တန်းပေးတာအပြင် အကြမ်း ဖက်သမားတွေကို အားပေးတဲ့လုပ်ရပ်တွေမလုပ်ကြဖို့ ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတိပေးထားပါတယ်။
ဒီအချက်နဲ့ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီး ကတော့ KNU အနေနဲ့ စစ်အာဏာရှင်စနစ်ကို လက်မခံတာကြောင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ သူတွေ၊ အဖွဲ့အစည်းတွေကို ထောက်ခံကူညီပေးသွားမယ်လို့ တုံ့ပြန်ပါတယ်။
"ဖိနှိပ်သတ်ဖြတ်မှုတွေ မတရားလွန်ကျူးနေမယ်ဆိုရင် လူငယ်တွေက မခံရပ်နိုင်တော့ဘဲ ကိုယ့်ကိုကိုယ်ခုခံကာကွယ်နိုင်ဖို့လုပ်တာ"
နိုင်ငံတစ်ဝန်းမှာ ကြီးထွားလာနေတဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကြောင့် ဒေသခံတွေဟာ စစ်ဘေး ဒုက္ခသည်တွေဖြစ်လာကြရသလို ဘယ်အဖွဲ့အစည်းထဲမှာမှမပါတဲ့သူတွေရဲ့ အသက်တွေနဲ့ အိုးအိမ်တွေလည်း ထိခိုက်ပျက်စီးမှုတွေရှိနေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့က ချင်းပြည်နယ် ထန်တလန်မြို့ပေါ်မှာ စစ်ကောင်စီနဲ့ CNF/CDF တပ်ဖွဲ့ တွေရဲ့ တိုက်ပွဲကြောင့် အိမ် ၁၈ လုံးနဲ့ ဟိုတယ်တစ်လုံး မီးလောင်ပျက်စီးခဲ့ရသလို မြို့ပေါ်က ဒေသခံ တစ်သောင်းလောက်ဟာလည်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။
ကယားပြည်နယ်ထဲမှာလည်း တိုက်ပွဲတွေကြောင့် အခုစက်တင်ဘာလအတွင်း လူပေါင်း ၂၂,၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN-OCHA) ရဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကယားနဲ့ ရှမ်းပြည်နယ်အရှေ့တောင်ပိုင်းမှာ မေလ ၂၁ ရက်နေ့ကစပြီး တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းနှစ်သောင်းကျော်ရှိနေတယ်လို့ ဆိုပါတယ်။ ချင်း၊ ကချင်၊ ကရင်၊ မကွေးနဲ့ စစ်ကိုင်း စတဲ့ ဒေသတစ်ခု ချင်းစီအလိုက်မှာလည်း စစ်ဘေးဒုက္ခသည်ဦးရေ သောင်းနဲ့ချီရှိနေတယ်လို့ (UN-OCHA) က ထုတ်ပြန်ထား ပါတယ်။

တွေ့ဆုံဆွေးနွေးဖို့ လမ်းစပျောက်နေတဲ့ အခြေအနေမှာ လက်နက်ကိုင်လမ်းစဉ်နဲ့ တော်လှန်နေမယ်ဆိုရင် တော့ စစ်ရဲ့အနိဌာရုံတွေကို ပြည်သူတွေ အနည်းနဲ့အများခံကြရမှာပဲလို့ စစ်ရေးလေ့လာသူတွေက သုံးသပ် ကြပါတယ်။ အခုလက်ရှိမှာ နှစ်ဖက်စလုံးက တင်းမာမှုတွေမြင့်နေဆဲပဲလို့ နိုင်ငံရေးစစ်ရေးလေ့လာသူ ဦးမောင်မောင်စိုး က ပြောပါတယ်။
"စစ် ဆိုတာက နိုင်ငံရေးအသက်လို့ ပြောတာကိုး နိုင်ငံရေးအရ မဖြေရှင်းနိုင်တော့ဘူးဆိုရင် စစ်နဲ့ ဖြေရှင်း တာပဲ၊ စစ်ဖြစ်လာရင်ကတော့ အနိဌာရုံတွေက ရှောင်လို့မရဘူး ပြဿနာကတော့ နိုင်ငံတကာက အာဆီယံ တို့ တရုတ်တို့က ပြည်တွင်းမှာရှိတဲ့ အင်အားစုတွေပါဝင်ပြီး တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းတာ ရှိတယ်၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကလည်းပဲ ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ လက်ရှိပြည်တွင်း အခြေအနေမှာတော့ နှစ်ဖက်စလုံး အတင်းမာဆုံးအချိန်မှာရောက်တယ်၊ တဘက်ကလည်း အမြစ်ပြတ် ချေမှုန်းရေးဆိုတဲ့ လမ်းကြောင်းနဲ့သွားနေတယ်၊ တဘက်ကလည်း အပြုတ်တိုက်ရေး လမ်းကြောင်းအတိုင်း သွားနေတယ်၊ တင်းမာမှုအရမ်းမြင့်နေတဲ့အချိန်မှာတော့ တွေ့ဆုံဆွေးနွေးရေး အလွန်နည်းတယ်လို့ ဆိုရမယ်’’
မြန်မာနိုင်ငံမှာ လက်ရှိကြုံနေရတဲ့ ပြည်တွင်းနိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းကြဖို့ အာဆီယံ၊ တရုတ်၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက တိုက်တွန်းနေကြပေမဲ့လည်း လက်တွေ့အခြေအနေ ကတော့ တင်းမာမှုတွေက လျှော့မသွားတဲ့အပြင် ဆက်ပြီးမြင့်တက်နေဆဲပဲလို့ လေ့လာသူတွေက သုံးသပ်ကြ ပါတယ်။