ပြည်တွင်းဆန်ဈေး တစ်လကျော်အတွင်း နှစ်ဆနီးပါး မြင့်တက်
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အထွေထွေကုန်ဈေးနှုန်းတွေ မြင့်တက် လာတာနဲ့အတူ အခြေခံအကျဆုံး စားသောက်ကုန်ဖြစ်တဲ့ ဆန်ဈေးကလည်း စပါးစိုက်ချိန် အခုမိုးရာသီမှာ ထက်ဝက်နီးပါး မြင့်တက်လာတယ်လို့ ဆန်အရောင်းအဝယ်လုပ်နေသူတွေ နဲ့ နေ့စဉ် စားသုံးနေကြတဲ့ ပြည်သူတွေက ပြောပါ တယ်။
မြန်မာနိုင်ငံ ဆန်ဈေးကွက် ဈေးနှုန်းတွေအရ တစ်လလောက်အတွင်းမှာပဲ ဆန်ကြမ်း၊ ဆန်ချော စတဲ့ အမျိုးအစားအားလုံးရဲ့ ဈေးနှုန်းဟာ ထက်ဝက်နီးပါးလောက် တရိပ်ရိပ် ထိုးတက်လာခဲ့ပါ။
ပြည်တွင်းဈေးကွက်ရဲ့ တန်းမြင့်ဆန်လို့ သတ်မှတ်ကြတဲ့ ရွှေဘိုပေါ်ဆန်း ၂၄ ပြည် တစ်အိတ်က ဇူလိုင် ၁ ရက် နေ့က အမြင့်ဆုံးဈေး ၆၆,၀၀၀ ကျပ်သာရှိခဲ့ပေမယ့် ဩဂုတ် ၁၅ ရက် ဒီနေ့မှာတော့ အမြင့်ဆုံးဈေး ကျပ် ၉၀,၀၀၀ ထိ ဈေးပေါက်ပါတယ်။
ဒါက ဈေးကွက်ထဲက ပျမ်းမျှဈေးနှုန်းဖြစ်ပြီး လက်လီဈေးကွက်မှာတော့ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ကျပ်တစ်သိန်းလောက်အထိ အရောင်းအဝယ်လုပ်နေကြတယ်လို့ ရန်ကုန်မြို့က ဆန်ရောင်းဝယ်ရေး လုပ်နေသူတွေက ပြောပါတယ်။
ရွှေဘိုပေါ်ဆန်းမှ မဟုတ်ဘဲ အနိမ့်ဆုံး ဆန်ကြမ်းနဲ့ အလယ်လတ်တန်းစား ဆန်တွေ ကလည်း ဈေးတွေ တရိပ်ရိပ် ထိုးတက်လာတာကြောင့် ဝင်ငွေနည်းတဲ့ အခြေခံ လူတန်းစားတွေဟာ စားဝတ်နေရေးတွေ အခက်ကြုံရတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့က အခြေခံလူတန်းစားတစ်ဦးကတော့ အာဏာသိမ်းကာလမှာ အလုပ်အကိုင် ရှားပါးတဲ့အပြင် ဆန်ဈေးတွေ တက်လာတာကြောင့် စားဝတ်နေရေးက ကျပ်သထက် ကျပ်တည်းလာတယ်လို့ RFA ကို ပြောပါ တယ်။
"လက်ရှိအနေအထားကိုက ဆန်ဈေးနှုန်းက ခါတိုင်းတုန်းက နှစ်သောင်းခွဲ ဆန်ကြမ်း တောင် လေးသောင်းခွဲတွေ ဘာတွေဖြစ်သွားပြီ။ ခါတိုင်းတုန်းက မိသားစု ငါးယောက် ရှိရင် ဆန်လေးလုံးလောက် ဝယ်လို့ရတယ်။ စားလောက်သေးတယ်ပေါ့။ ဘာပဲဖြစ်ဖြစ် မိသားစု မျှစားလို့ရတယ်။ အခုဟာက လက်လုပ်လက်စားဘဝဆိုတာက ပိုက်ဆံရဖို့ တောင် တော်တော် နိုင်နိုင်နင်းနင်း လိုက်ရှာနေရတာလေ။ ပိုက်ဆံအရင်ရမှ စားဖို့ အတွက်က ဖြစ်လာမှာဆိုတော့ လက်လုပ်လက်စားတွေက ညနေစောင်းပြီဆိုတာနဲ့ ဆန်ဝယ်ဖို့ကျတော့လည်း ခါတိုင်း လေးလုံးဝယ်နိုင်တဲ့သူက အခုဆိုရင် သုံးလုံးလောက်ပဲ ဝယ်နိုင်တော့တယ်။ ကျန်တဲ့ တစ်လုံးဖိုးက ငါးပိရည်၊ တို့စရာလေးနဲ့ပဲ ဝမ်းဝဖို့အတွက် အလုပ်လုပ်နေရတာ"
လက်ရှိမှာလည်း တိုင်းပြည်က မငြိမ်မသက်ဖြစ်နေပြီး အလုပ်အကိုင်တွေ အဆင်မပြေတဲ့ ကြားက ကုန်ဈေးနှုန်းတွေက တက်သထက် တက်လာတာကြောင့် စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်ရဦးမယ်လို့ သူက ဆိုပါတယ်။
ဆန်ဈေးနှုန်းတွေ တက်တာက အခြေခံလူတန်းစားတွေအပြင် စစ်ရေးပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူ စစ်ဘေး ဒုက္ခသည် ၁ ဒသမ ၂ သန်းရဲ့ စားဝတ်နေရေးကိုလည်း ပိုမိုခက်ခဲစေတယ်လို့ စစ်ဘေး ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။
ဒုက္ခသည်အများစုက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတွေမှာရှိနေပြီး ကုန်စည် ဆက်သွယ်ရေး လမ်းကြောင်းတွေမှာလည်း စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေက စားနပ်ရိက္ခာသယ်ဆောင်ခွင့်ကို ကန့်သတ်ထားတဲ့အတွက် သယ်ယူပို့ဆောင်ရေးစရိတ်တွေ ကလည်း ပိုကြီးလာတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်မှာဆိုရင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ အပြင် ဆန်ကို မှောင်ခိုလမ်းကြောင်းက သွင်းရတာကြောင့် အနည်းအကျဉ်းပဲ ရောက်ရှိ သလို ရောက်လာတဲ့ ဆန်ကလည်း နဂိုကတည်းက ဈေးတက်နေတဲ့အပြင် သယ်ယူစရိတ် တွေကြောင့် နှစ်ဆ ပိုကုန်တယ်လို့ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှု ကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ဝေးလံတဲ့နေရာတွေမှာဆိုရင် ဆန်ဈေးက သယ်ယူစရိတ်တင်ကို ငါးသောင်းလောက် ပေါက်တယ်။ နဂို ဆန်ဈေးနဲ့ဆိုရင် တစ်သိန်းနီးပါး ရောက်သွားပါတယ်။ စစ်ဘေးရှောင် တွေအတွက်က ကျနော်တို့မှာ နှစ်လရှိပြီ အလှူရှင်က မရှိတော့ဘူး။ ကျနော်တို့မှာလည်း ဆန်တွေက ဝယ်လို့မရတော့ဘူး။ ဆန်က ကျနော်တို့မှာ ဖြန့်ဝေနိုင်စွမ်း မရှိတော့ဘူး။ ဇူလိုင်ရယ်၊ ဩဂုတ်ရယ်၊ စက်တင်ဘာရယ်၊ အောက်တိုဘာရယ် ထိမှာတော့ ဖြန့်ဝေစရာ ဆန် လုံးဝမရှိတော့ဘူးဗျ"
နောက်သုံးလလောက်ထိ ဆန်ပြတ်လပ်နိုင်တဲ့ အခြေအနေ ရင်ဆိုင်နေရပြီး ဒေသတွင်း တောင်ယာတွေမှာ စိုက်ပျိုးကြတဲ့ ဒေသမျိုးရင်း ပြောင်းဖူးတွေ မကြာခင် ထွက်ရှိချိန်မှာ ဆန်အစားထိုး ပြောင်းကို စားသုံးရင်တော့ အနည်းငယ် ခံသာဖွယ်ရှိတယ်လို့ သူက ဆိုပါတယ်။
"တောင်သူလယ်သမားတွေက ဓာတ်မြေသြဇာတို့၊ လောင်စာဆီတို့နဲ့ အသုံးပြုရတာဖြစ်တော့ သူတို့ရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်တွေလည်း တက်သွားတာပေါ့နော်"
မြန်မာနိုင်ငံမှာ ဆန်ဈေးတွေ တက်လာတာက ကိုဗစ်ကပ်ရောဂါဖြစ်ပွားတာ၊ နိုင်ငံရေး ကြောင့် တိုင်းပြည် မငြိမ်မသက်ဖြစ်တာနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်တွေ ကြီးမြင့် တာကြောင့်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။
"ကိုဗစ်ရောဂါဖြစ်တဲ့ ကိစ္စရပ်တွေရယ်၊ နိုင်ငံရေးကိစ္စရပ်တွေရယ်၊ မြန်မာနိုင်ငံ အတွင်းမှာလည်း အတွင်းပိုင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေ မတည်မငြိမ်ဖြစ်တာတွေ နိုင်ငံတကာဈေးကွက်မှာလည်း ဓာတ်မြေသြဇာတို့၊ လောင်စာဆီဈေးနှုန်းတွေကလည်း မြင့်တက်တာပေါ့။ ဓာတ်မြေသြဇာဈေးနှုန်းတွေက သုံးဆလောက်တက်သွားတယ်လေ။ တောင်သူလယ်သမားတွေက ဓာတ်မြေသြဇာတို့၊ လောင်စာဆီတို့နဲ့ အသုံးပြုရတာ ဖြစ်တော့ သူတို့ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေလည်း တက်သွားတာပေါ့နော်။ ထုတ်လုပ်မှုကုန်ကျစရိတ်လည်း တက်တယ်။ နောက်တစ်ခါ လျှပ်စစ်ဓာတ်အား လျော့နည်းရရှိမှုတွေကြောင့် မီးစက်တွေနဲ့ ဆန်ကြိတ်ခွဲရတဲ့အခါမှာ ထုတ်လုပ်မှုစရိတ် တွေ တက်တယ်။ အဲဒီတော့ ထုတ်လုပ်မှုစရိတ်တွေ တက်တဲ့အတွက်ကြောင့်လည်း ဆန်ဈေးနှုန်းတွေ တက်တာပေါ့နော်"
မြန်မာနိုင်ငံမှာ လူကြိုက်များပြီး ဈေးအကြီးဆုံး ဆန်ဖြစ်တဲ့ ရွှေဘိုပေါ်ဆန်း စိုက်ပျိုးတဲ့ စစ်ကိုင်းတိုင်း ရွှေဘို၊ ကန့်ဘလူ၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်ဘက်မှာတော့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ နေအိမ်တွေနဲ့ စပါးကျီတွေကို မီးရှို့တာအပါအဝင် မလုံခြုံမှုတွေကြောင့် ဒီနှစ် စိုက်ပျိုးရာသီမှာ စပါးတွေ မစိုက်ဘဲထားတဲ့ လယ်ကွင်းတွေရှိသလို စိုက်ပြီးသား လယ်တွေကိုလည်း ကောင်းကောင်းမွန်မွန် မပြုစုနိုင်ကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စပါးစိုက်ဖို့ထက် အသက်လု ထွက်ပြေးနေရတာကြောင့် လယ်ယာလုပ်ငန်းခွင်တွေကို မလုပ်နိုင်ကြဘူးလို့ ရွှေဘိုမြို့နယ်က လယ်သမားတစ်ဦးက ပြောပါတယ်။
"စစ်ကြောင်းထိုးနေတဲ့ အနေအထားမှာဆိုတော့ ဘေးလွတ်ရာ အဓိကထား သွားနေ ရတာဆိုတော့ ဒါတွေက ပစ်ချထားခဲ့ရတာတွေက များတယ်။ အခုဟာက အသက်လုပြီး ပြေးနေရတဲ့ အနေအထားမှာ တောင်သူချိန်တောင် အေးအေးဆေးဆေး လုပ်လို့မရတဲ့ အနေအထားဖြစ်နေတာပေါ့။ ပုံမှန်အေးအေးဆေးဆေး လုပ်လို့ရတဲ့ နေရာ အနည်း အကျဉ်းကတော့ ပုံမှန်အတိုင်း စိုက်တယ်ပေါ့ဗျာ။ တချို့နေရာတွေဆိုရင် လုံးဝစိုက်လို့ မရဘဲနဲ့ ဒီအတိုင်း လှပ်ထားတဲ့နေရာတွေလည်း အများကြီးပဲပေါ့။ ပုံမှန်ရာသီထက်တော့ စိုက်တာပျိုးတာတွေ အများကြီး လျော့သွားလိမ့်မယ်"
ရွှေဘိုမြို့နားနဲ့နီးတဲ့ လယ်ကွင်းတွေလောက်ပဲ ကောင်းကောင်းစိုက်ပျိုးနိုင်ကြပြီး ကျေးလက် ဒေသတွေမှာတော့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာကြောင့် လယ်တွေကို မပြုစုနိုင်လို့ အထွက်နှုန်းတွေလည်း လျော့နိုင်တယ်လို့ သူက ဆိုပါတယ်။
မြန်မာ့ဆန်စပါး အများဆုံးထွက်ရှိရာ ဧရာဝတီတိုင်းမှာလည်း မိုးလယ်မှာ မိုးခေါင်ပြီး ရာသီဥတုဖောက်ပြန်တာ၊ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ ကြီးမြင့်တာကြောင့် စားဝတ် နေရေး ကျပ်တည်းနေတဲ့ လယ်သမားတွေဟာ အရင်းအနှီးတွေ မစိုက်ထုတ်နိုင်ဘဲ လယ်ဧကတွေ လျော့နည်းပြီး စိုက်ပျိုးကြတယ်လို့ ဧရာဝတီတိုင်းက လယ်သမားတွေက ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မိုးစပါးနဲ့ နွေစပါး စိုက်ဧက ပေါင်း ၁၇ သန်းကျော်ရှိပေမယ့် စိုက်ပျိုးထုတ်လုပ်မှု ရည်မှန်းချက် မပြည့်မီသေးလို့ သတိထားရမယ့်အခြေအနေရှိတယ်လို့ ဩဂုတ်လ ၈ ရက်နေ့ နေပြည်တော်မှာလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ ပြောပါတယ်။
ပြည်ပပို့တဲ့ဆန်နဲ့ လက်ကျန်ရှိတဲ့ဆန်တွေကို ရာသီအလိုက် ချိန်ဆရာမှာလည်း မပိုလျှံလို့ သတိထားရမှာဖြစ်ပြီး ဆန်က အဓိက ပို့ကုန်ဖြစ်လို့ ထုတ်လုပ်မှုကောင်းအောင် ဆောင်ရွက်မယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် မြန်မာပြည်က ထွက်ရှိတဲ့ ဆန်နဲ့ ပဲတီစိမ်းတွေကို ပြည်ပကို တင်ပို့ဖို့ စီစဉ်မယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။
အဲဒီလိုပြောဆိုချက်တွေကြောင့် ပြည်တွင်းမှာရှိတဲ့ ဆန်တွေကို စစ်ကောင်စီက ရသမျှနည်း နဲ့ လိုက်သိမ်းနိုင်တာကြောင့် ပြည်တွင်း ဆန်ဈေးဟာ မကျဘဲ ထပ်တက်လာဖွယ်ရှိတယ်လို့ စီးပွားရေးပညာရှင် တစ်ဦးက ပြောပါတယ်။
"သူတို့ကိုယ်တိုင်တောင်မှပဲ ဆန်နဲ့ ပဲတီစိမ်းကို နိုင်ငံခြား ရောင်းမယ်ဆိုပြီးတော့ ကြေညာလိုက်တာရှိတယ်။ အဲဒီလိုလုပ်မယ်ဆိုရင် သူက ဆန်ကို မရ၊ ရတဲ့နည်းနဲ့ ရှာတော့မှာ၊ စုတော့မှာ။ စုပြီးတော့ သူက နိုင်ငံခြားရောင်းဖို့ သူ့လက်ထဲကို တိုက်ရိုက် ဒေါ်လာဝင်အောင်လုပ်မယ့် သဘောမျိုးရှိတယ်။ အဲဒီလိုလုပ်လေလေ ကုန်ဈေးနှုန်းတွေ အထူးသဖြင့်တော့ ဆန်ဈေး တက်မယ်။ အပြင်ကုန်သည်ကတော့ ဝယ်လို့ခြမ်းလို့ ခက်သွားလိမ့်မယ်။ သူက သိမ်းတော့မှာကိုး။ မရ၊ ရတဲ့ နည်းနဲ့ ရှာကြံပြီးတော့ သိမ်းတော့မှာဆိုတော့ ကုန်ဈေးနှုန်းတွေက ပိုပြီးတော့ တက်တော့မှာပေါ့နော်"
အခုလို ဆန်ဈေးထပ်တက်လာရင် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အခြေခံလူတန်းစား ဘဝတွေဟာ ဆန်ကိုလည်း ပိုပိုလျှံလျှံလည်း ဝယ်မထားနိုင်တာကြောင့် ပိုပြီးထိခိုက် ခံစားရပြီး ဆင်းရဲကျပ်တည်းမှုတွေ ပိုများလာနိုင်တယ်လို့ သူက ဆိုပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က ဩဂုတ်လ ၅ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ အချက်အလက် တွေအရ မြန်မာနိုင်ငံမှာ အခြေခံစားသောက်ကုန် ဈေးတစ်ခြင်းအတွက် ပျမ်းမျှ ကုန်ကျငွေ ဟာ တစ်နှစ်အတွင်း ၃၅ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။