စစ်ကောင်စီအစီအစဉ်နဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်လိုသူနည်းပါး
2023.03.31

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက ဒုက္ခသည် ၁၅၀၀ ကို ရှေ့ပြေးစီမံချက်အနေနဲ့ ပြန်လည်လက်ခံမယ့် စစ်ကောင်စီရဲ့အစီအစဉ်မှာ ပြန်လာမယ့်သူ မရှိသလောက် နည်းပါးနေတယ်လို့ ရိုဟင်ဂျာတွေက RFA ကိုပြောပါတယ်။
စစ်ကောင်စီရဲ့ ပြန်လည်လက်ခံရေးအစီအစဉ်မှာ ရိုဟင်ဂျာတွေကို မူလနေရာမှာ ပြန်လည်နေရာချထားဖို့နဲ့ နိုင်ငံသားဖြစ်ခွင့်ပေးဖို့နဲ့ လွတ်လပ်စွာသွားလာခွင့်စတဲ့ အာမခံချက်တွေ မရှိတာကြောင့်လို့ ဆိုပါတယ်။
အရင်ကတော့ ဒီအစီအစဉ်မှာ ရိုဟင်ဂျာတွေ ပြန်လာဖို့ရှိနေပေမယ့် အခု စစ်ကောင်စီရဲ့ ပေါ်လစီကို သိလာတာနဲ့ တစ်ယောက်မှ ပြန်လာကြမှာမဟုတ်တော့ဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဆက်ဘဇားမှာ နေထိုင်တဲ့ ရိုဟင်ဂျာ လူငယ်အစည်းအရုံး ဒါရိုက်တာ ကိုခင်မောင်က ပြောပါတယ်။
"အခု သူတို့ပေါ်လစီကို ကျနော်တို့ကြားတာနဲ့ လူတွေက ပြန်လာမှာမဟုတ်တော့ဘူး။ ဒါသေချာပါတယ်။ သူတို့ ထားချင်သလို ကျနော်တို့ကို ထားလို့မရဘူး။ သူတို့ပြောပုံနဲ့ ဆိုရင် တစ်ယောက်မှ လာမှာမဟုတ်ဘူး။ ရိုးရိုးသားသား သူတို့ပြန်ခေါ်မယ်၊ ကိုယ်ရွာမှာကိုယ် နေရာချထားမယ်၊ သူတို့ကို နိုင်ငံသားဖြစ်ခွင့်ပေးမယ်။ ဒါဆို လူတွေကလာမှာ။ ဒီမှာ ဒုက္ခသည်စခန်းမှာ ဘယ်လိုမှအဆင်မပြေဘူး။ဒါပေမဲ့ ဒုက္ခသည်စခန်းထက်ဆိုးတဲ့ ဒေသတစ်ခုကိုတော့ ကျနော်တို့သွားမှာမဟုတ်ဘူး။ ကျနော်တို့ လူတွေပြန်လာကြမယ်လို့ ပြောခဲ့တယ်။ အခု သူတို့အစီအစဉ်တွေကို တွေ့တဲ့အခါမှာ လူတွေ လာမှာမဟုတ်ဘူး။ ကျနော်ကိုယ်တိုင် စိတ်ပျက်တယ်"
ရိုဟင်ဂျာတွေကို ပြန်လက်ခံရေးနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးမျိုးအောင် ဦးဆောင်တဲ့အဖွဲ့ ၁၇ ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာပ်မြို့နယ်မှာ မတ်လ ၁၅ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ရိုဟင်ဂျာ အိမ်ထောင်စု ၁၄၇ စု၊ လူဦးရေ ၄၈၆ ဦးကို ရခိုင်ပြည်နယ်မှာ နေထိုင်ခဲ့တာ ဟုတ်၊ မဟုတ် စစ်ဆေး ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့် နေရပ်ပြန်ခေါ် ဖို့ကိစ္စတွေ၊ ရိုဟင်ဂျာတွေရဲ့ တောင်းဆိုမှုတွေကို ဘာမှပြောဆို သွားခဲ့တာမရှိဘူးလို့လည်း စစ်ဆေးခံခဲ့ရတဲ့ ရိုဟင်ဂျာတွေက RFA ကိုပြောပါတယ်။
စစ်ကောင်စီကတော့ ပြန်လာမယ့် ရိုဟင်ဂျာတွေအတွက် ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ဘက်ခြမ်းမှာ ကျေးရွာ ၁၅ ရွာ၊ မြေကွက် ၇၅၀ စီစဉ်ထားကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ မတ်လ ၂၃ ရက်နေ့က ဖော်ပြထားပါတယ်။
နေရပ်ပြန်လာသူတွေကို တောင်ပြိုလက်ဝဲနဲ့ ငါးခူရစခန်းတွေမှာ စိစစ်လက်ခံသွားမှာဖြစ်ပြီး လှဖိုးခေါင် ကြားစခန်းမှာ နှစ်လကြာ ယာယီထားမယ်လို့လည်း ဆိုပါတယ်။
ပြီးမှ သူတို့ကို နေရာချထားတဲ့ ကျေးရွာတွေကို ပို့ဆောင်သွားမှာဖြစ်ပြီး အခြေခံ အဆောက်အအုံတွေလည်း ဆောင်ရွက်ထားသလို ဝင်ရောက်လာတဲ့အပေါ် မူတည်ပြီး အဆင့်ဆင့်ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့လည်း စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောဆိုထားပါတယ်။
အခုလို စစ်ကောင်စီက စီစဉ်နေပေမယ့် ရိုဟင်ဂျာတွေကတော့ သူတို့ရဲ့မူလနေရာမှာ ပြန်လည်နေရာချထားမှာ မဟုတ်တဲ့အတွက် တစ်ယောက်မှ ပြန်လာမှာမဟုတ်ဘူးလို့ ကိုယ်တိုင်စစ်ဆေးခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စလ်ဘာဂန် အမှတ် ၂၆ ဒုက္ခသည်ခစန်းက အမည်မဖော်လိုတဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက RFA ကိုပြောပါ တယ်။
"မြန်မာက လာတဲ့အဖွဲ့ကလုပ်တာက မောင်တောမြောက်ပိုင်းရွာက အိမ်ခြေ ၁၄၇ ဆောင်ကို လူနာမည်စာရင်းနဲ့ စစ်ခဲ့တာပါ။ သွားလို့အဆင်မပြေမှာလည်း မဟုတ်ဘူး။ သွားကြမှာလည်း မဟုတ်ဘူး။ တစ်ယောက်မှ သွားမှာမဟုတ်ဘူး။ ကိုယ့်ကျေးရွာ၊ ကိုယ်မိသားစု အိမ်၊ လယ်ယာမြေတွေကို ပြန်ပေးမှသွားမှာ။ တန်းတူအခွင့်အရေးရှိမှ ကျနော်တို့သွားဖို့ အစီအစဉ်ရှိတယ်။ အခုလောလောဆယ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရကလည်း ကျနော်တို့က ဘာမှပြောတာမရှိဘူး"
အခုလို ရိုဟင်ဂျာတွေကို နေရပ်ပြန်လည်လက်ခံဖို့ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေမှာ နှစ်ကြိမ်တိုင် ကြိုးပမ်းမှုတွေရှိခဲ့ပြီး အဲဒီအချိန်တုန်းက ပထမအကြိမ်လက်ခံဖို့ လျာထားသူ ၂၂၆၀ ဦးနဲ့ ဒုတိယ အကြိမ်အတွက် ၃၄၅၀ ဦး ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုလိုပဲ မူလနေရာမှာ ပြန်ထားဖို့နဲ့ နိုင်ငံသားဖြစ်ခွင့်ပေးဖို့ အာမခံချက်မရှိတာတွေကြောင့် ပြန်လာတဲ့သူ တစ်ယောက်မှမရှိခဲ့ပါဘူး။
"ကိုယ့်ကျေးရွာ၊ ကိုယ်မိသားစု အိမ်၊ လယ်ယာမြေတွေကို ပြန်ပေးမှသွားမှာ။ တန်းတူအခွင့်အရေးရှိမှ ကျနော်တို့သွားဖို့ အစီအစဉ်ရှိတယ်"
ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲထူထောင်သူ ကိုနေဆန်းလွင်ကလည်း လက်ရှိစစ်ကောင်စီရဲ့ ပြန်လည်လက်ခံရေးအစီအစဉ်မှာလည်း မူလနေရပ်ပြန်ထားဖို့နဲ့ နိုင်ငံဖြစ်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်စတဲ့ အာမခံချက်တွေ မရှိတဲ့အတွက် ပြန်လာမယ့် သူတွေ အတွက် ယုံကြည်စိတ်ချရတဲ့အခြေအနေမရှိသလို ပြန်လာဖို့ကလည်း မဖြစ်နိုင်သေးလို့ ထောက်ပြပါတယ်။
"သူတို့မှာ မူရင်းနေရပ်ကို ပြန်ခွင့်ရှိရမယ်။ နောက်ပြီးတော့ တိုင်းရင်းသားအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်၊ ပညာသင်ကြားခွင့်၊ ကျန်းမာရေး ဒါတွေ အားလုံးနဲ့ပတ်သက်လို့ အာမခံချက် ပေးနိုင်ရမယ်။ နောက်ပြီးတော့ သူတို့ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေ ဒါတွေလည်း ဘာမှအာမခံချက်မရှိတဲ့အတွက် ပြန်မယ့်လူတွေအတွက် ဘာမှယုံကြည်စိတ်ချနိုင်တဲ့ အခြေအနေမရှိဘူး။ အခုလို ပုံစံမျိုးနဲ့ ဘယ်လိုမှ ပြန်လာဖို့ မဖြစ်နိုင်ဘူး"
စစ်ကောင်စီအနေနဲ့ ရိုဟင်ဂျာတွေကို အမှန်တကယ် ပြန်လာစေချင်ရင် ရိုဟင်ဂျာတွေရဲ့ တောင်းဆိုမှုတွေကို အလေးထားဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။
ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကတော့ ဒုက္ခသည်တွေ ပြန်လာခြင်း၊ မလာခြင်းဟာ သူတို့အပေါ်မှာသာမူတည်ပြီး နှစ်နိုင်ငံ သဘောတူညီချက်အတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားဖို့ ရှိတယ်လို့ RFA ကိုပြောပါတယ်။
"သူတို့လာခြင်း၊ မလာခြင်းအပေါ်မှာပဲ မူတည်ပါတယ်။ ကျနော်တို့နိုင်ငံက လာရင် စိစစ်မယ်၊ လက်ခံမယ်။ မလာတဲ့လူတွေကိုတော့ ဘာလုပ်မယ်ဆိုပြီး မူဝါဒတွေမရှိဘူး။ လာရင် လက်ခံမှာပေါ့လေ၊ ဒါပါပဲ။ လက်ခံဖို့ ကျနော်တို့ဖက်က အဆင်သင့်ဖြစ်တယ်။ သို့သော် ဟိုဖက်မှာတော့ အဓိက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပေါ်မှာ ထိုးနှက်ချက်တွေနဲ့ လာမယ်၊ မလာဘူး။ ဒါမျိုးတွေဖြစ်နေတာ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ နှစ်နိုင်ငံ သဘောတူညီချက်အတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားဖို့ ရှိတယ်လို့ပြောလိုပါတယ်"
ရိုဟင်ဂျာတွေ တောင်းဆိုတဲ့ နိုင်ငံသားဖြစ်ခွင့်ဟာလည်း သူတို့လိုလားချက်အတိုင်း ဆောင်ရွက်ပေးလို့မရဘဲ မြန်မာနိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့် ဥပဒေအညီပဲ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခု ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံဖို့ စစ်ကောင်စီက အစီအစဉ်နေတာဟာ နိုင်ငံတကာ ဖိအားလျော့ဖို့နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တိုးတက်မှုတစ်စုံတရာပြဖို့အတွက် ကြိုးစားနေတာသာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ရိုဟင်ဂျာအရေး အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုးက ထောက်ပြပါတယ်။
"စစ်ကောင်စီက ရိုဟင်ဂျာတွေကို ပြန်ခေါ်မယ့်ဟာက ကြိုးစားနေတာကကြာပြီ။ ဒါပေမဲ့ ဘယ်တော့မှ အထမမြောက်ခဲ့ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ သူတို့ဆီမှာ လူမှုရေးအရ ရော၊ နိုင်ငံရေးအရရော ပြန်ခေါ်ဖို့ စိတ်ဆန္ဒမရှိလို့ပဲ။ ပြန်ခေါ်မယ့်ဟာကျတော့ နိုင်ငံတကာ ဖိအားလျော့နည်းဖို့ရယ်၊ နောက်ပြီးတော့ ICJ မှာ နိုင်ငံကို ကိုယ်စားပြုပြီး သူတို့သွားနေတဲ့အခါကျတော့ ဒီအခြေအနေမျိုးမှာ ICJ ရဲ့ ကြားဖြတ်အမိန့် တစ်စုံ တစ်ရာကို အကောင်အထည်ဖော်တဲ့အနေရာမှာ တိုးတက်မှုတစ်စုံတစ်ရာ ပြဖို့အတွက် ကြိုးစားနေတဲ့ သဘောလို့ပဲ ကျနော်တို့ယူဆတယ်"
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကလည်း ရိုဟင်ဂျာတွေ ပြန်လက်ခံမယ့် စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ပတ်သက်လို့ လက်ရှိ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရဲ့ အခြေအနေ ဆန်းစစ်ချက်တွေအရ ရိုဟင်ဂျာတွေအတွက် ရေရှည် တည်တံ့တဲ့ နေရပ်ပြန်နိုင်ရေး ဖြစ်မလာနိုင်သေးဘူးလို့ မတ်လ ၁၉ ရက်မှာ ထုတ်ပြန် ထားပါတယ်။
ဒုက္ခသည်တွေရဲ့ ရွေးချယ်မှုတွေအပေါ် အတင်းအကျပ် ဖိအားပေးတာ မလုပ်သင့်သလို ရိုဟင်ဂျာတွေကို ပြန်ခေါ်မယ့် ဆွေးနွေးမှုတွေမှာလည်း UNHCR အနေနဲ့ ပါဝင် ပတ်သက်တာ မရှိဘူးလို့ UNHCR ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။