ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရမှု ငါးနှစ်ပြည့်

မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရတာ အခုဆိုရင် ငါးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီရက်စက်ကြမ်းကြုတ်တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို လူမျိုးတုံး သတ်ဖြတ်မှုမြောက်ကြောင်း နိုင်ငံတကာက သတ်မှတ်ထားပြီ ဖြစ်ပါတယ်။
ရိုဟင်ဂျာ ခုနစ်သိန်းလေးသောင်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး၊ ထောင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။ ငါးနှစ်ကြာပြီဖြစ်ပေမယ့် မူလနေရပ်ကို မပြန်နိုင်သေးဘဲ သူတို့တွေဟာ နှစ်နိုင်ငံနယ်စပ် ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းတွေမှာ ကျပ်ကျပ်တည်းတည်း ခိုလှုံနေကြရဆဲဖြစ်ပါတယ်။
တစ်ချိန်တစ်ခါက ကိုယ့်ဒေသမှာကိုယ် စားနပ်ရိက္ခာ ဖူဖူလုံလုံနဲ့ နေထိုင်စားသောက်၊ ပျော်ပျော်ရွှင်ရွှင် သိုက်သိုက်ဝန်းဝန်းနေခဲ့ရတဲ့ ဘဝတွေကို အမှတ်ရနေကြပါတယ်။
သူတို့ရဲ့ ပြောကြားချက်တွေကို RFA က သရုပ်ဖော်ပုံတွေ နောက်ခံတေးဂီတတွေနဲ့ တင်ပြထားပါတယ်။
စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတာ ငါးနှစ်ကျော်ကြာခဲ့ပြီဆိုပေမယ့် တာဝန်ရှိတဲ့ စစ်တပ်အဆင့်မြင့် အရာရှိကြီးတွေ တစ်ယောက်မှ တရားစွဲခံရတာ၊ အရေးယူခံရတာ မရှိသေးဘူးလို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေက ဝေဖန်ပြောဆိုနေကြပါတယ်။