မြန်မာ တပ်မတော်နဲ့ အစိုးရ ခေါင်းဆောင်တွေကို ရိုဟင်ဂျာအသင်းက တရားစွဲ
2019.11.13

ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့တစ်ခုက မြန်မာ့တပ်မတော်နဲ့ အစိုးရ ခေါင်းဆောင်တွေကို လူ့အခွင့်အရေး ချိုးဖေါက်မှုအတွက် အာဂျင်တီးနားနိုင်ငံ တရားရုံးမှာ ဒီကနေ့ တရားစွဲလိုက်ပါတယ်။ ဒီအကြောင်း RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်စလင်တွေကို နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခဲ့မှုတွေအတွက် ဗြိတိန် အခြေစိုက် မြန်မာ ရိုဟင်ဂျာအသင်းက မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်ထိပ်တန်းခေါင်းဆောင်တွေအပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးသိန်းစိန်၊ သမ္မတဟောင်း ဦးထင်ကျော်နဲ့ လက်ရှိသမ္မတ ဦးဝင်းမြင့် တို့ကို အရေးယူပေးဖို့ အာဂျင်တီးနားနိုင်ငံ တရားရုံးမှာ ဒီကနေ့ အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။
ဒီအမှုအတွက် ရိုဟင်ဂျာတွေဘက်က လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေက ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း Tomás Ojea Quintana မစ္စတာ ကင်တားနား ဖြစ်ပါတယ်။
မြန်မာရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်က အမှုကို တရားရုံးက လက်ခံလိုက်ပြီဖြစ်ပြီး သူတို့ကို အာဂျင်တီးနား လူ့အခွင့်အရေးအဖွဲ့တွေက ပါဝင်ပူးပေါင်းမယ်လို့ RFA ကို ပြောပါတယ်။
ဦးထွန်းခင်က ပြစ်မှုတွေကျူးလွန်ခဲ့တဲ့ တပ်မတော်ခေါင်းဆောင်တွေအပြင် ရိုဟင်ဂျာတွေကို အကာအကွယ်ပေးရန် ပျက်ကွက်တဲ့ အရပ်သား အစိုးရခေါင်းဆောင်တွေကိုပါ ထည့်သွင်းတရားစွဲထားတယ်လို့ ပြောပါတယ်။ တရားစွဲခံရသူတွေ စာရင်းမှာ မစိုးရိမ်ဆရာတော် ဦးဝီရသူလည်း ပါဝင်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက အခုလို တရားစွဲမှုဟာ မည်သူ တစ်ဦး တစ်ယောက်အတွက်မျှ အကျိုးရှိမယ့်ကိစ္စ မဟုတ်ပါဘူးလို့ RFA ကို ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော် ခေါင်းဆောင်တွေဖက်က ထုတ်ဖော်ပြောကြားချက်ကိုတော့ မရရှိသေးပါဘူး။