ပြန်ဝင်လာတဲ့ရိုဟင်ဂျာတစ်ဦး အတည်ပြုလူနာဖြစ်လာလို့ ဒေသခံတွေ စိုးရိမ်
2020.06.08
ဇွန်လ ၈ ရက်နေ့လယ်ပိုင်းအထိ လူဦးရေ ခြောက်သောင်းခွဲကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရိုဟင်ဂျာဒုက္ခသည်တချို့ဟာ ဒီရက်ပိုင်းအတွင်း တရားမဝင် လမ်းကြောင်းကနေ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲ ဝင်ရောက်လာတာတွေကြောင့် ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု အန္တရာယ်အတွက် ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ စိုးရိမ်နေကြပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ လူနာ သုံးဦးရှိပြီး အဲဒီအထဲမှာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး မောင်တောမြို့နယ်ကို ဝင်ရောက်လာသူတစ်ဦး ပါဝင်ပါတယ်။
ရောဂါကူးစက်ခံရသူ အရေအတွက်များတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ သူ့လို နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်လာသူတွေကြောင့် ဒေသခံတွေ လူအစုံလိုက် အပြုံလိုက် ကူးစက်ပျံ့နှံ့သွားမှာကို စိုးရိမ်နေကြတာပါ။
လှေတွေနဲ့ ခိုးဝင်နေတာကို အရေးမယူရင် ရေရှည်မှာ စိုးရိမ်စရာပဲလို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။
“ကိုဗစ်ကာလမှာ တော်တော်လေး စိုးရိမ်ရတယ်၊ ခုတောင် မောင်တောက တစ်ယောက် တွေ့ပြီလေ၊ အမှန်က အနောက်တံခါးခြံစည်းရိုးကို လုံခြုံဖို့လိုတယ်၊ ဘင်္ဂလားဒေ့ရ်ှကို ဒီဘက်ကနေ တရားမဝင်သွားနေတဲ့ ကူးတို့လှေတွေရှိတယ်၊ အဲကူးတို့လှေတွေကို ဘာမှအရေးမယူဘူး၊ စစ်ဆေးမေးမြန်းရင် အကုန်သိမှာပဲ၊ သိရက်သားနဲ့ အရေးမယူတာ တော်တော်လေးခက်တယ်၊ နောက်ဆိုရင် မောင်တောက တော်တော်လေးကို စိုးရိမ်ရတယ်”
ကမ္ဘာအနှံ့ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့လာတဲ့ တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းလောက်ကတည်းက နေရပ်ပြန်လာကြတဲ့ ဒုက္ခသည်တွေအတွက် လက်ခံရေးအစီအစဉ်ကို မြန်မာအစိုးရက ယာယီရပ်ဆိုင်းခဲ့တာပါ။
ဒီလိုရပ်ဆိုင်းထားပေမယ့် မတ်လ ၃၀ရက်နေ့နောက်ပိုင်း မောင်တောမှာ ကိုးယောက်နဲ့ ဘူးသီးတောင်မှာ ရှစ်ယောက် နယ်စပ်ခြံစည်းရိုးကိုကျော်ပြီး ခိုးဝင်လာကြတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။ ဘင်္ဂလားဒေ့ရ်ှမှာ ဒီနေ့ ဇွန် ၈ ရက်နေ့လယ်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၅၀၀၀ ကျော်ရှိပြီး လူ ၉၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ အဲဒီထဲမှာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေက ပိုးတေ့ွလူနာ ၂၉ ဦးလည်း ပါဝင်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ပိုးတေ့ွလူနာများလာလို့ ဒုက္ခသည်စခန်းတွေကနေ အခုလို တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ရခိုင်ပြည်နယ်ထဲ ပြန်လာကြတာလို့ ပြောဆိုမှုတွေရှိပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်အတွင်းက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ကိုအောင်မြိုင်က ရိုဟင်ဂျာဒုက္ခသည် စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးတာတွေ နည်းတဲ့အတွက် ဒုက္ခသည်တွေက မကြောက်ကြဘူးလို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကနေ လှေနဲ့ တရားမဝင် ဝင်လာသူတွေဟာ အနီးဆုံးဖြစ်တဲ့ မောင်တောမြို့နယ်ကို အရင်ဆုံး ရောက်ရှိတာပါ။ အဲဒီကမှတဆင့် အစိုးရကို အကြောင်းမကြားဘဲ ကိုယ့်နေရပ်ကိုကိုယ် သွားလာကြမှာကို စိုးရိမ်ကြတဲ့အတွက် တချို့ရွာတွေကတော့ ရွာထဲတိုက်ရိုက်အဝင်မခံဖို့၊ ဝင်လာရင်လည်း အကြောင်းကြားဖို့ သတိပေးနှိုးဆော်ထားကြပါတယ်။
“တိုက်ရိုက်စခန်းကိုမသွားဘဲ ရွာကိုတိုက်ရိုက်လာရင် လူတွေအများကြီး ဒုက္ခရောက်မယ်လေ၊ အဲဒါကျနော်တို့ စောင့်ရှောက်နေပါတယ်၊ တရားမဝင် မိမိရွာကိုလာမှာတွေ အစိုးရကို အကြောင်းမကြားပဲ ရွာမှာနေရင် အချင်းချင်း အကြောင်းကြားဖို့ လူလွှတ်ထားပါတယ်”
မောင်တောမြို့ ရွာသစ်ကေရပ်ကွက်က ရပ်မိရပ်ဖ ဦးခင်မောင် ပြောသွားတာပါ။
အကြောင်းမကြားပဲ ရွာတွေထဲမှာ ဝင်နေတဲ့သူတွေ များနိုင်တာကြောင့် မောင်တော ဒေသခံတွေအတွက် လုံခြုံမှုမရှိဘူးဆိုပြီး ဘူးသီးတောင်မြိ့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကလည်း စိုးရိမ်နေပါတယ်။
“ခုဒီဘက်မှာတွေတဲ့လူတွေက ရွာတွေကအကြောင်းကြားလို့ တွေ့တာ၊ အကြောင်းမကြားဘဲ သူဟာသူသွားနေတဲ့လူ အများကြီးဖြစ်နိုင်တယ်၊ ထိုနည်းတူစွာ မောင်းတောမှာလည်း အများကြီးရှိနိုင်တယ်၊ ဘူသီးတောင်မှာ ဒီလောက်ရှိပြီဆိုရင် မောင်တောမှာဆိုရင် ဘယ်လောက်ရှိမယ်ဆိုတာ မခန့်မှန်းတတ်ဘူး၊ ဒီဒေသမှာ လူတွေအတွက်တော့ လုံခြုံမှုမရှိဘူးဗျ”
အရင်ကတည်းက ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တလျောက်မှာ တရားမဝင် ဝင်ထွက်သွားလာသူတွေရှိသလို ဒီကာလမှာလည်း တရားမဝင် ဝင်နေသူတွေရှိနေဆဲပါပဲ။
ဒါကြောင့် နယ်စပ်ခြံစည်းရိုးကို လုံခြုံအောင်လုပ်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံတွေက တောင်းဆိုကြပါတယ်။
“ကျနော်တို့ကတော့ အဲခြံစည်းရိုးလုံခြုံဖို့လိုတယ်၊ အဲခြံစည်းရိုးကို လုံခြုံရေးဆောင်ရွက်သူတွေမှာ အပြည့်အဝ တာဝန်ရှိတယ်၊ ကျနော်တို့ကလည်း စိုးရိမ်နေရတယ်၊ ပြည်သူလူထုတွေကလည်း ဘာမှန်းမသိဖြစ်နေရတယ်၊ ပြည်သူတွေကလည်း အနောက်တံခါးလုံခြုံအောင် လုပ်ပေးပါ လုပ်ပေးပါ ပြောနေတယ်၊ ကျနော်တို့ကလည်း တဆင့်ပြောတယ်၊ ပြည်သူစကားတွေကို ပြောတော့လည်း ဘာမှမလုပ်ဘူး၊ ဝင်တာပဲရှိတယ်”
မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်း ပြောသွားတာပါ။
မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က တရားမဝင် ဝင်တာတွေကြောင့် နယ်စပ်လုံခြုံရေး တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
“သူတို့ပြန်ဝင်လာချင်ရင်တော့ ခိုးဝင်လာမှာဘဲ၊ ခိုးဝင်လာတယ်ဆိုကတည်းက ရဲကင်းရှိရင်ရှောင်မှာပေါ့၊ နယ်စပ်လုံခြုံရေးနဲ့ ပတ်သက်ပြီး နယ်ခြားစောင့်ရဲက ဆောင်ရွက်နေတာရှိတယ်၊ အရင်ကလည်း သူတို့နဲ့ညှိပြီးနဲ့ညှိပြီး လုံခြုံရေးတိုးဆောင်ရွက်ဖို့ရှိတယ်၊ ခုလည်း ခိုးဝင်တာတွေရှိလို့ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ဖို့ ညှိနှိုင်းဆောင်ရွက်ဖို့ရှိပါတယ်”
မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ မွတ်စလင်တွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ မောင်တောဒေသကို ပြန်ဝင်လာကြတာ အခုဆိုရင် ၇၀၀ ဝန်းကျင်လောက်အထိရှိတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက ပြောထားပါတယ်။
တရားမဝင် နည်းလမ်းနဲ့ ပြန်လာကြသူတွေကို နေရပ်တွေဆီ အလွယ်တကူ အဝင်မခံဘဲ သူတို့ကို ထားဖို့စီစဉ် ထားတဲ့ စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် အပါအဝင် ကျန်းမာရေး စစ်ဆေးဆောင်ရွက်ပြီးမှ နေရပ်ပြန်ပို့ဖို့၊ ဒီအတွက်လည်း ပြန်လာကြသူတွေဟာ ကိုယ့်သဘောနဲ့ကိုယ် ရွာတွေထဲ မဝင်ကြဖို့ ဒေသခံတွေက မေတ္တာရပ်ခံကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူတွေ နေရာအနှံ့အပြားမှာ အစုလိုက်အပြုံလိုက် တစ်ပြိုင်တည်းနီးပါး ပေါ်လာနိုင်တဲ့အတွက် သတိထားကြဖို့၊ တစ်ချိန်တည်းမှာ ကူးစက်ပြန့်ပွားမှု အများအပြားဖြစ်လာရင် ထိန်းချုပ်ဖို့ ခက်ခဲလာနိုင်မယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက မနေ့က သတိပေးထားပါတယ်။