ပင်လယ်ပြင်မှာ သေဆုံး၊ ပျောက်ဆုံးခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် သုံးရာကျော်ရှိ

မောင်သစ်ဆင်း(ဝါရှင်တန်ဒီစီ)
2023.01.17
ပင်လယ်ပြင်မှာ သေဆုံး၊ ပျောက်ဆုံးခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် သုံးရာကျော်ရှိ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ် ဆိပ်ကမ်းတစ်ခုသို့ ရောက်ရှိခဲ့သည့် ရိုဟင်ဂျာဒုက္ခသည်များ။
AFP

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ ပင်လယ်ပြင်ကို ကူးဖြတ်ဖို့ ကြိုးစားရင်း သေဆုံးခဲ့ရ၊ ပျောက်ဆုံးခဲ့ကြရသူ ရိုဟင်ဂျာ ဒုက္ခသည် အနည်းဆုံး ၃၄၈ ဦး ရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကနဲ့ နှိုင်းစာရင် အသေအပျောက် အများဆုံးဖြစ်ကြောင်း HRW လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

အရင်ကလည်း ရိုဟင်ဂျာ ဒုက္ခသည် ၇၀၀ ဝန်းကျင် ပင်လယ်ပြင်ခရီးတွေကို ထွက်ခွာခဲ့ကြကြောင်း ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ UNHCR က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ပင်လယ်ပြင်အတွင်း ထွက်ခွာလာခဲ့ကြသူ ရိုဟင်ဂျာ ၃၀၄၀ ရှိခဲ့ရာမှာ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား နဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေဖြစ်ကြပြီး၊ အဲဒီထဲက ၄၅ ရာခိုင်နှုန်းနီးပါးဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ကြပါတယ်။

ဒုက္ခသည်လှေ အများစုဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ထွက်ခွာလာခဲ့ကြတာဖြစ်ပြီး နှစ်နိုင်ငံတွင်းက ဒုက္ခသည်တွေကြား မရေရာတဲ့ရုပ်ပိုင်း၊ စိတ်ပိုင်း ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်နေရတာလည်းဖြစ်ကြောင်း၊ အန္တရာယ်ကြီးမားပြီး ကြမ်းတမ်းတဲ့ ပင်လယ်ပြင်ခရီးအတွင်း ကာကွယ်စောင့်ရှောက်မှုနဲ့ လုံခြုံမှုရရှိရေး၊ မိသားစုတွေ ပြန်လည်ပေါင်းစည်းရေး၊ တခြားနိုင်ငံတွေမှာ အသက်မွေးဝမ်းကြောင်း အလုပ်တွေရရှိရေး စတဲ့ အခြေခံလိုအပ်ချက်တွေလည်း ရှိနေကြောင်း သတင်းမှာဖော်ပြပါတယ်။

ဒါ့အပြင် လူမှောင်ခိုကူးခံရတာတွေ၊ မိသားစုတွေနဲ့ ကလေးငယ်တွေ တစ်ကွဲတပြားစီဖြစ်ကြရတာတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေနဲ့ ကြုံတွေ့ရတာတွေလည်း ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ အဲဒီလိုဖြစ်ရပ်တွေကို ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်အတွင်း ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို စစ်တပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း မောင်းသွင်းခဲ့စဉ်ကလည်း ကြုံတွေ့ခဲ့ရပြီးဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။

ဒါကြောင့်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂက မြန်မာအာဏာသိမ်းစစ်ကောင်စီကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း စွပ်စွဲပြောဆိုနေတာဖြစ်တဲ့အပြင် ဘင်္ဂလားပင်လယ်အော်နဲ့ မုတ္တမပင်လယ်ကွေ့ကြားက ညီညွတ်ရေးပြဿနာလည်းဖြစ်ကြောင်း၊ ဒါ့အပြင် ရိုဟင်ဂျာတွေ မြန်မာနိုင်ငံတွင်းကနေ ဘာကြောင့်ထွက်ပြေးရသလဲဆိုတဲ့ အခြေခံအကြောင်းရင်းတွေကို ရှာဖွေဖို့၊ ဒီလိုမှ မရှာဖွေ မတုံ့ပြန်ရင်၊ ပင်လယ်ပြင်မှာ လူတွေ ပိုမို သေဆုံးနိုင်ဖွယ်ရှိကြောင်းလည်း ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ UNHCR ပြောခွင့်ရသူ Shabia Mantoo က ပြောပါတယ်။

ဒီအတွင်း ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာတွေအပေါ် ရဲတပ်ဖွဲ့က အနိုင်အထက်ပြုနေတာတွေ ပေါ်ပေါက်နေကြောင်း HRW လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ကော့ဇက်ဘဇား ဒုက္ခသည်စခန်းမှာ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ဟာ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး အခြေအနေမှန်တွေကို ပုံဖျက်တာ၊ အနှောင့်အယှက်ပေးတာ၊ မှားယွင်းဖမ်းဆီးတာတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေကြောင်း၊ စခန်းလုံခြုံရေးကို ၂၀၂၀ ပြည့်နှစ်က စတင်ခဲ့ပြီး၊ APB ခေါ် ရဲလက်နက်ကိုင်တပ်ရင်းက ဦးစီးဆောင်ရွက်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီတပ်ရင်းဟာ အကျဉ်းသားတွေအတွက် လိုအပ်တာတွေ ကူညီ ဆောင်ရွက်ပေးရမယ့်အစား ဒုက္ခသည်အကျဉ်းသားတွေဆီက လာဘ်ငွေယူတာ၊ ရွှေငွေပစ္စည်းတွေ အဓမ္မဝယ်ယူခိုင်းတာ၊ ငွေတိုးပေးတာ စတဲ့ လုပ်ငန်းတွေကိုသာ ဦးစားပေးလုပ်ကိုင်နေကြောင်း HRW သတင်းက ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။