ရိုဟင်ဂျာဒုက္ခသည်တွေ အကျဉ်းထောင်တွင်း ဖိနှိပ်ညှဉ်းပန်းခံနေရ

RFA Burmese
2023.08.23
ရိုဟင်ဂျာဒုက္ခသည်တွေ အကျဉ်းထောင်တွင်း ဖိနှိပ်ညှဉ်းပန်းခံနေရ
Photo: RFA

စစ်တပ်က အာဏာသိမ်းကာလ နှစ်နှစ်ခွဲကျော်အတွင်း ရိုဟင်ဂျာလူမျိုး ငါးထောင်ကျော် ဖမ်းဆီးခံထားရပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချခံထားရသလို လူမျိုးတုံး ခွဲခြားဖိနှိပ်ညှဉ်းပန်းတာတွေ ခံနေရတယ်လို့ ရိုဟင်ဂျာ အရေးတက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက လက်ရှိအချိန်အထိ ဖမ်းဆီးခံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည် ငါးထောင်ကျော်ရှိနေပြီး ဒီဒုက္ခသည်တွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ ပြောပါတယ်။

“၂ဝ၂၂ ခုနှစ်မှာ ကျွန်တော်တို့ ရထားတဲ့ မှတ်တမ်းမှတ်ရာတွေအရဆိုရင် ၃၆၀၀ ကျော် ထင်တယ်၊ ဒီနှစ်ထဲမှာလည်း ငါးရာကျော် ခြောက်ရာလောက်ရှိမယ်။ အဲဒီမတိုင်ခင် ၂ဝ၂၁ ထဲမှာလည်း ရှိတယ်။ အားလုံးပေါင်းလိုက်ရင် ငါးထောင်ကျော်လောက်ရှိတယ်။ စစ်တပ်က ကာလကြာရှည်ဖိနှိပ်ခံထားရတဲ့ လူတွေကို နည်းမျိုးစုံနဲ့ ဖမ်းဆီးပြီး ထောင်ချတာက တော်တော်ကို မတရားတဲ့လုပ်ရပ်ဖြစ်တယ်၊ ကာလကြာရှည်ဖိနှိပ်ပြီးတော့ လုပ်ထားတဲ့လူတစ်စုကို ဒီလိုနည်းမျိုးစုံနဲ့ ထောင်ချတယ်ဆိုတာက တော်တော်ကို မတရားတဲ့လုပ်ရပ်ဖြစ်တယ်။ တစ်ပြိုင်တည်းမှာပဲ နိုင်ငံတကာတရားရုံးမှာ ကျွန်တော်တို့ ရိုဟင်ဂျာတွေ အကာအကွယ်ပေးရမယ်ဆိုတဲ့ ကြားဖြတ်အမိန့်ဆိုတာ ထုတ်ပြန်ထားတာရှိတယ်။ ဒါကို လေးစားလိုက်နာဖို့လိုတယ်။ ဒီဟာတွေကို မလိုက်နာဘဲနဲ့ ဒီဟာတွေကို ပေါ်ပေါ်တင်တင်ချိုးဖောက်တဲ့အတွက်ကြတော့ ဒါကြားနာစစ်ဆေးမှုမှာလည်း တာဝန်ခံပြီးတော့ ပြန်ဖြေရှင်းဖို့လိုသလို တရားစွဲခံရတဲ့အခြေအနေကို ပိုမိုဆိုးရွားစေပြီးတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ စစ်ကောင်စီအနေနဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နိုင်ငံတကာရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်ရာရောက်တယ်လို့ ပြောချင်တယ်”

စစ်တပ်က အကျဉ်းထောင်တွေထဲက ရိုဟင်ဂျာလူမျိုး အကျဉ်းသား၊ အကျဉ်းသူနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကိုပါမကျန် ညှဉ်းပန်းနှိပ်စက်တာတွေကို အကျဉ်းထောင်က ပြန်လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်အရ သိခဲ့ရတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူ ဦးရိုနေဆန်းလွင်ကလည်း ပြောပါတယ်။

“အခုဒီနှစ်နှစ်ခွဲအတွင်းမှာ လူအနည်းဆုံး သုံးထောင်၊ လေးထောင်လောက် ဖမ်းဆီးခံထားရတယ်၊ သူတို့ကိုထောင်ချတာမှာလည်း အရင်က ထောင်ဒဏ် နှစ်နှစ်ချတယ် အခုနောက်ပိုင်းက ငါးနှစ်အထိချလာတယ်ဆိုတော့ ဒီဥစ္စာတွေအားလုံးက ဒီအကျဉ်းထောင်တွေထဲမှာပေါ့နော် ရန်ကုန်မှာဆိုရင် အင်းစိန်၊ နောက်ပြီးတော့ ပုသိမ်၊ နောက်ပြီးတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဒါမြန်မာနိုင်ငံအနှံမှာ နှစ်ရှည်ထောင်တွေချပြီးတော့ ချထားတယ် ဒီလိုထောင်ထဲမှာ ဘယ်လုံပုံစံမျိုးနေရလဲဆိုတာက ကျွန်တော်တို့ ဒီအတွင်းထဲကိုဝင်ပြီးတော့ စုံစမ်းလေ့လာဖို့မလွယ်ဘူး၊ ဖမ်းဆီးခံထားရတဲ့ ဒီရိုဟင်ဂျာတွေ ဆိုလို့ရှိရင် အခြားနိုင်ငံရေးအကျဉ်းသားတွေနဲ့ မတူဘူး ရာဇဝတ်မှုတွေနဲ့ ထောင်ချခံထားရတဲ့ အကျဉ်းသားတွေနဲ့ မတူဘူး ရိုဟင်ဂျာတွေကို သီးသန့်ခွဲခြားပြီးတော့ ဖိနှိပ်ချုပ်ခြယ်တာတွေက အကျဉ်းထောင်တွေထဲမှာ တော်တော်များတယ်”

ဒါ့အပြင် အကျဉ်းချခံထားရတဲ့ ရိုဟင်ဂျာ ကိုယ်ဝန်ဆောင်မိခင်တွေကိုလည်း အစာအဟာရ လုံလောက်စွာ မပေးတဲ့အပြင် ဖိနှိပ်ချုပ်ချယ် ကန့်သတ်ထားတာတွေကြောင့် သူတို့တွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ရတယ်လို့ ဦးရိုနေဆန်းလွင်က ပြောပါတယ်။

“ရိုဟင်ဂျာတွေဆိုလို့ရှိရင် ဘယ်လောက်ထိ ရက်စက်သလဲဆိုရင် ကိုယ်ဝန်ဆောင်မိခင်ကို အစားအသောက် လုံလုံလောက်လောက်မကျွေးတာ နောက်ပြီးတော့ နို့တိုက်နေရတဲ့ မိခင်ကလေးငယ်ငယ်လေးနဲ့ ဒါကို နို့တိုက်နေတဲ့ မိခင်ကို အစာအဟာရလုံလုံလောက်လောက်မရအောင် တမင်သက်သက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ လျှော့ပြီးကျွေးတာတွေ နောက်ပြီးတော့ ကလေးအတွက်လိုအပ်တဲ့ နို့မှုန့်တို့ဘာတို့ ဒါတွေလည်း ဘယ်လိုမှမရဘူး ဒါမိခင်ကိုယ်တိုင်ကို အစားအသောက်ကိုလျှော့ပြီးကျွေးတော့ ကလေးရဲ့ဒီကျန်းမာရေးပါထိခိုက်လာတယ်။”

ရိုဟင်ဂျာ အမျိုးသား အကျဉ်းသားတွေဆိုရင်လည်း ထောင်တွင်း မစင်စွန့်ထားတဲ့ အရာတွေကို သန့်ရှင်းရေးလုပ်ခိုင်းတာ၊ သီးသန့်ခွဲခြားထားပြီး ညှင်းပန်းနှိပ်စက်တာတွေကို လူမျိုးတစ်မျိုးထဲအပေါ်မှာ ခွဲခြားဖိနှိပ်ပြီး စစ်တပ်ဘက်က လုပ်ဆောင်နေတယ်လို့ ဦးရိုနေဆန်းလွင်က ပြောပါတယ်။

ဘားအံ အကျဉ်းထောင်တွင်းမှာလည်း ရိုဟင်ဂျာ အကျဉ်းသား/သူ သုံးရာနဲ့‌ လေးရာဝန်းကျင်အထိရှိနေပြီး အဲဒီထဲမှာ ကလေးသူငယ် နှစ်ဆယ်လောက်ပါဝင်ကြောင်း၊ သူတို့ကို ဘားအံမြို့ အစ္စလာမ်ဘာသာရေး ကျောင်းတာဝန်ရှိသူတွေက ထောင်ပိုင်တွေနဲ့ ချိတ်ဆက်ညှိနှိုင်းပြီး ခေါ်ယူစောင့်ရှောက်ထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမင်းညိုက RFA ကို ပြောပါတယ်။

“ကျနော်တို့ ဒီဘားအံထောင်မှာက မော်လမြိုင်ထောင်တို့ဘာတို့ကနေ အဖမ်းခံရတဲ့ ဖမ်းပြီးတော့ များလာရင် ထောင်ပြောင်းပို့ရင် ဘားအံပို့တယ်၊ သာယာဝတီပို့တယ်၊ အင်းစိန်ပို့တယ်ပေါ့နော်၊ အင်းစိန်မှာလဲများလို့ရှိရင် အင်းစိန်ကနေပြီးတော့ ဘားအံတို့ သာယာဝတီတို့ဘက်ကိုအဲ့လိုပို့်တယ်။ ဘားအံမှာလဲရိုဟင်ဂျာက သုံးရာ၊ လေးရာလောက်ရောက်လာတဲ့သဘောရှိတယ်။ အဲ့မှာကလေးတွေ အများကြီးပါလာတယ်။ ကျွန်တော်ထင်တယ် ကလေးအယောက် နှစ်ဆယ်လောက်ပါတယ်။ အသက်မပြည့်သေးတဲ့ကလေးတွေ အဲ့ကလေးတွေကိုတော့ ဘားအံမှာရှိတဲ့ မွတ်စလင်(မ်) အသိုင်းအဝိုင်းကလဲ ကလေးတွေကျတော့ ပိုပြီးအစာအာဟာရပျက်မှာစိုးလို့ အပြင်မှာ ဗလီတစ်ခုမှာ အဲ့ကလေးတွေကို စောင့်ရှောက်ထားရတယ်ပေါ့နော် ဘားအံအခြေနေကတော့ အဲ့လိုရှိတယ်။”

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လအတွင်းက ပြည်တွင်း အခြားထောင်တွေကနေ ကရင်ပြည်နယ် ဘားအံထောင်ကို ရိုဟင်ဂျာအကျဉ်းသားထောင်ပြောင်းသူ နှစ်ရာဦးရှိတဲ့ထဲမှာ အကျဉ်းသား နှစ်ဦး ဟာလာ အစားအသောက် မရတာကြောင့် အစာအဟာရပြတ်ပြီး သေဆုံးခဲ့သလို ကျန်အကျဉ်းသားတွေထဲမှာလည်း အာဟာရချိုတဲ့ သူတွေရှိနေတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုမင်းညို က ပြောပါတယ်။

“ဖြစ်ချင်တော့ ဘားအံထောင်က (ဟာလာအစားအစာ) မကျွေးဘူး။ ဝက်သားကတော့ သိတယ်ပေါ့နော် ဝက်သားစားလို့မရဘူး။ ကြက်သားကျွေးတဲ့နေ့လိုဟာမျိုးကျတော့ ကြက်သားက ဟာလာမဟုတ်ဘူး။ မဟုတ်တော့ စားလို့မရဘူး စားလို့မရပဲ တစ်ခြားနေရာတွေမှာဆိုရင် ကြက်ဥတို့ဘာတို့ အစားပေးရတယ်။ အဲ့မှာမပေးဘူး သူတို့ကလဲမမေးရဲဘူး နောက်ဒီထောင်တွေထဲမှာ ဒီရိုဟင်ဂျာတွေက အပယ်ခံ အနှိမ်ခံတွေဖြစ်တယ်ဗျာ။ သူတို့ထောင်ဝင်စာလဲမလာကြဘူး ညှိုးငယ်စွာနဲ့ အထဲမှာနေရတယ်။ ဘားအံထောင်ကပေးတာ ထမင်းပဲယူတော့တယ်။ ထမင်းပဲယူပြီးတော့ ဆားနဲ့ရေနဲ့စားတယ် အဲ့တော့ သူတို့က ရက် ကနေ လ၊ လ ကနေ နှစ်ကြာလာတော့ အာဟာရပျက်လာတာပေါ့၊ အာဟာရပျက်တော့ နောက်ဆုံး စုံစမ်းသိရတာ အဲမှာနှစ်ယောက်သေတယ်ဆိုပြီး ကျနော်တို့သတင်းရတယ်။”

အခုလို အကျဉ်းထောင်တွေထဲမှာ ရိုဟင်ဂျာ လူမျိုးအကျဉ်းသားတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာ၊ အစာအာဟာရပြတ်ပြီး သေဆုံးရတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်တို့ကို ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာ မရှိပါဘူး။

စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်းနဲ့ ဘဂ်လားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာလူမျိုးဒုက္ခသည်စခန်းတွေကနေ နေရပ်စွန့်ခွာပြီး ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်ကနေတစ်ဆင့် ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ကြသူတွေ ပိုများလာခဲ့တယ်လို့ ဦးရိုနေဆန်းလွင်က ပြောပါတယ်။

“စစ်တပ်အာဏာသိမ်းပြီးထဲက ရိုဟင်ဂျာတွေ နေရပ်စွန့်ခွာပြီးတော့ပေါ့နော် ရခိုင်ပြည်နယ်က၊ နောက်ပြီးတော့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာရှိတဲ့ထဲကကော နေရပ်စွန့်ခွာပြီးတော့ မလေးရှားကို သူတို့အဓိက ပစ်မှတ်ထားပြီးတော့ ထွက်ပြေးကြတယ်ပေါ့နော် အဓိက ရခိုင်ပြည်နယ်အတွင်းမှာလည်း ဒီရိုဟင်ဂျာဖိနှိပ်ချုပ်ချယ်တာတွေက အခုထိမရပ်တန့်သေးဘူး။ ကျွန်တော်တို့နဲ့ အတိုချုပ်ပြောရမယ်ဆိုရင် ဒီလူမျိုးတုန်းသတ်ဖြတ်မှုက အခုထိရှိနေတုန်းဘဲ အဲ့ဒါတစ်ခုရယ် နောက်ပြီးတော့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ နေရထိုင်ရတာအဆင်မပြေဘူး စားသောက်ရတာလည်း တော်တော်လေး ကျပ်တည်းလာတယ်၊ ဒီပုံစံမျိုးတွေရှိနေတော့ သူတို့ထွက်ပြေးကြတယ်။”

ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်က စစ်ကောင်စီ လွတ်ငြိမ်းသက်သာခွင့်နဲ့ အကျဉ်းထောင်အသီးသီးက ရိုဟင်ဂျာ အကျဉ်းသား/သူ ၅၅၁ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဩဂုတ်လ ၁၆ ရက်က ရခိုင်ပြည်နယ် ဘူသီးတောင်နဲ့ မောင်တောမြို့နယ်ထဲကို တဆင့်ပြန်လည်ပို့ဆောင်ရာမှာ ရိုဟင်ဂျာ ၄၄၀ ဦးနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၁၁ ဦး ပါဝင်ကြောင်း စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။