ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေး ရိုဟင်ဂျာဒုက္ခသည်တွေ လိုလားနေ

RFA Burmese
2022.12.22
ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေး ရိုဟင်ဂျာဒုက္ခသည်တွေ လိုလားနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ဒုက္ခသည်များအား ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။
Reuters

ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အစီအစဉ်အရ အမေရိကန်ပြည်ထောင်စုမှာ ရိုဟင်ဂျာတွေ ရွှေ့ပြောင်းအခြေချ နေထိုင်နိုင်မယ့် အစီအစဉ်ကို စတင်လိုက်ပြီလို့ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၄ ရက်နေ့က ကြေညာပါတယ်။

ဒီအစီအစဉ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အမည်စာရင်းကို (UNHCR) က စနစ်တကျ ကောက်ယူပြီး အမေရိကန်အစိုးရထံ တင်သွင်းရမှာပါ။

ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ (UNHCR ) တို့ရဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ပူးတွဲထုတ်ပြန်ချက် အရ ၁၉၉၀ ခုနှစ် ကာလတွေကနေ ၂၀၁၇ ခုနှစ်အထိ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါး ရှိနေပါတယ်။

“သန်းနဲ့ချီနေတဲ့ လူတွေကို တတိယနိုင်ငံပို့ဖို့ဆိုတာ အချိန်တော်တော်ကြီးကြာမှာ အဲဒါကတော့ မလွယ်လောက်ဘူး"

အမေရိကန်အစိုးရရဲ့ ရွှေ့ပြောင်းအခြေချနေထိုင်းရေး အစီအစဉ်ဟာ ကောင်းမွန်ပေမယ့် ရိုဟင်ဂျာအားလုံး ဒီအခွင့်အရေးကို မရရှိနိုင်တာကြောင့် ဒါက လုံလောက်တဲ့ အဖြေမဟုတ်သေးဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင် သင်္ခါလီဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာလူငယ်များ အစည်းအရုံး တည်ထောင်သူ ကိုခင်မောင်က ပြောပါတယ်။

“အမေရိကန်နိုင်ငံက ဒီမှာ (ကော့ဘဇားမှာ) ရှိနေတဲ့ လူတွေအားလုံးကို ခေါ်သွားမှာ မဟုတ်ပါဘူး။ ဒါက ပြဿနာပါ။ အကယ်၍များ လူအားလုံးကို ခေါ်မသွားဘူးဆိုရင် ဒါကပြဿနာတစ်ခုကို ဖြေရှင်းတာ မဟုတ်ဘူး။ သူတို့ထင်တာက ရွှေ့ပြောင်းအခြေချ နေထိုင်ရေး (Resettlement ) က ရိုဟင်ဂျာတွေအတွက် ဖြေရှင်းနိုင်တဲ့ ပြဿနာ Solution တစ်ခုလို့ ထင်ကောင်းထင်နိုင်တယ်။ အမှန်တစ်ကယ်ကတော့ လူတွေအားလုံးကို ခေါ်သွားခြင်းမရှိဘဲနဲ့ ဒါက အကျိုးသက်ရောက်တဲ့ ဖြေရှင်းမှု (Effective Solution) လို့ ပြောလို့ မရဘူး။ အဲဒါကြောင့်မို့လို့ သွားချင်တဲ့သူတွေ သွားကြပါ။ တစ်ခုခု အကြောင်းပြချက်ရှိတယ်။ လုံခြုံရေးအကြောင်းပြချက်အရ သွားချင်တယ်ဆိုလည်း သွားကြပါ။ သူ့တို့ကို ကျနော်တို့ ဘယ်လိုမှ တားလို့မရဘူး၊ ဒါပေမဲ့ ဒီကိစ္စဟာ ရိုဟင်ဂျာကိစ္စကို ဖြေရှင်းနိုင်တဲ့ကိစ္စ မဟုတ်ဘူးလို့ ကျနော်တို့ အခိုင်အမာယုံကြည်ပါတယ်”

ကော့ဘဇားခရိုင်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ အစားအစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တဲ့အပြင် ပညာသင်ကြားခွင့်နဲ့ စခန်းပြင်ပထွက်ပြီး သွားလာခွင့်တွေ ကန့်သတ်ခံထားရတယ်လို့ သူက ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်ဖို့အတွက် တစ်သန်းနီးပါးရှိနေတဲ့ ဒုက္ခသည် တွေထဲက ဘယ်သူတွေကို ဦးစားပေး ရွေးချယ်မှာလဲ၊ အရေအတွက် ဘယ်လောက်များများ ခေါ်ယူနိုင်မလဲဆိုတာ သိနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာရှိတဲ့ (UNHCR) ရုံးကို RFA က အီးမေးကတစ်ဆင့် စာရေးမေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ကော့ဘဇားခရိုင် ဘာလုခါလီဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်ဦးကတော့ ရိုဟင်ဂျာအများစု အလိုရှိနေတာက နေရပ် ဘူးသီးတောင်၊ မောင်တော ဒေသထံ ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးပဲဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေက အခုခြောက်နှစ်ဝန်းကျင် ရှိနေပါပြီ။ ကျနော်တို့က အမြန်ဆုံး မိမိရဲ့နေရပ်နိုင်ငံ ပြန်နိုင်ရေးကို ဂုဏ်သိက္ခာရှိရှိ၊ ဘေးကင်းလုံခြုံစွာနဲ့ ပြန်လာရေးလုပ်ငန်းစဉ် ဖြစ်ပေါ်လာဖို့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးကြဖို့အတွက် ကျနော်တို့က တောင်းဆိုနေပါတယ်။ ကျနော်တို့ နေရပ်ပြန်လာရေး လုပ်ငန်းစဉ်တွေမှာ အဓိကက ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်လာရေးက အရေးကြီးတယ်။ နောက်တစ်ခုက ကျနော်တို့ မူလရရှိခဲ့တဲ့ မွေးရာပါ အခွင့်အရေး၊ နိုင်ငံသားအခွင့်ရေးတွေ ပြန်ရဖို့ အရေးကြီးတယ်။ ကျနော်တို့ရဲ့ မူလကျေးရွာမှာ ပြန်နေထိုင်နိုင်ဖို့နဲ့ ပိုင်ဆိုင်မှု တွေဖြစ်တဲ့ လယ်ယာမြေ စသဖြင့် ဥစ္စာပစ္စည်း ပြန်လည်ရရှိစေဖို့အတွက် အလွန် အရေးကြီးတယ်”

တကယ်လို့ အမေရိကန်အစိုးရက ရွှေ့ပြောင်းနေထိုင်ဖို့ လက်ခံမယ်ဆိုရင်တောင် ၁၉၉၁ နဲ့ ၁၉၉၂ ဝန်းကျင်က မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကိုပဲ ဦးစားပေး ခေါ်ယူနိုင်ပြီး ၂၀၁၇ ခုနှစ်က ထွက်ပြေးလာသူတွေ မပါလောက်ဘူးလို့ သူက ဆက်ပြော ပါတယ်။

ရိုဟင်ဂျာတွေဟာ ၁၉၇၈ ခုနှစ်ကတည်းက ဖိနှိပ်မှုအမျိုးမျိုးကြောင့် မြန်မာနိုင်ငံကနေ ထွက်ပြေးလာပြီး ၁၉၉၁-၁၉၉၂ ခုနှစ်နဲ့ အခုနောက်ဆုံး ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေး ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးစခန်းဖြစ်လာတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် (UNHCR) ရုံးက ဖော်ပြပါတယ်။

များပြားလှတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ တတိယနိုင်ငံတစ်ခုခုမှာ အခြေချနေထိုင်ရေး အစီအစဉ်ဟာ နှစ်နဲ့ချီပြီး ကြာနိုင်တာမို့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးနဲ့ တန်းတူအခွင့်အရေး ရရှိရေးကို ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ အမှုဆာင်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။

“သန်းနဲ့ချီနေတဲ့ လူတွေကို တတိယနိုင်ငံပို့ဖို့ဆိုတာ အချိန်တော်တော်ကြီးကြာမှာ အဲဒါကတော့ မလွယ်လောက်ဘူး။ ပြဿနာတွေကို ကြည့်ပြီးတော့ သူတို့လိုချင်တဲ့ ပုံစံမျိုး ရွေးခေါ်သွားမယ်လို့တော့ ထင်တယ်။ ခေါ်တဲ့နေရာမှာလည်း နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ မူဝါဒ မတူညီဘူး။ တချို့နိုင်ငံတွေမှာ ကျန်းမာရေးချို့တဲ့တာတို့၊ မသန်စွမ်း ဖြစ်နေတာတို့ကို ခေါ်တယ်။ ဦးစားပေးတယ်။ တချို့နိုင်ငံကျတော့ လူငယ်တွေကို ဦးစားပေးတယ်။ တချို့ကျတော့ ပညာတတ်တွေ ဦးစားပေးတယ်။ ရိုဟင်ဂျာတွေအနေနဲ့ တောင်းဆိုနေတာက မြန်မာပြည် ပြန်ရရေး၊ နောက်မြန်မာပြည်မှာ သူတို့ကို တန်းတူ အခွင့်ရေးရရှိရေးပေါ့နော်”

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်မှာ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါး ရှိနေသလို ရခိုင်ပြည်နယ် စစ်တွေမြို့က ဒုက္ခသည်စခန်းတွေမှာလည်း ရိုဟင်ဂျာ တစ်သိန်းကျော် ခိုလှုံနေရပါတယ်။

rohingya-sittwe.jpg
စစ်တွေမြို့ သဲချောင်းဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ကလေးငယ်များအား ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စစ်တွေမြို့ သဲချောင်းဒုက္ခသည်စခန်းမှာ ၁၀ နှစ်ကျော် ခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်ဦးကတော့ သူတို့လို ပြည်တွင်းက ဒုက္ခသည်တွေတောင် နေရပ်မပြန်နိုင်သေးချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့က အလှမ်းဝေးနေလိမ့်ဦး မယ်လို့ RFA ကို ပြောပါတယ်။

“ဘာလူမျိုးပဲဖြစ်ဖြစ် ကိုယ်မွေးတဲ့နေရပ်ကိုတော့ အမြဲတမ်းသတိရနေမှာပဲ။ စားရရ၊ မစားရရ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံ ကိုယ့်ဒေသ၊ ကိုယ်မွေးတဲ့ဒေသ ဒါကိုတော့ အမြဲသတိရနေမှာပဲ။ ကိုယ့်နေရပ်၊ ကိုယ့်ဒေသ ပြန်မယ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်တော့ ရှိကြမှာပဲ။ ကျနော်တို့လည်း အဲလိုပဲ၊ အခု သဲချောင်းမှာ နေရပေမယ့် စစ်တွေမြို့ပေါ်ကို ကျနော်တို့ မွေးရပ်ဒေသဖြစ်တဲ့အတွက်၊ ဘိုးဘွားပိုင်နေလာခဲ့တဲ့ နေရာတွေကိုတော့ အမြဲတမ်းသံယောဇဉ်ရှိပြီးသားပဲ။ အခုက နေရပ်ပြန်လာဖို့ အလှမ်းဝေးတယ်လို့ ပြောလို့ရတယ်။ အခုကျနော်တို့ ဒုက္ခသည်ဘဝက ဇွန်လ ၁၂ ရက်ဆိုရင် ၁၁ နှစ် ပြည့်တော့မယ်။ စစ်တွေက ဒုက္ခသည်တောင်မှ ဘာတစ်ခုမှ အဆင်ပြေတဲ့လမ်းကြောင်း ဆိုတာ မပေါ်ဘူး”

ရခိုင်ပြည်နယ် စစ်ကောင်စီကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လက်ခံရေး စီစဉ်နေပြီလို့ ၂၀၂၂ ခုနှစ် ဩဂုတ်လက ကြေညာခဲ့ပေမယ့် အခုချိန်ထိ လက်တွေ့အကောင်အထည်ဖော်တာ မရှိသေးပါဘူး။

RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်အထိ တစ်နှစ်အတွင်း အခက်အခဲ အမျိုးမျိုး၊ ဖိနှိပ်မှု အမျိုးမျိုးကြောင့် ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေ ကနေ နေရပ်စွန့်ခွာထွက်ပြေးဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၁,၆၅၃ ဦး မြန်မာနိုင်ငံထဲမှာ အသုတ်လိုက် ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီအထဲက ၂၇၁ ဦး ကို စစ်ကောင်စီ တရားရုံးတွေက လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့ ထောင် နှစ်နှစ်ကနေ ငါးနှစ်အထိ ချမှတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။