ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေလွတ်လပ်စွာသွားလာခွင့်ရရှိလို

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2022.05.27
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေလွတ်လပ်စွာသွားလာခွင့်ရရှိလို ၂ဝ၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့က ကုတုပါလောင်ဒုက္ခသည်စခန်းရှိ ဈေးတစ်ခုတွင် တွေ့ရသည့် ရိုဟင်ဂျာများ။
Photo: AFP

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဇက်ဘဇားခရိုင် အာဏာပိုင်တွေဟာ အိဒ် ပွဲတော်ကာလအတွင်းမှာ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေထဲကနေ ထွက်လာပြီး၊ ကော့ဇက်ဘဇား ကမ်းခြေကို သွားရောက်ခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည် လူငယ်အချို့ကို ပြီးခဲ့တဲ့ မေလ ၄ရက်နေ့က ဖမ်းဆီးခေါ်ဆောင်ပြီး ဒုက္ခသည် စခန်းတွေထဲကို ပြန်ပို့ခဲ့ပါတယ်။

အဲဒီနေ့က အစ္စလာမ် ဘာသာဝင်တွေရဲ့ အစ်ဒ်ပွဲတော် အားလပ်ရက်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူအစည်ကားဆုံး အပန်းဖြေစခန်းဖြစ်တဲ့ ကော့ဇက်ဘဇားကမ်းခြေကို လာရောက်ခဲ့တဲ့ ရိုဟင်ဂျာ ၄၅ဝ လောက်ကို လုံခြုံရေးအကြောင်းပြချက်နဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ ပြောခွင့်ရ ရာဖီကွယ် အစ္စလာမ်က AFP သတင်းဌာနကို ပြောပါတယ်။

ဒုက္ခသည် စခန်းတွေကနေ ခိုးထွက်လာတဲ့ ရိုဟင်ဂျာတွေဟာ ဒေသတွင်းက ရာဇဝတ်မှုအမျိုးမျိုးမှာ ပါဝင်ပတ်သက်မှု ရှိနေတာကြောင့် အခုလို ဖမ်းဆီးထိန်းသိမ်းရတာလို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပေမယ့်၊ ဖမ်းဆီးပြီး ဒုက္ခသည် စခန်းတွေထဲကို ပြန်ပို့ခံရတဲ့ ရိုဟင်ဂျာ အချို့ကတော့ ကမ်းခြေက အိဒ်ပွဲတော် ပြုလုပ်နေတဲ့ နေရာတွေကို ရိုးရိုးသားသား လည်ပတ်တာပါလို့ AFP သတင်းဌာနကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံထားပေမယ့်၊ သံဆူးကြိုးခတ်ထားတဲ့ ဒုက္ခသည်စခန်းတွေ အတွင်းကနေ ထွက်လာခွင့် မပြုပါဘူး။ ရိုဟင်ဂျာတွေဟာ ၂ဝ၁၇ ခုနှစ်က မြန်မာစစ်တပ်က လူမျိုးတုံး သတ်ဖြတ်မှု မြောက်တယ်လို့ သတ်မှတ်ထားတဲ့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ်ကတည်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးလာခဲ့တာ အခုဆိုရင် ငါးနှစ်နီးပါးရှိခဲ့ပါပြီ။

ကုလသမဂ္ဂရဲ့ စာရင်းတွေအရ ရိုဟင်ဂျာ ဒုက္ခသည် ကိုးသိန်း နှစ်သောင်းလောက်ဟာ ဒီငါးနှစ်တာ ကာလအတွင်းမှာ ခြံစည်းရိုးခတ်ထားတဲ့ ဒုက္ခသည် စခန်းတွေ အတွင်းမှာပဲ နေကြရပြီး၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်း စာနာမှု အဖွဲ့တွေ ပေးတဲ့ အကူအညီတွေနဲ့ပဲ အသက်ရှင်နေထိုင်ကြရတာပါ။

ကော့ဇက်ဘဇား ခရိုင် အူကီရား ဒုက္ခသည် စခန်းက ရိုဟင်ဂျာ ဒုက္ခသည် ကိုဖာရွတ်ကတော့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေအတွင်းမှာ ပိုပြီးမလုံခြုံတဲ့အတွက် အမြန်ဆုံး အိမ်ပြန်ချင်တဲ့အကြောင်း RFA ကို ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဘင်္ဂလားဒေ့ရှ် အစိုးရက ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ဆောင်ရွက်ပေးနေတာ မတွေ့ရတဲ့အကြောင်းနဲ့ ဒုက္ခသည် စခန်းထဲက ကလေးငယ်တွေရဲ့ ပညာရေးအတွက် စိုးရိမ်မိကြောင်းလည်း သူက ပြောသွားပါတယ်။

အခုဆိုရင် ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေ အတွင်းမှာ လူမတန်တဆ ကျပ်သိပ်နေတာ လျော့ချဖို့ ဒုက္ခသည် တစ်သိန်းလောက်ကို ဘာဆန်ချာကျွန်းကို ရွှေ့ပြောင်းပို့ဆောင်နေတာနဲ့ ပတ်သက်ပြီး၊ ဒုက္ခသည်တွေရဲ့ ဆန္ဒမပါဘဲ အတင်းအကျပ်ပို့ဆောင်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံဘက်မှာတော့ ရိုဟင်ဂျာတွေအတွက် အခြေအနေမတိုးတက်တဲ့အပြင် ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ရာမှာ အဓိက တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်က အာဏာသိမ်းပြီး အုပ်ချုပ်နေတဲ့အတွက် နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ မြန်မာ ရိုဟင်ဂျာအသင်း ယူကေရဲ့ ဥက္ကဌ ဦးထွန်းခင်က ပြောပါတယ်။

အခုလောလောဆယ်မှာတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ဖို့အရေးထက်၊ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးနဲ့ ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေ တိုးတက်လာဖို့၊ အထူးသဖြင့် ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းနီးပါးထဲက လေးသိန်းလောက်ရှိတဲ့ ရိုဟင်ဂျာ ကလေးငယ်တွေ ပညာသင်ကြားနိုင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တွန်းအားပေးဖို့ လိုတယ်လို့ ဦးထွန်းခင်က ပြောပါတယ်။

ဒက္ကားမြို့အခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ရာဇူရာ ရာမန်ကတော့ ဒုက္ခသည် စခန်းထဲက ထွက်ခွင့်လည်းမပေး၊ လွတ်လပ်စွာရွှေ့ပြောင်းသွားလာခွင့်လည်းမရဘဲ ရိုဟင်ဂျာတွေကို ကန့်သတ်ထားတာတွေ ရုပ်သိမ်းပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းပါတယ်။

ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာလူငယ်တွေဟာ ကမ္ဘာ့အရှည်လျားဆုံး ကမ်းခြေဖြစ်တဲ့ ကော့ဇက်ဘဇား ကမ်းခြေမှာ အခြားလူငယ်တွေလိုပဲ လွတ်လွတ်လပ်လပ် လျှောက်သွားပြီး အပန်းဖြေခွင့်ရသင့်ပါတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ရာဇူရာမန်က ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။