ကပ်ဘေးကာလအတွင်း ရိုဟင်ဂျာတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေဆဲ
2021.01.27
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ကာလအတွင်း တစ်နေရာကနေ တစ်နေရာ အသွားအလာ ကန့်သတ်ထားပေမယ့် ရခိုင်ပြည်နယ်က အထောက်အထားမဲ့ ရိုဟင်ဂျာ မွတ်စလင်တွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြဆဲ ဖြစ်ပါတယ်။
အခုလို ပွင့်လင်းရာသီမှာ အလုပ်အကိုင် အခွင့်အလမ်းအတွက် ကုန်းလမ်း၊ ရေလမ်းတွေကနေ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို သွားဖို့ ကြိုးစားတဲ့အခါ အတော်များများက အလိမ်ခံရပြီး လူကုန်ကူးခံရတဲ့ဖြစ်စဉ်တွေ ရှိနေပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီတလထဲမှာတင် ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၁၆၀ ကျော် ဧရာဝတီတိုင်း နဲ့ ရန်ကုန်တိုင်းတွေမှာ ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီနေ့မနက်ကပဲ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ဒိုက်ထူ စစ်ဆေးရေးဂိတ်မှာ ရိုဟင်ဂျာ ၁၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးရမိသူတွေနဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် စုစုပေါင်း ၁၅ ဦးကို စစ်ဆေးနေတယ်လို့ ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်လှိုင်က ပြောပါတယ်။
ဖမ်းဆီးရမိသူတွေကို ပုသိမ်တက္ကသိုလ် တေဇဆောင်မှာ အသွားအလာ ကန့်သတ်ထားပြီး တာဝန်ရှိသူတွေက စစ်ဆေးနေတာပါ။ သူတို့ကို တင်ဆောင်လာတဲ့ ကားကိုတော့ ပုသိမ်မြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။
ဧရာဝတီတိုင်းထဲမှာ အရင်က ဖမ်းဆီးရမိသူတွေရဲ့ ပြောစကားတွေအရ မလေးရှားနိုင်ငံကိုသွားဖို့ ရခိုင်ပြည် နယ်ကနေ ထွက်လာကြတာလို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက RFA ကို ပြောပါတယ်။
“သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ အစစ်ခံချက်အရ သိတာပေါ့နော်။ သူတို့က မလေးကိုသွားဖို့အတွက် ဝင်လာတဲ့ သဘောလေးတွေတော့ တွေ့ရတယ်။ သူတို့သယ်ဆောင်လာတဲ့သူတွေကိုတော့ တရားစွဲ ထားတယ် ရာဇသတ်ကြီး ပုဒ်မ ၃၆၇ နဲ့ အမှုဖွင့်ထားပါတယ်။ ပူးပေါင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပိတ်ဆို့ဆောင်ရွက်တာတွေ၊ ရှာဖွေတာတွေ လုပ်ဆောင်နေပါတယ်”
ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်ထဲက ရာဇူဒိုင်မြစ်ထဲမှာ ရခိုင်ပြည်နယ်က မွတ်စလင် ၃၄ ဦးကို ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ သူတို့ကို ခေါ်လာသူတွေကတော့ ထွက်ပြေးသွားတာ ကြောင့် ရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးနေပါတယ်။
ဖမ်းမိထားတဲ့ မွတ်စလင်တွေကိုတော့ အသွားအလာကန့်သတ် စောင့်ကြည့်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလထဲမှာပဲ ဧရာဝတီတိုင်းအတွင်း ဒုတိယအကြိမ် ရိုဟင်ဂျာတွေ အဖမ်းခံခဲ့ရတာပါ။
ဇန်နဝါရီ ၄ ရက်နေ့ကလည်း ချောင်းသာကမ်းခြေအနီး ပင်လယ်ပြင်မှာ ရခိုင်ပြည်နယ် စစ်တွေမြို့ကလာတဲ့ မွတ်စလင် ခုနှစ်ဦး ဖမ်းခံခဲ့ခဲ့ပြီးနောက် တစ်ပတ်အကြာမှာတော့ သူတို့ကို နေရပ်ပြန်ပို့လိုက်ပါတယ်။ သူတို့ကို ပို့ပေးတဲ့ စက်လှေသမား ငါးယောက်ကတော့ ချောင်းသာမြို့မ ရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၃၆၇ နဲ့ အမှုဖွင့်ခံထားရပါတယ်။
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာလည်း မြောက်ဦးမြို့နယ်က ထွက်လာတဲ့ မွတ်စလင် ၉၉ ဦး ဇန်နဝါရီ ၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့ကို ခေါ်လာတဲ့ ရန်ကုန်က လေးယောက်ကိုတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇/၃၇၀ အမှုဖွင့် အရေးယူထားတယ်လို့ ရွှေပြည်သာမြို့နယ် ရဲစခန်းမှူး ဒုရဲမှူး တင်မောင်လွင် က ဖမ်းဆီးမိပြီးနောက်ရက်မှာ RFA ကို ပြောထားပါတယ်။
သူတို့တွေကို နေရပ်ပြန်ပို့ဖို့ စီမံဆောင်ရွက်နေပြီး ခေါ်ဆောင်လာတဲ့ ပွဲစားနဲ့ လက်ခံထားသူတွေကို ဥပဒေအရ အရေးယူထားတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဒု-တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်မင်းဦးက ပြောပါတယ်။
“Quarantine ဝင်ပြီးတော့ ပြည့်တာနဲ့ လဝက ကနေ ချိတ်ဆက်ပြီးတော့ နေရပ်ပြန်ပို့ဖို့အတွက် ဘယ်လိုပို့မလဲ ကုန်ကြောင်းလား၊ ရေကြောင်းလား ဒါတွေစီမံဆောင်ရွက်နေပါတယ်ဗျ။ တစ်ခေါက်က မိတဲ့ ၉၉ ယောက်ကတော့ အများဆုံးပေါ့၊ စာရင်းဇယားအတိအကျတော့ ပြန်ကြည့်မှရမယ်ခင်ဗျ၊ မိတဲ့အသုတ်သုတ်တွေကတော့ ရှိတာပေါ့နော်။ ကျွန်တော်တို့ မိတဲ့ပွဲစားတို့၊ လက်ခံထားသူတို့ ဒါတွေကတော့ သူ့ဥပဒေရှိပြီးသားပါခင်ဗျ၊ အဲဒီဟာတွေနဲ့ အရေးယူပါတယ်ခင်ဗျ”
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာလည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ကလာတဲ့ အထောက် အထားမဲ့ မွတ်စလင် ခြောက်ယောက်ဇန်နဝါရီ ၁၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး ခေါ်လာသူတွေကိုတော့ မဖမ်းမိသေးပါဘူး။
ရခိုင်ပြည်နယ်က အထောက်အထားမဲ့ မွတ်စလင်တွေဟာ အခုလို ပွင့်လင်းရာသီမှာ အလုပ်အကိုင်အခွင့် အလမ်းအတွက် ကုန်းလမ်း၊ ရေးလမ်းတွေကနေ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို သွားဖို့ကြိုးစားကြလေ့ ရှိပါတယ်။ လူကုန်ကူးခံရမှုတွေလည်း ရှိနေပါတယ်။
“ကျွန်တော်တို့ဆီမှာ အလုပ်အကိုင်လည်း ရှားပါတယ်ဆိုတော့ နိုင်ငံခြားပိုက်ဆံရမယ်ဆိုပြီး အလုပ်သွား လုပ်ကြမယ်လို့ အဲဒီလို တွက်ကြတာလေ။ ၅၅ သိန်းလောက်တော့ ပေးရတယ် မလေးရှားရောက်ရင်။ လမ်းမှာ သိန်း ၂၀ တောင်းတယ် တောင်းပြီးတော့ လိမ်ပြီးတော့ ပွဲစားတွေက ရှောင်သွားတယ်။ ဒီက ခေါ်သွားတဲ့ ကလေးတွေကို အဲလိုလုပ်ပြီးတော့ ဟိုလည်းမရောက်၊ ဒီလည်းမရောက်ကြတာတွေရှိတယ်။ တချို့က ရောက်တာလည်းရှိတယ်”
ဒါကတော့ မြောက်ဦးမြို့နယ်က လုံခြုံရေးအရ အမည်းမဖော်လိုတဲ့ ရိုဟင်ဂျာတစ်ဦး ပြောသွားတာပါ။
သူဟာ ၂၀၁၈ ခုနှစ်က ပွဲစားကို ငွေကျပ် ၁၄ သိန်းပေးပြီး မလေးရှား သွားဖို့ကြိုးစားချိန်မှာ မကွေးတိုင်းထဲမှာ ဖမ်းဆီးခံခဲ့ရတဲ့သူပါ။ မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေခံ တစ်စုံတစ်ရာ မရှိတဲ့အတွက် "၁၉၄၉ ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ" ပုဒ်မ ၆(၃) နဲ့ အရေးယူခံရပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က ဒုက္ခသည် စခန်းတွေမှာခိုလှုံနေတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေဟာ လွတ်လပ်စွာ သွားလာ ခွင့်မရတာ၊ နိုင်ငံသားကတ် မရတာတွေကြောင့် အခုလို ကပ်ဘေးကာလမှာတောင် နေရပ်စွန့်ခွာနေကြတာလို့ စစ်တွေမြို့ သက္ကယ်ပြင် ရိုဟင်ဂျာဒုက္ခသည်စခန်းက ဦးကျော်လှအောင်က ဆိုပါတယ်။
ငွေကြေးယူပြီး ခေါ်ဆောင်သူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ရင် လူကုန်ကူးမှုပုံစံတွေ လျော့နည်း သွားမှာဖြစ်သလို အစိုးရဘက်ကလည်း ရိုဟင်ဂျာတွေကို တရားဝင်သွားလာနိုင်အောင် လုပ်ပေးဖို့လိုတယ်လို့ ဦးကျော်လှအောင် တိုက်တွန်းပါတယ်။
“အစိုးရက လူကုန်ကူးမှုဟာနဲ့ မူးယစ်ဆေးဝါး ဒါတွေကို အဓိက နှိမ်နှင်းမယ်ဆိုပြီး ပြောထားတော့ အဲဒီ လူတွေကိုမေးပြီး ဘယ်သူနဲ့ချိတ်ဆက်ပြီးတော့သွားလဲ၊ ဒီလူတွေကို သက်သေထားပြီးတော့ အမှုဖွင့်ပြီး ပွဲစားတွေ၊ ကားသမားတွေ၊ နောက်စက်လှေသမားတို့ အဲလို ပုဂ္ဂိုလ်တွေကို အရေးယူလိုက်ရင် ဒါနည်းသွား မှာပေါ့။ အစိုးရမှာလည်း ဒီလူတွေ တရားဝင်သွားလို့ရအောင် လုပ်ပေးရမှာပေါ့”
ရခိုင်ပြည်နယ်ထဲက မွတ်စလင်တွေအနေနဲ့ သက်ဆိုင်ရာ လဝကရုံးတွေကနေ တရားဝင် ခရီးသွားလာခွင့်ယူပြီး ပြည်နယ်ထဲမှာ သွားလာလို့ရသလို တခြားသက်ဆိုင်ရာ ပြည်နယ်၊ တိုင်း အဆင့်ဆင့်ကိုလည်း စာရွက်စာ တမ်းနဲ့ တရားဝင်နည်းလမ်းအရ သွားလာခွင့်ပြုထားတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က ပြောပါတယ်။
၂၀၂၀ ပြည့်နှစ် ဧပြီလ မတိုင်ခင်က ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာလာသူတွေကို ဖမ်းမိတဲ့အခါ အထောက်အထားမရှိရင် သက်ဆိုင်ရာ လဝက ဦးစီးဌာနက တရားလိုလုပ်ပြီး တရားစွဲတာတွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့ ဧပြီလကစပြီး နိုင်ငံသား အထောက်အထားမဲ့ မွတ်စလင်တွေကို ဖမ်းမိရင် တရားမစွဲတော့ဘဲ ပြည်ထောင်စုအစိုးရရဲ့ ညွန်ကြားချက်နဲ့ နေရပ်ပြန်ပို့ပေးခဲ့ပြီး ခေါ်ဆောင်လာသူတွေကိုပဲ အမှုဖွင့်အရေးယူ တာတွေ ရှိလာပါတယ်။
စာရွက်စာတမ်းတွေ ထောက်ခံချက်တွေ မယူဘဲ ထွက်လာသူတွေကို သက်ဆိုင်ရာနေရာတွေ ပြန်ပို့ပြီး လိုက်ပို့သူတွေ၊ ပွဲစားတွေကိုတော့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နေတယ်လို့ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က RFA ကို ပြောပါတယ်။
“သက်ဆိုင်ရာ ပြည်နယ်အဆင့်ဆင့် စာရွက်စာတမ်းနဲ့ ကျန်းမာရေးအရ၊ လူမှုရေးအရ တချို့ဆို တက္ကသိုလ် မှာတောင် လာတက်နေတဲ့ ဘင်္ဂါလီတွေလည်း ရှိတယ်ဗျ။ အဲလို တရားဝင်သွားလို့ရတဲ့ဟာတွေကို တရားဝင်နည်းလမ်းနဲ့ ခွင့်ပြုထားတယ်ဗျ။ တချို့ဟာကြတော့ အဲလို စာရွက်စာတမ်းတွေ မလုပ်ဘဲ၊ ထောက်ခံချက်တွေ မယူဘဲ ပွဲစားတွေ ဘာတွေနဲ့ ငွေအသုံးချပြီးတော့ လာတဲ့ဟာတွေကြတော့ ပွဲစားတွေ၊ လိုက်ပို့တဲ့သူတွေ၊ ငွေကြေးရယူပြီးတော့ ဆောင်ရွက်တဲ့သူတွေ အားလုံးကို ထိထိရောက်ရောက်နဲ့ အရေးယူပြီးတော့ လုပ်ထုံးလုပ်နည်း နားမလည်သူတွေကိုတော့ သက်ဆိုင်ရာ ပြန်ပို့ပြီးတော့ တာဝန်ရှိသူ အဆင့်ဆင့်ကနေ ထိန်းသိမ်းကြပ်မတ်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လမ်းတွေမှာလည်း သက်ဆိုင်ရာ စုပေါင်းအဖွဲ့တွေနဲ့ တားဆီးတာ၊ စစ်ဆေးတာ သူတို့ကို ရှင်းပြပြီးတော့ လိုအပ်တဲ့အထောက်အထား ပြန်ယူခိုင်းတာ ဒါတွေလုပ်နေပါတယ်”
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ဖို့ သွားလာရေးအကန့်အသတ်တွေ၊ စစ်ဆေးရေးဂိတ်တွေ အဆင့်ဆင့်ရှိနေတဲ့ ဒီလိုကာလမှာ ရခိုင်ပြည်နယ်ကနေ တခြားတိုင်းနဲ့ပြည်နယ်တွေကို လူအစုလိုက် အပြုံလိုက် ဘယ်လိုနည်းနဲ့ ထွက်လာနိုင်တာလဲဆိုတာ မေးစရာဖြစ်နေပါတယ်။
ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်ကတော့ လုံခြုံရေးဂိတ်စခန်း အဆင့်ဆင့်ရှိတယ်ဆိုပေမယ့် ဒေသခံလမ်းပြတွေနဲ့ ကားလမ်းမဟုတ်တဲ့ လမ်းတွေကနေ သွားလာကြသလို ရေလမ်းကနေလည်း သာမန်ငါးဖမ်း လှေအနေနဲ့ ခွင့်ပြုပေးလိုက်ပြီးမှ မသက်ဆိုင်သူတွေကို တင်လာပြီး တရားမဝင်လမ်းကြောင်းကနေ သွားလာတာတွေ များနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ရေလမ်းကြောင်းက ဝင်လာသူတွေကို သက်ဆိုင်ရာ ရေတပ်နဲ့ ကမ်းခြေစောင့်ရဲတပ်ဖွဲ့တွေ ပူးပေါင်းစစ်ဆေး ဖမ်းဆီးနေပြီး ကုန်လမ်းကြောင်းမှာဆိုရင်လည်း ဂိတ်တွေအပြင် နယ်မြေခံ လုံခြုံရေးအဖွဲ့အစည်းတွေ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ သတင်းပေးပို့ချက်တွေနဲ့ စစ်ဆေးဆောင်ရွက်နေတယ်လို့ ဦးမြင့်ကြိုင်က ပြောပါတယ်။
UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်တွေမှာ ရပ်တည်နိုင်ရေး ထောက်ပံ့ထားမှုအခြေအနေနဲ့ ဘာကြောင့်ထွက်ပြေးနေရတယ်ဆိုတဲ့ တွေ့ရှိချက်ကို RFA က Email ပေးပို့ပြီး မေးမြန်းထားပေမယ့် ဇန်နဝါရီ ၂၇ ရက်နေ့ညနေထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။ ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကတော့ သူတို့လုပ်ငန်း ဆောင်ရွက်ချက်တွေဟာ ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်မှု သိပ်မရှိတဲ့အတွက် မှတ်ချက်ပေးဖို့ မဖြစ်နိုင်ဘူးလို့ ဖုန်းနဲ့တုံ့ပြန်ဖြေပါတယ်။
တစ်ဦးတစ်ယောက်ကို လိမ်ညာလှည့်ဖြား အခကြေးငွေယူပြီး အမြတ်ထုတ်ဖို့ လုပ်ဆောင်တာဟာ နိုင်ငံတကာ ရာဇဝတ်မှုလည်းမြောက်သလို မြန်မာနိုင်ငံက လူကုန်ကူးမှုတားဆီကာကွယ်ရေး ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ရန်ကုန်မြို့က ညီမျှခြင်းမြန်မာရဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။
နေရပ်စွန့်ခွာဖို့ကြိုးစားတဲ့ မွတ်စလင်တွေကို အခကြေးငွေယူပြီး ခေါ်ဆောင်နေသူတွေကို အရေးယူဖို့လိုသလို မွတ်စလင်တွေ နေရပ်စွန့်ခွာထွက်ပြေးလိုတာဘာကြောင့်လဲဆိုတာ အဖြေရှာပေးမှ ဒီဖြစ်ရပ်တွေ ရပ်တန့်နိုင် မယ်လို့ ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။
“ဒီကိစ္စကို လုပ်ဆောင်ပေးဖို့ကိစ္စကတော့ ရေရှည်နဲ့ ရေတိုပေါ့။ ရေတိုကတော့ လူကုန်ကူးတဲ့ ဂိုဏ်းတွေကို အမြန်ဆုံး ထိရောက်စွာ တားဆီးအရေးယူမယ့် အရာမျိုးဖြစ်အောင် လုပ်ဆောင်ပေးဖို့ လိုအပ်တယ်။ ဒါမှမဟုတ်ရင် နောက်ထပ်လူပေါင်းများစွာ လူကုန်ကူးခံနေရဦးမှာ ဖြစ်ပါတယ်။ ရေရှည်ကျွန်တော် ပြောချင်တဲ့ ကိစ္စတစ်ခုက ဘာ့ကြောင့် ဒီလူတွေက အခြေအနေမဲ့ ဖြစ်ပြီးတော့ အပြင်ကို လွတ်ရာကျွတ်ရာ ရတဲ့နည်းနဲ့ ထွက်ချင်ရတာလဲဆိုတဲ့ အချက်ကို အဖြေရှာမှ ဒီလိုဘဝမျိုးရောက်ရှိတဲ့ အခြေအနေကို ပပျောက်နိုင်မှာ ဖြစ်ပါတယ်”
တိုက်ပွဲဖြစ်ပွားရာဒေသနဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရသူတွေက နေရပ်စွန့်ခွာ လိုစိတ်ရှိတာကြောင့် လူကုန်ကူးဂိုဏ်းတွေက ပိုပစ်မှတ်ထားလေ့ရှိသလို လူကုန်ကူးမှုတွေဖြစ်တာ ပိုတွေ့ရတယ်လို့ ဦးအောင်မျိုးမင်းက ထောက်ပြပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးကာကွယ်ရေး တပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးသူစိုးကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟကို ဆက်သွယ်မေးမြန်းဖို့သာ ပြောပါတယ်။
ရဲမှူးကြီး ကျော်သီဟကို RFA က ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းမပြန်ပါဘူး။
၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ သုံးနှစ်အတွင်း ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်းထဲ ဝင်လာတဲ့ အထောက်အထားမဲ့ ရိုဟင်ဂျာ စုစုပေါင်း ၃၀၇ ဦးဖမ်းဆီးရမိခဲ့တယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ စာရင်းမှာဖော်ပြထားပါတယ်။
၂၀၁၈ ခုနှစ်တုန်းက ရခိုင်ပြည်နယ်ကနေလာတဲ့ အထောက်အထားမဲ့ မွတ်စလင် ၁၀၀ ကျော်ကို ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ ဖမ်းဆီးမိခဲ့တာဟာ ရန်ကုန်တိုင်းအတွင်း အရေအတွက်အများဆုံး ဖမ်းဆီးရမိမှု ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလကလည်း တနင်္သာရီတိုင်း ကော့သောင်းမြို့အနီး ပင်လယ်ပြင်မှာ ရိုဟင်ဂျာ ၁၅၀ ကျော်ကို တပ်မတော်က ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီရိုဟင်ဂျာတွေကို မောင်တောမြို့နယ်က ငါးခူရ ပြန်လည်လက်ခံရေးစခန်းမှာ စစ်ဆေးရာမှာ အဲဒီထဲက ၁၃၀ ကျော်ဟာ မြန်မာနိုင်ငံသားအဖြစ် စိစစ်လို့ရတာကြောင့် သူတို့နေထိုင်ခဲ့တဲ့ မြို့နယ်တွေကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။
နေရပ်စွန့်ခွာလာတဲ့ မွတ်စလင်တွေကို ဖမ်းမိရင် အရေးယူတာတွေ မရှိတော့ပေမယ့် သူတို့စွန့်ခွာလာရတဲ့ အခြေခံအကြောင်းရင်းတွေကို အဖြေရှာကိုင်တွယ်ဖြေရှင်းမှ ဒီလိုဖြစ်ရပ်တွေ လျော့နည်းလာမယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ရိုဟင်ဂျာတွေက တိုက်တွန်းနေကြပါတယ်။