ရိုဟင်ဂျာမဲပေးခွင့် တောင်းဆိုချက်ကို လူ့အခွင့်အရေးလှုပ်ရှားသူတွေ ထောက်ခံ

ကျော်လွင်ဦး
2020.07.09

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့် ပေးဖို့နဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးချယ်ပိုင်ခွင့်ပေးဖို့  ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီ က ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုလိုက်ပါတယ်။

လူ့အခွင့်ရေးလှုပ်ရှားသူတွေကလည်း ရိုဟင်ဂျာတွေ မဲပေးခွင့်ရသင့်တယ်လို့   ထောက်ပြကြပါတယ်။

ရိုဟင်ဂျာတွေဟာ ခေတ်အဆက်ဆက် ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲတွေမှာ  မဲပေးခွင့်ရခဲ့တာကြောင့် လာမယ့် ရွေးကောက်ပွဲမှာလည်း မဲပေးခွင့်နဲ့ ရွေးချယ်ခံပိုင်ခွင့် ရသင့်တယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီက DHRP တောင်းဆိုထားတာပါ။

ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ ရုပ်သိမ်းခံလိုက်ရတဲ့ အခွင့်အရေးကို  ပြန်လည်တောင်းဆိုတာလို့ DHRP  ပါတီ အတွင်းရေးမှူး ဦးကျော်စိုးအောင်က ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေက ဖုန်းနဲ့ဆက်သွယ်မေးမြန်းတာတွေကို လက်ခံဖြေကြားတာမလုပ်ဘဲ သတင်းစာရှင်းလင်းပွဲရောက်မှသာ ဖြေကြားမယ်လို့ RFA ကိုဖြေကြားခဲ့တယ်။

White Card လို့ လူသိများတဲ့ ယာယီသက်သေခံကတ်ပြားတွေ ကိုင်ဆောင်ကြတဲ့  ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ ၁ သန်းကျော်ကို တပ်မတော် အစိုးရက ၂၀၁၀ ရွေးကောက်ပွဲမှာ မဲပေးခွင့်ပြုခဲ့ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ဝင်ပြိုင်တဲ့ ရိုဟင်ဂျာနှစ်ဦးလည်း အနိုင်ရပြီး လွှတ်တော်ထဲရောက်ခဲ့ပါတယ်။

လက်ရှိ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရဲ့ ခေါင်းဆောင်ဖြစ်သူ သူရဦးရွှေမန်း ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် တာဝန်ယူခဲ့ချိန်မှာတော့  ယာယီသက်သေခံကတ်ပြား ကိုင်ဆောင်သူတွေ မဲဆန္ဒပေးခွင့်မရှိဘူး ဆိုပြီး ဦးဆောင်တင်ပြတာကို အခြေခံဥပဒေခုံရုံးက အတည်ပြုပြီးနောက်ပိုင်း ရွေးကောက်ပွဲမှာ မဲပေးခွင့်ဆုံးရှုံး သွားရသလို့ အရွေးချယ်ခံဖို့ လျှောက်ထားသူတွေလည်း ပယ်ချခံရတယ်လို့ ဦးကျော်စိုးအောင်က ပြောပါတယ်။

White Card ဟာ နိုင်ငံသားအသိအမှတ်ပြုမခံရသူတွေကို ထုတ်ပေးတဲ့ကတ်ဖြစ်ပါတယ်။ အစိုးရက သူတို့ကို မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ်ကနေ ဝင်ရောက်လာသူတွေလို့ သတ်မှတ်ထားတာပါ။ ၂၀၁၅ နောက်ပိုင်းမှာတော့ အစိုးရက White Card အစား  နိုင်ငံသားစိစစ်ခံရန် စောင့်ဆိုင်းနေသူများအတွက် NVC Card ပြောင်းလဲထုတ်ပေးခဲ့ပါတယ်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူ ဦးရွှေမောင်က ရိုဟင်ဂျာတွေ မဲပေးခွင့်နဲ့ ရွေးချယ်ခံပိုင်ခွင့်ပေးဖို့ အစိုးရကို တောင်းဆိုနေပါတယ်။  

မွေးဖွားစဉ်က မိဘနှစ်ပါးဟာ နိုင်ငံသားမဟုတ်လို့ ရွေးကောက်ခံလို့မရဘူး ဆိုတဲ့ ပေါ်လစီနဲ့ ရိုဟင်ဂျာ မွတ်စလင် တွေ၊ မြန်မာပြည်တွင်းမှာရှိတဲ့ မွတ်စလင်တွေကို ရွေးချယ်ခံပိုင်ခွင့်ပယ်ချခဲ့သလို မဲထည့်ခွင့်လည်းမပေးခဲ့ဘူးလို့  အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ ဦးရွှေမောင်က ပြောပါတယ်။

၂၀၂၀ မှာ အားလုံးတန်းတူ အခွင့်အရေးပေးဖို့ ဦးရွှေမောင်က တောင်းဆိုလိုက်ပါတယ်။

" ၂၀၂၀ မှာလည်း ကျနော်တောင်းဆိုချင်တာက ဖြစ်သင့်တာကတော့ အဲဒီပေါ်လစီကို ပယ်ဖျက်ပြီးတော့ အားလုံးတန်းတူ အခွင့်အရေးပေးတဲ့သဘောနဲ့ အကုန်လုံးကို ရွေးကောက်ခံပိုင်ခွင့် ပေးသင့်တယ်၊ အဓိက တော့ ကျနော်တို့ကိုလုပ်ခဲ့တာ ဥပဒေကြောင်းအရ မဟုတ်ဘူး၊ ပေါ်လစီနဲ့ပဲလုပ်ခဲ့တာ"

၂၀၁၅ ခုနှစ်အထိ ရိုဟင်ဂျာကိုယ်စားလှယ်တွေ လွှတ်တော်အတွင်းရှိခဲ့ချိန်မှာ  လွှတ်တော်တွင်း လွှတ်တော် ပြင်ပမှာပါ ရိုဟင်ဂျာတွေအရေးကို လုပ်နိုင်ခဲ့၊ ပြောနိုင်ခဲ့တယ်လို့ ဦးရွှေမောင်က ပြောပါတယ်။

အရင်ကမဲပေးခွင့်ရသလို့ ၂၀၂၀ မှာ အားလုံးက မဲပေးခွင့်ရချင်နေတယ်လို့ မောင်းတောမြို့က ဒေသခံ ဦးခင်မောင်က ပြောပါတယ်။

"မဲပေးဖို့အားလုံးဆန္ဒရှိကြပါတယ်။ ကျနော်တို့ဒီနိုင်ငံမှာမွေးတယ်လေ၊ ဒီနိုင်ငံမှာကြီးပြင်းလာတယ်၊ ဒီနိုင်ငံထမင်းကိုစားတယ်၊ ဒီနိုင်ငံမှာအတူတကွနေထိုင်တယ် မဲပေးခွင့်ကို အားလုံးလိုချင်နေတာ"

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ မဲပေးခွင့်တောင်းတာဟာ ဖြစ်သင့်တဲ့ကိစ္စဖြစ်တာ ကြောင့် ကြိုဆိုတယ်လို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်လည်းဖြစ် ကိုဖီအာနန် ကော်မရှင်အဖွဲ့ဝင်ဟောင်း လည်းဖြစ်တဲ့ ဦးအေးလွင်က ပြောပါတယ်။

"၁၉၉၀ မှာလည်း သူတို့ရွေးချယ်ခွင့်ရခဲ့တယ်၊ ၂၀၁၀မှာ ကြံခိုင်ရေးပါတီကို ကိုယ်စားပြုပြီး အမြောက်အများ သူတို့ မဲပေးတဲ့သူလည်းရှိတယ်၊ ရွေးချယ်ခံတဲ့သူလည်း ရှိတယ်၊ ပါလီမန်ထဲရောက်လာတယ်၊ နေချင်းညချင်း သူတို့ဘဝလျော့သွားတယ်ဆိုတာဟာ ဒါဟာ တခုခုတော့မှားနေပြီလို့ ကျနော်ထင်ပါတယ်၊ အဲဒါကြောင့် သူတို့ရဲ့ မူလအခွင့်ရေးပြန်ရသင့်တယ်လို့ ပြောချင်ပါတယ်"

နိုင်ငံတကာရာဇဝတ်ခုံရုံး ICJ က ကြားဖြတ်ဆောင်ရွက်ဖို့ ချမှတ်ထားတဲ့အတိုင်း ရိုဟင်ဂျာတွေကို သင့်လျော်တဲ့ အခွင့်အရေး ပေးရမယ်လို့   Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။

"မဲပေးခွင့် အရင်ကတည်းကရှိခဲ့တဲ့လူတွေကို ခုမဲပေးခွင့်မရတာဟာ မဲပေးခွင့်ဆုံးတာ၊ ICJ ရဲ့ Provisional Measures အရဆိုလို့ရှိရင် အရင်တုန်းက မဲပေးခွင့်ရခဲ့တဲ့သူတွေကို မဲပေးခွင့်ရအောင် အစိုးရအနေနဲ့ လုပ်ပေး ဖို့လိုတယ်၊ အဲလူတွေက လက်ရှိမဲပေးခွင့်မရဘူးဆိုရင် ဘာဖြစ်မလဲဆိုရင် နိုင်ငံတကာမှာက အရင်တုန်း ကတော့ရခဲ့တယ်၊ လက်ရှိအစိုးရကျမှ မရဘူးဆိုတဲ့ ပြဿနာကိုထောက်ပြမယ်၊ လက်ရှိအစိုးရက မဲပေးခွင့် ရှိသူကို မဲပေးလို့ရအောင် မလုပ်ပေးတာက လူ့အခွင့်ရေးချိုးဖောက်တာဖြစ်တယ်ပေါ့"

လာမယ့်ရွေးကောက်ပွဲမှာ ရိုဟင်ဂျာတွေ မဲပေးခွင့်ရဖို့  ဇွန်လ ၂၇ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲမှာ မေးမြန်းခဲ့ပေမယ့် တိကျတဲ့အဖြေမရခဲ့ဘူးလို့လည်း DHRP ပါတီက ဦးကျော်စိုးအောင်က ပြောပါတယ်။

အာဏာရ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်ပါတီ ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ကတော့ သူတစ်ဦးထဲ သဘောဆန္ဒအရဆိုရင် ဒီလို့တောင်းဆိုတာဟာ ဖြစ်သင့်တယ်လို့ ပြောပါတယ်။

"ကျနော့်အမြင်ပြောရရင် တောင်းဆိုသင့်ပါတယ်၊ သို့သော် လူကြီးတွေကတော့ နိုင်ငံရေးအခြေအနေအရ၊ ဒေသန္တရအခြေအနေအရ စစ်ပွဲတွေဖြစ်နေတယ်၊ တခုခုအခြေအနေကြောင့် ဆိုင်းငံ့ထားတာလည်း ဖြစ်ချင် ဖြစ်နိုင်တယ်၊ ဖြစ်စေချင်တာကတော့ ဒါကိုဆက်ပြီး တောင်းဆိုသင့်တယ်လို့ ယူဆပါတယ်"

လူမှုသဟဇာတဖော်ဆောင်ရေးအဖွဲ့က ကိုသက်ဆွေဝင်းက အထောက်အထားရှိတဲ့ ရိုဟင်ဂျာတွေကို မဲပေးခွင့်ရအောင် အစိုးရအနေနဲ့ ဆောင်ရွက်ပေးသင့်တယ်လို့ ပြောပါတယ်။

"အခွင့်အရေးစံနှုန်းအရ ဒီလူတွေက အထောက်အထားတွေ အရင်တုန်းကလည်းရှိခဲ့သူတွေရှိတယ်၊ ဒီလို လူတွေကို ပြန်စိစစ်ပြီးတော့ မဲပေးခွင့်ပေးလို့ရအောင်၊ ပြီးတော့ရွေးကောက်ပွဲလုပ်နေတဲ့ကာလအတွင်းမှာ အဲနေရာတွေမှာ မတည်ငြိမ်လို့ မဲပေးလို့မရလို့ ချန်ခဲ့တာမျိုးတွေမလုပ်ဘဲနဲ့ ဒေသအတွင်းမှာ မဲပေးခွင့် ရှိတဲ့လူတွေ မဲပေးနိုင်အောင် ဘယ်လို့စီစဉ်မလဲ၊ ဒါတွေကို အစိုးရအနေနဲ့ စီစဉ်ဆောင်ရွက်ဖို့လိုမယ်"


ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ရိုဟင်ဂျာမွတ်စလင် ၁၀ သိန်းကျော် မဲပေးခွင့်ရခဲ့ပြီး ၂၀၁၇ အကြမ်းဖက်မှုတွေကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရာမှာ ရိုဟင်ဂျာဒုက္ခသည် ခုနှစ်သိန်းကျော် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးသွားခဲ့ပါတယ်။

ဒါပေမဲ့ ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ ရိုဟင်ဂျာအရေအတွက် ထက်ဝက်ကျော်လျော့ကျသွားပါပြီ။ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံဟာ နိုင်ငံတကာတရားရုံး ICJ မှာ အမှုရင်ဆိုင်နေရပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ပြုစုထားတဲ့ မဲစာရင်းအရ ရခိုင်မြောက်ပိုင်းမှာ မွတ်စလင် သုံးသိန်းကျော်ကျန်ရှိတယ် လို့ သိရပါတယ်။ ရွေးကောက်ပွဲကို  နိုဝင်ဘာ ၈ မှာကျင်းပဖို့ ရွေးကောက်ပွဲကော်မရှင်က တရားဝင်ကြေညာ ထားပြီး၊ နိုင်ငံရေးပါတီအသီးသီးကလည်း ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကို အပြီးသတ် ရွေးချယ်နေကြပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။