အားနည်းနေတဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍ

ခင်မောင်စိုး
2020.08.13

လာမယ့်ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတချို့လည်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ မြန်မာပြည်မှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေရဲ့အခန်းကဏ္ဍ နဲ့ ရွေးကောက်ပွဲမှာ အနိုင်ရနိုင်ခြေကကော ဘယ်လို ရှိပါသလဲ။

လာမယ့် နိုဝင်ဘာလရွေးကောက်ပွဲမှာ တသီးပုဂ္ဂလဝင်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းဦးရေ အင်မတန်နည်းပါတယ်။ အဲဒီသူတွေထဲက ရန်ကုန်တိုင်းမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ပါဝင် ယှဉ်ပြိုင်မယ့်သူကတော့ လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေပါ။  တသီးပုဂ္ဂလအဖြစ် လုပ်ကိုင်ဖို့ခက်ခဲတာအမှန်ပေမယ့် ကြိုးစားရင် အောင်မြင်နိုင်ပါတယ်လို့ သူက ပြောပါတယ်။

“နိုင်ငံရေးအရဆိုရင် မြန်မာနိုင်ငံမှာ တသီးပုဂ္ဂလ ရပ်တည်ရတာ ခက်ခဲပါတယ်။ ဒါပေမဲ့ တသီးပုဂ္ဂလ ဆိုပေမယ့်လည်း မိမိကိုယ်စားပြုတဲ့ မဲဆန္ဒနယ်ကို အကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့တယ်လို့ ကျမယုံကြည်တယ်။ ကျမ နိုင်ငံရေးကို စပြီး လေ့လာထဲက ဒီနိုင်ငံမှာ ဒီလိုဖက်ဒရယ်နဲ့ သွားလို့ရှိရင် တိုင်းရင်းသားတွေ အကျိုးရှိမယ်။ တိုင်းရင်းသားအကျိုးရှိရင် နိုင်ငံအကျိုးရရှိမယ်။ ဒါတွေကို သီအိုရီအရလဲ လေ့လာတယ်။ ပြီးလို့ရှိရင် ကိုယ့်ရဲ့နိုင်ငံရေးခံယူချက် နိုင်ငံရေးစိတ်ဆန္ဒတွေနဲ့ တထပ်တည်းကျတဲ့  နိုင်ငံရေး alliance ကို မြင်နိုင်ပါတယ်ရှင့်။ ဒီနိုင်ငံရေး ideology တူတဲ့ပုဂ္ဂိုလ်တွေ တူတဲ့အဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်ခြင်းက ကျမတို့နိုင်ငံကြီးကို ဘေးမထွက်သွားဘူးရှင့်။ ဘေးမထွက်သွားဘူးဆိုရင် နိုင်ငံနဲ့လည်း inline ဖြစ်တယ်၊ လူမျိုးနဲ့လည်း inline ဖြစ်တယ်၊ ကိုယ်ရပ်တည်တဲ့ နိုင်ငံရေးခံယူချက်နဲ့လည်း inline ဖြစ်တယ်။ လွှတ်တော်ထဲမှာ တသီးပုဂ္ဂလဖြစ်သွားပေမယ့်  ရပ်တည်နိုင်ခဲ့တာ ဒီ နိုင်ငံရေးခံယူချက်ကြောင့်ဖြစ်ပါတယ်ရှင့်”


ကော့မှူးမြို့နယ် မဲဆန္ဒနယ်က တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးဌေးအောင် ကတော့ ပါတီနောက်ခံမရှိပေမယ့် သူအလုပ်အများကြီး လုပ်နိုင်မယ်လို့ ပြောပါတယ်။

“တသီးပုဂ္ဂလတွေက မြန်မာပြည်မှာ သိပ်အားမကောင်းသေးဘူး၊ လွှတ်တော်ထဲများရောက်သွားခဲ့ရင် ဘာလုပ်ဆောင်နိုင်မှာလည်း လို့ ဆိုတာကို  ကျနော်အဲလိုမတွေးဘူးဗျ။ အခု NLD အစိုးရတရပ်လုံးကို ကျနော် တယောက်တည်း ဝေဖန်ထောက်ပြခဲ့တာပဲ။  ကျနော်အရပ်သားတယောက်အနေနဲ့ လုပ်နိုင်ခဲ့တာကို ပြခဲ့တာပါ။ ကျနော် အကယ်လို့ လွှတ်တော်ထဲရောက်လောက်တဲ့ အမတ်တယောက်ဖြစ်ခဲ့မယ် သို့တည်းမဟုတ် နောင်ဖွဲ့စည်းမယ့် အစိုးရတရပ်မှာ တထောင့်တနေရာက တာဝန်ယူရတာမျိုးရှိရင် ကျနော်အများကြီးလုပ်ကိုင်နိုင်မယ်လို့ ကျနော့်ကိုယ်ကျနော် ယုံကြည်ထားပါတယ်”

ဦးဌေးအောင်အနေနဲ့ ကော့မှူးမြို့နယ်က ရွေးကောက်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အနိုင်ရမယ်ထင်ပါသလားလို့ RFA ကမေးပါတယ်။

“ကျနော်ကတော့ အမကြီး ဖယ်ပေးသွားလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒါက သူ့သဘောနဲ့သူ ဖယ်တာရှိသလို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့နည်းဥပဒေနဲ့ ငြိစွန်းနေတဲ့အတွက် ဖယ်ရှားလိုက်တာမျိုးလည်း  ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”


နိုင်ငံရေးအကျဉ်းသားဟောင်း ဦးပါစီမောင်မောင်ကတော့ မြန်မာနိုင်ငံမှာ တသီးပုဂ္ဂလတွေရဲ့ကဏ္ဍ အလွန်မှေးမှိန်နေဆဲပါပဲလို့ ဝေဖန်ပါတယ်။

“တသီးပုဂ္ဂလ ကတော့ ရှိတော့ရှိသင့်တာပေါ့။ ဒါပေမဲ့ အင်အားကြီးပါတီ ၂ ခု ရှိတဲ့ထဲမှာ တသီးပုဂ္ဂလတွေ ဝင်ပြိုင်လို့ရှိရင်လည်း သူတို့အနေနဲ့ အနိုင်ရမယ်လို့ ကျနော်ကသိပ်မထင်ဘူး။ နောက် တသီးပုဂ္ဂလက အရမ်းအားနည်းနေတယ်။ ဝင်ပြိုင်မယ့် အင်အားက အများဆုံးရှိလည်း  ၁ဝ  ဂဏန်းကျော်လောက်ပဲ ရှိမယ်ထင်တယ်။ အဲဒီလူတွေကို အားပေးမယ်ဆိုရင် သူတို့က ကြားထဲက ဖျက်မြင်းသဘောမျိုးဖြစ်နေတာ သူတို့အနေနဲ့လည်း အနိုင်မရဘူး။ အင်အားကြီးပါတီ၂ ခု အတွက်လည်း မဲလျော့သွားမယ်။ ပြည်သူလူထုကလည်း  အင်အားကြီးပါတီတွေလောက်ပဲ သိတယ်ဗျ။ တသီးပုဂ္ဂလအနေနဲ့ ယှဉ်ပြိုင်မယ့်သူတွေကို ပြည်သူလူထုအနေနဲ့ လူသိနည်းနေကြတယ်”

တသီးပုဂ္ဂလတွေ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အခွင့်အလမ်းနည်းပါးပေမယ့် သူတို့ရဲ့ ဆန္ဒနဲ့ အခွင့်အရေးကိုတော့ လေးစားရမှာပဲလို့လည်း ဦးပါစီမောင်မောင်က ပြောပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ ပုဂ္ဂလိက ကိုယ်စားလှယ်လောင်းဦးရေ ဘယ်လောက်ပါဝင်ယှဉ်ပြိုင်ခွင့်ရပြီး ဘယ်နှစ်ဦး အနိုင်ရမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။