စစ်ကောင်စီအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပိုပြင်းထန်လာနိုင်ကြောင်း လေ့လာသူတွေပြော

2022.08.16
စစ်ကောင်စီအပေါ်  ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပိုပြင်းထန်လာနိုင်ကြောင်း လေ့လာသူတွေပြော “သွေးစွန်းငွေ ဖြတ်တောက်ရေး” ကလေးမြို့တွင် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ ဆန္ဒပြစဥ်
Photo: Citizen Journalist

ဖိနှိပ်သတ်ဖြတ်မှုတွေ ပိုကျူးလွန်လာတဲ့ မြန်မာစစ်ကောင်စီကို သံတမန်ရေး ဖိအားနဲ့တင် မလုံလောက်ဘဲ ဝင်ငွေများစွာရရှိနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကို ပိတ်ဆို့ အရေးယူဖို့ Justice for Myanmar နဲ့ Blood Money Campaign သွေးစွန်းငွေဖြတ် တောက်ရေးအဖွဲ့လို လူ့အခွင့်အရေးအဖွဲ့တွေက အစဉ်တစိုက် တောင်းဆိုနေပါတယ်။

ဒီလိုတောင်းဆိုမှုတွေနဲ့ ပြည်ပဖိအားတွေကြောင့် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ ပြင်သစ်၊ အမေရိကန်နဲ့ မလေးရှားနိုင်ငံတို့က ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေ တ ဖြည်းဖြည်းချင်း ပြန်ထွက်ခွာသွားကြပါတယ်။

ဒါနဲ့တင် မလုံလောက်သေးဘဲ စစ်ကောင်စီရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) ကို အမေရိကန်နဲ့ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတွေက စီးပွားရေးအရ အရေးယူဒဏ်ခတ်ဖို့ Justice for Myanmar အဖွဲ့နဲ့ Blood Money Campaign ခေါ် သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့တွေက ဆက်လက်လှုပ်ရှားနေပါတယ်။

စစ်အုပ်စုမှာ ဝင်ငွေလျော့ကျလာမှသာ လက်ရှိပြည်တွင်းက သွေးထွက်သံယိုဖြစ်မှုတွေ မြန်မြန်အဆုံးသတ် နိုင်လိ့မ်မယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ရဲ့ ပြောခွင့်ရသူ ကိုရဲ က RFA ကို ပြောပါတယ်။

“မကြာခင်မှာ MOGE မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို အမေရိကန်အစိုးရ ကနေ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု ဖြစ်လာလိမ့်မယ်လို့ ကျနော် မျှော်လင့်တယ်။ အဲဒီလိုဖြစ်လာရင် ကျနော်တို့ ထိရောက်မှုက ပိုရှိမှာ ဖြစ်ပါတယ်။ အဓိကအချက် ကတော့ အကြမ်းဖက်စစ်အုပ်စုဆီကို ဝင်နေတဲ့ ဝင်ငွေကို ဖြတ်တောက်နိုင်ရင် တိုက်ပွဲ မြန်မြန်ပြီးမယ်။ မြန်မြန် ပြုတ်ကျသွားမယ်။ စစ်အုပ်စုက မြန်မြန်ပြုတ်ကျသွားပြီးတော့ သွေးထွက်သံယို တိုက်ပွဲတွေကို မြန်မြန်အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်”

ဥရောပသမဂ္ဂ (EU) ကလည်း MOGE ကို ပြီးခဲ့တဲ့လတွေက စီးပွားရေးပိတ်ဆို့မှုတချို့ ပြုလုပ်ခဲ့ပြီး အတိုင်းအတာ တစ်ခုအထိ ထိရောက်ခဲ့ကြောင်း၊ သတင်းထုတ်ပြန်ချက် ထွက်မလာသေးလို့ အတိအကျ မပြောနိုင်သေးပေမယ့် ဒီလို ပိတ်ဆို့မှုတွေကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးလုပ်ကိုင်နေတဲ့ တရုတ် အစိုးရရဲ့ ဘဏ်တွေမှာတောင် အခက်အခဲတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ကိုရဲ က ပြောပါတယ်။

လက်ရှိအခြေအနေမှာ စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်း လက်နက်ကိုင်ခုခံသူတွေကို စစ်ပွဲပေါင်း ရာနဲ့ချီပြီး ရေကြောင်း၊ လေကြောင်း၊ ကြည်းကြောင်းကနေ ငွေကြေးများစွာ အကုန်အကျခံပြီး တိုက်ခိုက်နှိမ်နင်း နေပါတယ်။ ဒီလိုတိုက်ခိုက်ရာမှာ အရေးကြီးတဲ့ လေယာဉ်ဆီအပါအဝင် လက်နက်ခဲယမ်းတွေကို အထူးသဖြင့် ရုရှားနိုင်ငံကနေ ဒေါ်လာများစွာအကုန်အကျခံပြီး ဝယ်ယူနေတာကြောင့် စစ်ကောင်စီရဲ့ အဓိကဝင်ငွေ ရနိုင်တဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ကြိုးစားနေတာပါ။

Justice for Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင် က စစ်ကောင်စီမှာ ဝင်ငွေရလမ်းတွေ ဆက်ရှိနေသမျှ ပြည်သူတွေ ဆက်ပြီးတော့ သေဆုံးနေမှာမို့ စစ်ကောင်စီရဲ့ ဘဏ္ဍာငွေတွေကို ပိတ်ဆို့တားဆီးဖို့ တောင်းဆိုနေရတာလို့ RFA ကို အီးမေးလ်ကတစ်ဆင့် ပြန်လည်ဖြေကြားပါတယ်။

စစ်အုပ်စုဟာ သူတို့ကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲ ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူ ခံရတာမရှိဘဲ ကင်းလွတ်ခွင့် ရနေတဲ့အတွက် ရာဇဝတ်မှုတွေ ဆက်ကျူးလွန်နေတယ်၊ ဝင်ငွေရလမ်းတွေ ဆက်ရှိနေသရွေ့ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်ဖို့ အတွက် ကျည်ဆန်တွေ၊ လေကြောင်းတိုက်ခိုက်မှုအတွက် ဗုံးတွေ၊ လေယာဉ်ဆီတွေ ဆက်လက် ဖြည့်တင်းနိုင်မှာဖြစ်တယ်လို့ မရတနာမောင်က ထောက်ပြပြောဆိုပါတယ်။

ရခိုင်ဒေသကပဲဖြစ်ဖြစ်၊ မွန်နဲ့ တနင်္သာရီကပဲဖြစ်ဖြစ် ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း ကနေ စစ်ကောင်စီရရှိတဲ့ ဝင်ငွေ မှန်သမျှဟာ အကြမ်းဖက်လှုပ်ရှားမှုကို ထောက်ပံ့ပေးနေ တာလို့လည်း သူက ဖြည့်စွက်ပြောဆိုပါတယ်။

ဒီလိုအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေဟာ စစ်ကောင်စီအပေါ် ထိရောက်မှုရှိတာအမှန်ပဲလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်း က RFA ကို ပြောပါတယ်။

“နိုင်ငံတကာမှာရှိတဲ့ အစိုးရကို ခဏထားဦး၊ လွှတ်တော်ကိုယ်စားလှယ်တွေက အသံကို ကြားနိုင်ကြတယ်။ ဥရောပ ပါလီမန်တို့၊ ပြင်သစ်ပါလီမန်တို့ အမေရိကန်အထက် လွှတ်တော်၊ အောက်လွှတ်တော် ဒါတွေအားလုံးက ကြားကြတယ်။ အလေးထားပြီး ဒါကို စဉ်းစားပေးကြတာလည်း တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ကိုးလ၊ ၁၀ လလောက် အတွင်းမှာလည်း အများကြီး သူတို့ဘက်ကနေ နိုင်ငံတကာရေနံကုမ္ပဏီကြီးတွေကို ဖိအားပေးတာတွေ၊ ဝိုင်းပြီး တိုက်တွန်းတာတွေ၊ လှုံ့ဆော်တာတွေ၊ Sanction ချ ခဲ့တာတွေ၊ နောက်တစ်ခါ တိုတယ်လ်တို့၊ ရှက်ဗရွန်တို့ မြန်မာပြည်ထဲကနေ လုံးဝ ထွက်သွားတာတွေ ဒါတွေကို တွေ့ရပါတယ်။ ထိရောက်မှု ရှိတန်သလောက်ရှိတယ်လို့ ဆိုနိုင်ပါတယ်”

စစ်အာဏာမသိမ်းခင်အထိ မြန်မာပြည်မှာ MOGE ကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော်လောက် အခွန်ငွေ ရရှိခဲ့ပြီး အခုချိန်မှာတော့ စစ်ကောင်စီအနေနဲ့ သန်း ၆၀၀ လောက် အထိ ထိခိုက်နစ်နာသွားပြီလို့ ဦးစိုးသူရထွန်း က ခန့်မှန်းပါတယ်။

ဒီခန့်မှန်းချက် ကိန်းဂဏန်းနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးသန့်အတည်ပြုနိုင်ခြင်း မရှိ ပါဘူး။ ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အမြင်သဘောထားသိနိုင်ဖို့ စစ်ကောင်စီပြော ခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ကြိုးစားပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

အရင်အကြိမ်တွေတုန်းကတော့ ပြန်ထွက်သွားတဲ့ ပြင်သစ်၊ အမေရိကန်နဲ့ မလေးရှား နိုင်ငံတို့က ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကြီးတွေရဲ့ နေရာမှာ ရုရှားနိုင်ငံက ရင်းနှီး မြှုပ်နှံမှုတွေနဲ့ အစားထိုးဖို့ စီစဉ်နေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ဖြေဆို ခဲ့ဖူးပါတယ်။

"အကြမ်းဖက်စစ်အုပ်စုဆီကို ဝင်နေတဲ့ ဝင်ငွေကို ဖြတ်တောက်နိုင်ရင် တိုက်ပွဲ မြန်မြန်ပြီးမယ်"

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မကြာသေးခင်က ရုရှားနိုင်ငံ ခရီးစဉ်မှာလည်း ရုရှားရေနံနဲ့ သဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ကတော့ မြန်မာနိုင်ငံရဲ့ အခြေ အနေတွေဟာ ပိုဆိုးလာနေပြီး စစ်ကောင်စီရဲ့လက်ထဲကို လက်နက်တွေ လုံးဝမရောက် အောင် အသေအချာ နည်းလမ်းရှာရလိမ့်မယ်၊ ဒါကြောင့် စီးပွားရေးအရ ဖိအားပေးမှုနဲ့ ပိတ်ဆို့မှုတွေအပါအဝင် နောက်ထပ်ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို စဉ်းစားရလိမ့်မယ် လို့ ဩဂုတ်လ ၅ ရက်နေ့က VOA ခမာသတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောသွားပါတယ်။

မဟာဗျူဟာနဲ့ မူဝါဒရေးရာသိပ္ပံ ISP - Myanmar အဖွဲ့က ပြင်ပဆက်ဆံရေး ညွှန်ကြား ရေးမှူး ဦးအောင်သူငြိမ်း ကလည်း ဦးဂျင်မီ ခေါ် ဦးကျော်မင်းယုတို့ လေးဦးကို သေဒဏ် စီရင်ပြီးတဲ့နောက်မှာ အမေရိကန်အစိုးရရဲ့ စစ်ကောင်စီအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ ပိုပြင်းထန်လာလိမ့်မယ်လို့ သုံးသပ်ပါတယ်။

“သေဒဏ်ပေးတဲ့ကိစ္စအပြီးမှာ US ဘက်က ဆန်ရှင်ချမယ်ဆိုပြီး ပိုပြီး ပြင်းထန်လာတဲ့ သဘော ရှိတယ်ပေါ့ဗျာ။ နောက်ပြီးတော့ ဆန်ရှင်ဆိုတဲ့ကိစ္စကလည်း တစ်ခုကိုသွား ပြီးတော့ လုပ်လိုက်လို့ရှိရင် Tip for Tap ပေါ့။ မင်း ဒါလုပ်တယ်နော် မင်းကို ဒဏ် ခတ်မယ်ဆိုတဲ့ အဲဒီလိုသဘောမျိုး ပိုများတယ်ဗျ။ အဲဒါဆိုရင်တော့ ခုနကပြောတဲ့ ရေနံသဘာဝဓာတ်ငွေ့ကိစ္စမျိုးတွေက ဆန်ရှင်တွေကဖြစ်လာဖို့ အနေအထားရှိတယ် ပေါ့”

နိုင်ငံတကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများ မြန်မာနိုင်ငံမှ ထွက်ခွာသွားဖို့ ၂၀၂၁ ခုနှစ် မေလ ၁ ရက်နေ့မှာ ရန်ကုန်မြို့ MOGE ရုံးရှေ့တွင် ဆန္ဒပြစဥ် (Photo: CJ)
နိုင်ငံတကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများ မြန်မာနိုင်ငံမှ ထွက်ခွာသွားဖို့ ၂၀၂၁ ခုနှစ် မေလ ၁ ရက်နေ့မှာ ရန်ကုန်မြို့ MOGE ရုံးရှေ့တွင် ဆန္ဒပြစဥ် (Photo: CJ)

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးပညာရှင်တစ်ဦးကတော့ ပြည်တွင်းပြည်ပကနေ ဝိုင်းဝန်း ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ စစ်ကောင်စီအပေါ် အဓိက ထိခိုက်သလို တိုင်းပြည် စီးပွားရေးကိုလည်း ထိခိုက်နစ်နာစေတယ်လို့ မှတ်ချက်ပေးပါတယ်။

“သူ့ရဲ့ဝင်ငွေ ထိခိုက်တော့ တစ်နည်းအားဖြင့်တော့ တိုင်းပြည်အတွက်လည်း အများကြီး ထိခိုက်တာပေါ့။ သူကတော့ အဓိကအားဖြင့် သူ ရတဲ့ဝင်ငွေကို ဘာလုပ်မလဲဆိုတော့ လက်နက်ဝယ်ဖို့ရာအတွက်ကို အဓိကထားတယ်။ ဒါပေမဲ့လို့လည်းပဲ ကျန်တဲ့ သွင်း ကုန်တွေမှာပါ လာပြီးတော့ ထိခိုက်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကုမ္ပဏီတွေ ဘာတွေက နိုင်ငံခြားကနေ ပစ္စည်းသွင်းဖို့ရာမှာလည်း ဒေါ်လာအခက်အခဲတွေ့လာတဲ့ အတွက်ကြောင့်မို့လို့ ပြည်တွင်းမှာ ကုန်ဈေးနှုန်းတွေ ပိုပြီးတော့ တက်လာတယ်။ အဲဒီတော့ အများကြီး ထိခိုက်ပါတယ်။ တိုင်းပြည်အတွက် အများကြီး ထိခိုက်ပါတယ်”

စစ်ကောင်စီက ဒေါ်လာဝင်ငွေရလမ်း နည်းလာတဲ့အခါ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေဘက် က ဒေါ်လာစီးဆင်းမှုတွေကို ထိန်းချုပ်လာပြီးတဲ့နောက် သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေ ရပ်ဆိုင်းလုနီးပါးဖြစ်လာတာ၊ ဒေါ်လာဈေးနဲ့ ရွှေဈေး သမိုင်းမှာ မကြံဖူးလောက်အောင် မြင့်တက်လာတာ၊ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ဆန်နဲ့ ဆီလို အခြေခံစားကုန် တွေပါ အာဏာမသိမ်းခင်ကထက် ဈေးနှစ်ဆနီးပါး မြင့်တက်တာတွေ ဖြစ်လာတယ် လို့လည်း အဲဒီစီးပွားရေး ပညာရှင်က သုံးသပ်ပြောဆိုသွားပါတယ်။

ဒါပေမဲ့လည်း ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေဟာ စစ်ကောင်စီအတွက် တစ်ခုတည်းသော အကြီးမားဆုံး နိုင်ငံခြားဝင်ငွေ အရင်းအမြစ်ဖြစ်တာကြောင့် ပြည်သူကို ဖိနှိပ်သတ်ဖြတ်တဲ့ စစ်အာဏာရှင်တွေ ပြုတ်ကျ ရေးအတွက် မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အရေးယူ ပိတ်ဆို့ဖို့ အဆက်မပြတ်လှုပ်ရှားတောင်းဆိုနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။