မစ္စတာ ဆာဆာကာဝါ မြန်မာပြည်ခရီးစဉ်နှင့် ငြိမ်းချမ်းရေး အလားအလာ

ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်လည်းဖြစ်၊ နီပွန် ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ မစ္စတာ ဆာဆာကာဝါဟာ နိုဝင်ဘာလ ၁၂ ရက်နေ့ကတည်းက မြန်မာနိုင်ငံကို ရောက်ရှိနေတာပါ။
သူ့ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့သလို ရက္ခိုင့်တပ်တော် (AA) ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလက မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်မှာလည်း မစ္စတာ ဆာဆာကာဝါ ဟာ ရခိုင်ပြည်နယ်က စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေကို ရပ်တန့်အောင် အဓိကကြားဝင် ညှိနှိုင်းပေးခဲ့သူ ဖြစ်ပါတယ်။
အခု နိုဝင်ဘာလ ၁၅ ရက်နေ့ကတော့ ရခိုင်ပြည်နယ်ကို တစ်နှစ်ပြည့် နှစ်ပတ်လည် ခရီးစဉ်အဖြစ် ဒုတိယ အကြိမ် သွားခဲ့ပြီး အဲဒီနေ့ညမှာပဲ စစ်သုံ့ပန်း ၁၅ ယောက်ကို AA က ပြန်လွှတ်ပေးခဲ့ပါတယ်။
မစ္စတာ ဆာဆာကာဝါရဲ့ ခရီးစဉ်ကြောင့် သံခင်းတမန်ခင်းမှာ ဖြေလျှော့မှုတွေ ဖြစ်လာနိုင်တယ်လို့ ရခိုင် ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက RFA ကို ပြောပါတယ်။
“သံခင်းတမန်ခင်းမှာ ဖြေလျှော့မှုတွေ ဖြစ်လာနိုင်တယ်။ ဆိုလိုတာကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အထိ ဖြစ်လာနိုင်တယ်ပေါ့။ သူ့အနေနဲ့ နိုင်သလောက် လုပ်နိုင်လိမ့်မယ်လို့ထင်တယ်။ ခြုံပြီးတော့ ပြောရရင်တော့ နိုင်ငံအတွက်ရော မျှော်လင့်ချက်တစ်ခုဖြစ်သလို ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးမှာလည်း သူ့အနေနဲ့ အဓိက အခန်းကဏ္ဍက ဆောင်ရွက်နေတယ်လို့ပဲ ကျနော်သုံးသပ်ပြောချင်ပါတယ်”
တိုက်ပွဲတွေဆက်မဖြစ်ဖို့က နှစ်ဖက်တပ်တွေနဲ့သာ ဆိုင်တာကြောင့် အကျိုးစီးပွားနဲ့ ပတ်သက်လာရင်တော့ ထိပ်တိုက်တွေ့နိုင်စရာတွေ ဖြစ်လာနိုင်ပြီး တိုက်ပွဲတွေ ဆက်မဖြစ်နိုင်ဘူးလို့ ကျိန်းသေမပြောနိုင်ကြောင်း ဦးဖေသန်းက ဆိုပါတယ်။
ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင်တွေ၊ ရခိုင်အမျိုးသားပါတီ (ANP) ထိပ်ပိုင်း ခေါင်းဆောင်တွေ၊ စစ်ဘေးဒုက္ခသည်တွေအပြင် (မွတ်စလင်) ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ပါ သွားရောက် တွေ့ဆုံခဲ့ပါတယ်။
မစ္စတာ ဆာဆာကာဝါနဲ့ တွေ့ဆုံခဲ့တဲ့ ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာကော်မတီဝင် ဦးဦးလှစော ကတော့ ဒုတိယအကြိမ် ရခိုင်ပြည်နယ်ခရီးစဉ်ဟာ စစ်ကောင်စီတပ်နဲ့ AA တို့ အကြားရရှိထားတဲ့ ငြိမ်းချမ်းရေးကို ဒီထက်ပိုအဆင့်မြင့်တဲ့ ဆက်ဆံရေးတစ်ခု ပုံမှန်ရအောင် ကြားဝင်တိုက်တွန်း ကူညီပေးဖို့ လာရောက်တာ ဖြစ်တာကြောင့် ကြိုဆိုတယ်လို့ ပြောပါတယ်။
နိုဝင်ဘာလ ၁၇ ရက်နေ့မှာတော့ ရခိုင်ဦးဆောင်ပါတီ (AFP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တီပါတီ (SNDP)၊ ပြည်သူ့ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီတို့နဲ့ တွေ့ဆုံခဲ့သလို NLD ပါတီရဲ့ ခေါင်းဆောင် အချို့နဲ့လည်း တွေ့ဆုံခဲ့ကြောင်း နိုဝင်ဘာလ ၁၈ ရက်နေ့ ရန်ကုန်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ဆာဆာကာဝါက ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ NLD လုပ်ငန်းကော်မတီရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွေးကတော့ မစ္စတာဆာဆာကာဝါ တွေ့ခဲ့တယ်ဆိုသူတွေဟာ NLD ကို အမှန်တကယ် ကိုယ်စားပြုရဲ့လားဆိုတာ မသေချာတဲ့အတွက် ပါတီကို အမှန်တကယ်တွေ့ဆုံချင်ရင် လုပ်ငန်းကော်မတီကို တရားဝင်ဆက်သွယ်ပြီး အမှန်တကယ် တာဝန်ရှိသူတွေကိုသာ တွေ့သင့်တယ်လို့ RFA ကို ပြောပါတယ်။
မစ္စတာဆာဆာကာဝါနဲ့ တွေ့ဆုံခဲ့တဲ့ SNLD ပါတီဥက္ကဋ္ဌ စိုင်းညွန့်လွင်ကတော့ ဒီခရီးစဉ်ဟာ အတိုင်းအတာ တစ်ခုအထိ အကျိုးရှိမှာဖြစ်တယ်လို့ ပြောပါတယ်။
“မြန်မာပြည်ကိစ္စဟာ တပ်မတော်နဲ့ အာဏာရပါတီတွေနဲ့ ပြဿနာရှင်းသွားရုံနဲ့ မပြီးဘူး၊ တိုင်းရင်းသား တွေနဲ့လည်း ဆိုင်တယ်။ တိုင်းရင်းသားပြဿနာ မပြီးမချင်းကတော့ မြန်မာ့နိုင်ငံရေးပြဿနာ မပြီးနိုင်ဘူး။ EAOs တွေအားလုံးက တိုင်းရင်းသား EAOs တွေဖြစ်တယ်။ အဲဒါကိုက တိုင်းရင်းသားနိုင်ငံရေး ပြဿနာကို ရှင်းရမယ်ဆိုတာ ညွှန်ပြနေတာ။ သူက EAOs တွေနဲ့ တော်တော်လေး ခင်နေတဲ့အခါဆိုတော့ ကျနော်ဒါကို အဓိကထား ပြောတာပေါ့နော်။ ကျနော်သိသလောက်ကတော့ သူကငြိမ်းချမ်းရေးကိစ္စ လာဆောင်ရွက်တာပဲလေ။ မနှစ်က သူရခိုင်ဘက်မှာသွားပြီး ဆောင်ရွက်ခဲ့တဲ့အတွက် အပစ်အခတ် ရပ်စဲတယ်လို့ အဲလိုယူဆလို့ရ တယ်။ အခု သူ ရခိုင်ဘက်ကို သွားတဲ့အခါမှာ AA ဘက်ကလည်း အကျဉ်းသားတွေ လွှတ်ပေးတာတွေရှိခဲ့တယ်။ အတိုင်းအတာ တစ်ခုအထိကတော့ ရှိမှာပါ။ ဒီအတိုင်းပဲ ထိုင်နေတာထက်စာရင် သူ့ဆောင်ရွက်ချက်တွေက တစ်စုံတစ်ရာ အကျိုးပြုတာတွေတော့ ရှိမှာပါ ”
ရှမ်းပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီတွေပေးဖို့နဲ့ ရှမ်းပြည်နယ်က ပြည်သူတွေဟာ တရုတ်ပစ္စည်းတွေကိုပဲ မှီခိုမနေရအောင် အကူအညီတွေ စဉ်းစားပေးဖို့လည်း ရှင်းပြဆွေးနွေးခဲ့တယ်လို့ စိုင်းညွန့်လွင်က ဆိုပါတယ်။
"သူ ရခိုင်ဘက်ကို သွားတဲ့အခါမှာ AA ဘက်ကလည်း အကျဉ်းသားတွေ လွှတ်ပေးတာတွေရှိခဲ့တယ်"
မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးကတော့ စစ်ကောင်စီက ကျင်းပပေးမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အဆင်သင့်ရှိကြောင်း ရှင်းပြဆွေးနွေးခဲ့တယ်လို့ RFA ကို ပြောပါတယ်။
“ အခုလာမယ့် ရွေးကောက်ပွဲကျရင် နိုင်ငံရေးပါတီတွေ ပြိုင်ကြမှာလားပေါ့ အဲဒါကို မေးတာပါ။ ကျနော်တို့ကလည်း အခုလာမယ့်ရွေးကောက်ပွဲကိုတော့ ပြင်ဆင်ထားပါတယ်။ ပြိုင်ဖို့လည်း အဆင်သင့် ပါပဲ။ နိုင်ငံရေးပါတီတွေ ပြိုင်မှလည်း အရပ်သားအစိုးရ ပေါ်လာမှာပါလို့။ ပြည်သူတွေ လိုလားနေတာက အရပ်သားအစိုးရပါ စစ်အစိုးရ မဟုတ်ပါဘူးလို့။ ဒါကြောင့် စစ်အစိုးရ နောက်ဆုတ်သွားအောင် အရပ်သား အစိုးရတက်လာအောင် ရွေးကောက်ပွဲ လုပ်ပေးတာပဲ ကျနော်တို့က ကျေးဇူးတင်ပါတယ်လို့။ ရွေးကောက်ပွဲ ဖြစ်အောင်တော့ ကျနော်တို့က ကြိုးစားပါမယ်လို့တော့ ပြောလိုက်ပါတယ်။ သူနဲ့တပြိုင်တည်း ရောက်လာတာကတော့ တရုတ်ရော အမေရိကန်ရောလေ။ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ နိုင်ငံရေးဆိုတာ တိုက်ဆိုင်မှုမရှိပါဘူး။ ကျနော်ထင်တာကတော့ သူတို့အပြင်မှာ ကြိုတင်ညှိနှိုင်းပြီးမှ လာကြပုံရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်အတွက် ရလဒ်ကောင်းတစ်ခုတော့ ထွက်လာလိမ့်မယ်လို့ ကျနော်တို့ ထင်ပါတယ် ”
စစ်ကောင်စီက ပြန်လုပ်ပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ အရပ်သားအစိုးရဖြစ်အောင် ကြိုးစားမယ့်ပါတီတွေကို NUG နဲ့ CRPH အနေနဲ့ ပစ်ခတ် သတ်ဖြတ်တာတွေ လုပ်မယ်ဆိုရင် ရွေးကောက်ပွဲ ပျက်သွားနိုင်ကြောင်း မစ္စတာ ဆာဆာကာဝါကို ပြောပြလိုက်တယ်လို့လည်း ဦးကျော်စွာစိုးက ဆိုပါတယ်။
ရခိုင်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း မြန်မာနိုင်ငံမှာ လက်ရှိကြုံနေရတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ရခိုင်အရေးအပါအဝင် ပြည်ထောင်စုငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး စတာတွေကို အဖြေရှာနိုင်ဖို့ အဓိကဆွေးနွေးခဲ့ကြတာဖြစ်ပြီး အသေးစိတ်ကိုတော့ ထုတ်ပြောလို့မရသေးဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်ကတော့ မစ္စတာ ဆာဆာကာဝါရဲ့ မြန်မာပြည်ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ ပြဿနာဖြေရှင်းရေး အတွက်ကိုတော့ အကျိုးသက်ရောက်မှု မရှိနိုင်ဘူးလို့ ပြောပါတယ်။
“သူတွေ့ဆုံခဲ့တဲ့ နိုင်ငံရေးပါတီတွေက ဗမာပြည်နိုင်ငံရေးကို ဦးဆောင်ကိုယ်စားပြုနိုင်တဲ့ NLD ပါတီရဲ့ တရားဝင် ကိုယ်စားလှယ်မပါဘဲနဲ့ တွေ့ဆုံမေးမြန်းသွားတာ ဖြစ်တဲ့အတွက် တကယ့်ဗမာပြည်ပြဿနာ ဖြေရှင်းဖို့နဲ့ ပတ်သက်လို့ ဘာမှ အကျိုးသက်ရောက်မှု မရှိခဲ့ပါဘူး။ သူလာခဲ့တဲ့ လုပ်ငန်းစဉ်ဟာ လက်ရှိ ဗမာပြည်ရဲ့ အခြေအနေနဲ့တော့ မအောင်မြင်ဘူးလို့ ပြောရမှာပါပဲ။ သူတို့လာရောက်တာဟာ သူတို့ရဲ့ ဦးတည်ချက်တွေ အကောင်အထည်ဖော်နိုင်တဲ့ အခြေအနေမရှိပါဘူး။ သို့သော်ငြားလည်း တစ်ခုတော့ ကောင်းတာပေါ့လေ။ တကမ္ဘာလုံးက သံတမန်ရေးနည်းအရ ဝိုင်းဝန်းဆန့်ကျင် ကန့်ကွက်နေတဲ့ စကစမှာ အစိုးရနဲ့မဆိုင်တဲ့ ပုဂ္ဂိုလ်တွေ ရှိပါသေးတယ်ဆိုတာ ပြဖို့အတွက်တော့ အခွင့်ကောင်းရသွားတာပေါ့။ အဲဒါကိုလည်း စကစက အသုံးချနေတယ်လို့ ကျနော်ကမြင်ပါတယ်”
မစ္စတာ ဆာဆာကာဝါဟာ မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှုအကူအညီအတွက် သွားတာဖြစ်လို့ ဂျပန်အစိုးရကို ကိုယ်စားပြုခြင်းမရှိဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောထားကြောင့် လက်ရှိ မြန်မာနိုင်ငံရဲ့ တော်လှန်ရေး ကိစ္စတွေကြားမှာလည်း ထိထိရောက်ရောက် ကူညီနိုင်မှာ မဟုတ်ဘူးလို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
မစ္စတာ ဆာဆာကာဝါကတော့ သူ့ရဲ့မြန်မာပြည်ခရီးစဉ်အတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေ တဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကို ဘယ်လို ကျော်ဖြတ်သွားနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး လေ့လာသွားမယ့် အကြောင်း စစ်တွေမြို့ကို နိုဝင်ဘာလ ၁၅ ရက်နေ့က ရောက်ရှိလာစဉ် သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီက ဖမ်းဆီးပြီး ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့တဲ့ အမေရိကန် သတင်းစာဆရာ ဒန်နီဖန်းစတာ (Danny Fenster) အပါအဝင် အဖမ်းခံထားရတဲ့ သတင်းထောက်တွေ ပြန်လွတ်ဖို့အတွက် အမေရိကန် အစိုးရက သူ့ကို အကူအညီ တောင်းခဲ့တယ်လို့လည်း မစ္စတာ ဆာဆာကာဝါက the Japan Times သတင်းစာကို ဖြေဆိုထားပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့မှာတော့ အမေရိကန်နိုင်ငံသား သတင်းစာဆရာ ဒန်နီဖန်းစတာ (Danny Fenster) ကို စစ်ကောင်စီက ပြည်နှင်ဒဏ်ပြောင်းလဲပြီး ပြန်လွှတ်ပေးခဲ့ပေမယ့် ဖမ်းဆီးခံထားရဆဲ သတင်းထောက်တွေ အားလုံးကတော့ ပြန်လွတ်မလာသေးပါဘူး။
အသက် ၈၃ နှစ်အရွယ် မစ္စတာ ဆာဆာကာဝါဟာ မြန်မာနိုင်ငံကို အကြိမ် ၁၀၀ ကျော် လာရောက်ခဲ့ဖူးသလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ဖူးသူဖြစ်ပါတယ်။
မစ္စတာ ဆာဆာကာဝါကတော့ နီပွန်ဖောင်ဒေးရှင်းအနေနဲ့ မြန်မာနိုင်ငံအတွက် ကိုဗစ် ကာကွယ်ဆေးဝယ်ဖို့ အမေရိကန် ဒေါ်လာ သုံးသန်းဖိုးခန့်၊ ရခိုင်ပြည်နယ်မှာ စာသင်ကျောင်းတွေ ဆောက်လုပ်ဖို့နဲ့ စစ်ဘေး ဒုက္ခသည်တွေ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ဒေါ်လာ ၈.၅ သန်းအပြင် လူသားချင်းစာနာမှု အကူအညီတွေ အတွက် ကန်ဒေါ်လာ ၁၇ သန်းထောက်ပံ့ဖို့ ရှိတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ အသိပေးပြောဆိုခဲ့ပါတယ်။