ဆောမြို့နယ် အကြည်ပန်းပလွန်းရွာ လေကြောင်းတိုက်ခိုက်မှု သေဆုံးသူထပ်တိုးနိုင်

RFA Burmese
2024.05.10
ဆောမြို့နယ် အကြည်ပန်းပလွန်းရွာ လေကြောင်းတိုက်ခိုက်မှု သေဆုံးသူထပ်တိုးနိုင် ဆောမြို့နယ် အကြည်ပန်းပလွန်းရွာ ဘုန်းတော်ကြီးကျောင်း ၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုတွင် အပျက်အစီးများနှင့် သေဆုံးသူများ၏ ရုပ်အလောင်းများအား ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့နှင့် ဒေသခံများက ရှင်းလင်းနေစဉ်။
ယောအလင်းတန်း

မေလ ၉ ရက်နေ့က မကွေးတိုင်း၊ ဆောမြို့နယ်၊ အကြည်ပန်းပလွန်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ပျောက်ဆုံးသူတွေနဲ့ ရှာမတွေ့သေးတဲ့ ရုပ်အလောင်းတွေ ရှိနေသေးတာကြောင့် သေဆုံးအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

လောလောဆယ် သေဆုံးသူ ၁၆ ဦးပဲ အတည်ပြုနိုင်သေးပြီး၊ ဒဏ်ရာရသူ ၂၅ ဦးကို လုံခြုံဘေးကင်းတယ်လို့ ယူဆရတဲ့ နေရာတစ်ခုမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆေးကုပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အွန်လိုင်းပေါ်ကရရှိတဲ့ ဓာတ်ပုံတွေအတွင်း ဗုံးဒဏ်ကြောင့် မီးခိုးငွေ့မသေသေးတဲ့ အကြည်ပန်းပလွန်းရွာက အပျက်အစီးတွေကြားမှာ ဦးခေါင်းလား၊ ခြေ၊ လက်လား၊ ခန္ဓာကိုယ်လား ဆိုတာတောင် ခွဲခြားလို့မရတဲ့ ရုပ်အလောင်းအပိုင်းအစတွေကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့နဲ့ ဒေသခံတွေက ကောက်ယူနေပါတယ်။

"အလောင်းကို ရှာမရလို့ ပျောက်နေတဲ့ဟာတွေလည်း ရှိနေသေးတယ်ဗျ"

ဗုံးဒဏ်ကြောင့် အရွက်မရှိတော့တဲ့ အကျည်းတန်သစ်ပင်တွေ၊ မီးကျွမ်းနေတဲ့ သစ်သားတိုင်တွေ၊ သွပ်ပြားအပိုင်း အစတွေကြားမှာ အပူဒဏ်၊ မီးဒဏ်ကြောင့် ကပ်နေတဲ့ အသားစတွေကို ခွာယူနေတာ တွေ့ရပါတယ်။ ဒီအစိတ် အပိုင်းတွေဟာ သူတို့ချစ်ခင်ရင်းနှီးသူတွေထဲက ဘယ်သူ၊ ဘယ်ဝါ ဖြစ်မယ်ဆိုတာကို မသိနိုင်သေးပါဘူး။ ဘယ်လိုနည်းနဲ့ ခွဲခြားရမလဲဆိုတာလည်း မစဉ်းစားနိုင်သေးပါဘူး။

မေလ ၉ ရက် မနက် ၁၁ နာရီမှာ စစ်ကောင်စီတပ်က လေယဉ်နဲ့ ဗုံးကြဲသလို သေနတ်နဲ့ပါ မရပ်မနား ပစ်ခတ်ခဲ့တာကြောင့် အခုလို သေဆုံးထိခိုက်များရတာလို့ အသက်မသေ လွတ်မြောက်လာတဲ့ ကိုလင်း (အမည်လွှဲ) က ပြောပါတယ်။

"ကျွန်တော်တော့ ကံကောင်းတယ်လို့ပဲ ပြောရမှာပေါ့။ ကံကောင်းလို့ ထိခိုက်မှုတော့ မရှိဘူး။ ဗုံးကျတဲ့အချိန် ကျွန်တော်လည်း ရှောင်ချိန်မရလိုက်ဘူးပေါ့နော်။ လေယာဉ်သံကြားလိုက်တာနဲ့ တစ်ပြိုင်နက် တစ်ခါတည်း အလုံးနဲ့ တစ်ခါတည်းအပစ်နဲ့ သူကပစ်တဲ့ဟာနဲ့ တွဲပြီးလာတဲ့ အခြေအနေရှိတာပေါ့။ ရှောင်ချိန် မရဘူး။ ပြေးချိန် မရလိုက်ဘူး။ လေယာဉ်လာပြီဆိုတာနဲ့ တစ်ခါတည်း ဝုန်းဆိုဖြစ်သွားတာပေါ့နော်"

မေလ ၉ ရက် မနက် ၁၁ နာရီဝန်းကျင်က မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့မြောက်ဘက် ၆ မိုင်ခန့် အကွာမှာရှိတဲ့ အကြည်ပန်းပလွန်းရွာရဲ့ ဘုန်းကြီးကျောင်းမှာ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အစည်းအဝေးလုပ်နေတုန်း ပစ်ခတ်၊ ဗုံးကြဲခံရတာပါ။

မန္တလေးမြို့ တံတားဦးလေတပ်ဘက်ကနေ ဂျက်လေယာဉ်တစ်စင်း ပျံတက်လာပြီး ပစ်ခတ်၊ ဗုံးကြဲခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သူ သိသမျှကို ပြောပြပါတယ်။

"တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာ။ သုံးခါချရင် ဗုံးသီးက ခြောက်လုံးလောက်ချရတယ် အဲလိုပြောတယ်။ ဘုန်းကြီးကျောင်းမှာ အစည်းအဝေးလုပ်တာ အဖွဲ့ဝင်တွေ ပါပုံရတယ်။ ပြည်သူတွေရောပေါ့။ အခုကြဲသွားတာက တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ မနက် ၁၁ နာရီဝန်းကျင်က စကြဲတာ”

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

အဲဒီအစည်းအဝေးမှာ အနီးဝန်းကျင် ကျေးရွာတွေက ခေါင်းဆောင်တွေ၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေ၊ ရပ်ရွာလူမှုကူညီရေးလုပ်နေသူတွေနဲ့ ဒေသခံတွေ ပါဝင်ပါတယ်။ ဒါကို စစ်ကောင်စီတပ်က သတင်းအတိအကျရပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ၁၆ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် မီးလောင်ပျက်စီးသွားသည့် ဆောမြို့နယ် အကြည်ပန်းပလွန်းရွာ ဘုန်းတော်ကြီးကျောင်းအား ၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်နေ့က တွေ့ရစဥ်။ (ဓာတ်ပုံ - ယောအလင်းတန်း)
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် မီးလောင်ပျက်စီးသွားသည့် ဆောမြို့နယ် အကြည်ပန်းပလွန်းရွာ ဘုန်းတော်ကြီးကျောင်းအား ၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်နေ့က တွေ့ရစဥ်။ (ဓာတ်ပုံ - ယောအလင်းတန်း)

ဗုံးဒဏ်ပြင်းလွန်းတဲ့အတွက် ဘုန်းကြီးကျောင်း ချက်ချင်း မီးလောင်ပြီး ၁၂ ဦးနီးပါး မီးလောင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ မပျက်မစီးဘဲ ကောက်ယူနိုင်တဲ့ ရုပ်အလောင်း ၁၆ လောင်းကို မနေ့က ချက်ချင်း သင်္ဂြိုဟ်လိုက်ပြီး ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေကြပါတယ်။

ပျောက်ဆုံးသူတွေ၊ ရှာမတွေ့သေးတဲ့ ရုပ်အလောင်းတွေ ကျန်နေသေးတာကြောင့် သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။

"လောလောဆယ် ပျောက်နေတဲ့ စာရင်းတွေ တိုးနေတယ်ဗျ။ ကျွန်တော်တို့ အခုအဲဒီနေရာကို သွားနေတယ်။ ကျွန်တော် သိရသလောက်ကတော့ သေဆုံးမှုတွေ တိုးနေတယ်။ အလောင်းတွေပဲ ကျွန်တော်တို့က တွေ့နေရသေးတာကိုး။ အလောင်းကို ရှာမရလို့ ပျောက်နေတဲ့ဟာတွေလည်း ရှိနေသေးတယ်ဗျ"

ဒေသအခြေစိုက် ယောအလင်းတန်းမီဒီယာမှာတော့ ဒီဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသူ အယောက် နှစ်ဆယ်နဲ့ ဒဏ်ရာရသူ သုံးဆယ်ကျော် ရှိတယ်လို့ မေလ ၉ ရက် ညနေပိုင်းက ဖော်ပြပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့် ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဒီတိုက်ခိုက်မှုကြောင့် အကြည်ပန်းပလွန်းနဲ့ အနီးအနားရွာတွေက ကျေးရွာသားတွေ ထိတ်လန့်ကြောက်ရွံ့ပြီး ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီရွာတွေကို စစ်ကောင်စီတပ်က ဖုန်းလိုင်းဖြတ်တောက်ထားတာကြောင့် နောက်ဆက်တွဲ အခြေအနေကို အတိအကျ မသိရသေးပါဘူး။

RFA က ပြုစုထားတဲ့ စာရင်းအရ စစ်တပ်အာဏာစသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မတ်လကုန်အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နိုင်ငံတစ်ဝန်း သေဆုံးတဲ့ အရပ်သား ၁၆၇၇ ဦး ရှိပြီး၊ ဒဏ်ရာရသူ ၃၂၆၃ ဦး ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။