ခင်ဦးမြို့နယ်မှာ လူငယ် ခုနစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ ဝန်းကြီးရွာက လူငယ် ခုနစ်ဦးဟာ ဩဂုတ်လ ၁၄ ရက်နေ့က ကချင်ပြည်နယ် ဗန်းမော်မြို့ဘက်ကို ရွှေတူးဖော်ရေးအလုပ်အတွက် သွားရောက်ရာမှာ ရွှေဘိုမြို့မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီနောက် တစ်ရက်အကြာ ဩဂုတ်လ ၁၅ ရက်နေ့မှာတော့ သတ်ဖြတ်ခံထားရတဲ့ သူတို့ရဲ့ ရုပ်အလောင်းတွေကို ပြန်လည်တွေ့ရှိခဲ့ကြရတယ်လို့ ဒေသခံတွေနဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
သေဆုံးခဲ့သူတွေဟာ အသက် ၁၉ နှစ်အရွယ် ကိုကျော်သူဟိန်း၊ အသက် ၂၂ နှစ်အရွယ် ကိုနိုင်းနိုင်း၊ အသက် ၁၉ နှစ်အရွယ် ကိုဖြိုးငွေစိုး၊ အသက် ၂၀ အရွယ် ကိုမင်းကို၊ အသက် ၁၄ နှစ်အရွယ် ကိုမင်းညီ၊ အသက် ၂၁ နှစ် အရွယ် ကိုသူရထွန်းနဲ့ အသက် ၁၅ နှစ်အရွယ် ကိုဇော်ဟိန်းတို့ ဖြစ်ပါတယ်။
သူတို့ဟာ ဩဂုတ်လ ၁၄ ရက်နေ့က ရွှေဘိုမြို့ အမှတ် (၂) အထက်တန်းကျောင်းအနီးမှာ ဖွင့်လှစ်ထားတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ရွှေဘို လေ့ကျင့်ရေးတပ်ကို ဆက်လက်ခေါ်ဆောင် ခံခဲ့ရတာလို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနောက် ဩဂုတ်လ ၁၅ ရက်နေ့မှာတော့ အဲဒီ လေ့ကျင့်ရေးတပ်နဲ့ တစ်မိုင်ခန့်အကွာ ရွှေဘို - မြစ်ကြီးနား ဗျူဟာလမ်း၊ ခင်ဦးမြို့နယ် ရွာသာရွာ ဇရပ်အနီးမှာ အလောင်းတွေကို တွေ့ခဲ့ကြရတာလို့လည်း ပြောပါတယ်။
ရုပ်အလောင်းတွေမှာ သေနတ်ဒဏ်ရာတွေအပြင် ရိုက်နှက်နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေပါ တွေ့ရတယ်လို့ ရုပ်အလောင်းတွေကို သယ်ယူရာမှာ အကူအညီပေးခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝန်းကြီးကျေးရွာသား တစ်ဦးက RFA ကို ပြောပါတယ်။
“အလောင်းကို ၁၅ ရက်နေ့မှာတွေ့တယ်။ ရွှေဘိုလေ့ကျင့်ရေး ၈ ခေါ်တာပေါ့၊ အရပ် အခေါ်ကတော့ ကိုးပေ စစ်တပ်ပေါ့၊ အဲဒီနေရာရဲ့ မြောက်ဘက် ရွာသာ ဇရပ်ထိပ်မှာ အလောင်း ခုနစ်လောင်း တွေ့ခဲ့ရတယ်။ ကလေးတွေက ရွှေတောဆိုပြီးထွက်သွားတာကို အထက်တန်းကျောင်းရှေ့မှာ အမြဲတမ်းဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ်က ဖမ်းသွားတယ်လို့ သတင်းရတယ်။ အဲဒါကို လေ့ကျင့်ရေး ၈ ကို ခေါ်သွားတယ်လို့ သတင်း ထပ်ရတယ်။ ၁၅ ရက်နေ့ မနက်မှာ အလောင်းတွေ့တယ်။ ညပိုင်းလောက်ကို သတ်ထားတာဖြစ်မယ်။ သေနတ်ဒဏ်ရာတွေနဲ့ ရိုက်နှက်ထားတဲ့ အညိုအမည်းတွေက တစ်ကိုယ်လုံးပါပဲ၊ လူငယ်လေးတွေ၊ တချို့ဆို အသက်ကိုမပြည့်သေးတော့ စိတ်ထဲမှာ တော်တော်လေးကို စိတ်မကောင်းဖြစ်တာ၊ လမ်းသွားတဲ့ အရပ်သားကလေးလေးတွေ၊ မိဘတွေက နားမလည်တော့ အဖွဲ့လိုက် လွှတ်လိုက်တာ"
ရုပ်အလောင်းတွေကိုတော့ ဩဂုတ်လ ၁၅ ရက် မနေ့က ဝန်းကြီးရွာကို ဆက်လက် သယ်ယူပြီး သင်္ဂြိုဟ်လိုက်တယ်လို့လည်း ပြောပါတယ်။
အဲဒီလူငယ်တွေဟာ ရွာမှာ အလုပ်အကိုင် ရှားပါးတဲ့အတွက် ဗန်းမော်မြို့နယ်မှာ ရွှေကျင်တဲ့ အလုပ်တွေကို ဝင်လုပ်ဖို့ သွားခဲ့ကြတာဖြစ်ပြီး လူငယ်အချို့ရဲ့ လက်မောင်းမှာ နွေဦးတော်လှန်ရေးဆိုတဲ့ တက်တူးကြောင့် စစ်တပ်က ဖမ်းဆီးခဲ့တာလို့ မိသားစုဝင်တွေနဲ့ ကျေးရွာသားတွေက ပြောပါတယ်။
မိဘတွေအတွက်ကတော့ ယူကျုံးမရ ကြေကွဲရတယ်လို့ သေဆုံးသူတစ်ဦးရဲ့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။
“အထက်ပိုင်း ဗန်းမော်ဘက်က ရွှေကျင်တဲ့ဆီကနေ ခေါ်လို့သွားကြတာ၊ ၁၄ ရက်နေ့ ကနေပေါ့၊ ရွှေဘိုအထွက်ကို ဖမ်းခံရတယ်လို့ ကားသမားကပြောတယ်။ သူတို့အဖွဲ့က စစ်လိုက်တော့ ကိုဗစ်ဆေးထိုးရာကနေ လက်မောင်းမှာ နွေဦးတော်လှန်ရေးစာတန်းတို့၊ သေနတ်ပုံတို့ တက်တူးထိုးထားတာ၊ အဲဒါနဲ့ဖမ်းထားတာ၊ စုံစမ်းလိုက်တော့ လူ ခုနစ်ယောက်အဖွဲ့ သတ်ထားတယ်ကြားလို့ စုံစမ်းတော့ သိသွားတာ၊ တစ်အိမ်တည်း နှစ်ယောက်ဆုံးရှုံးရတော့ မိဘတွေကတော့ ယူကျုံးမရပါပဲ၊ သူတို့က ရိုးရိုး ပြည်သူတွေပါ"
အလုပ်လုပ်ဖို့အတွက် ရွာကနေထွက်သွားတဲ့ လူငယ်တွေဟာ ရုပ်အလောင်းတွေအဖြစ် ရွာကိုပြန်ရောက် လာချိန်မှာ တစ်ရွာလုံး စိတ်ထိခိုက်ခံစားကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တစ်ရွာလုံး ရင်ထုမနာဖြစ်ခဲ့ကြတာ၊ အလုပ် လုပ်ဖို့သွားတဲ့ ပြည်သူတွေကို ဒီလို လုပ်ခံ လိုက်ရတော့ လူတိုင်း ခံစားနေကြရတယ်။ မြင်မကောင်း ကြည့်မကောင်း လုပ်ထား ကြတာ၊ ဗိုက်တို့၊ လည်ပင်းတို့ ရော၊ တအားပါပဲ၊ စစ်သားတွေက ပြည်သူတွေကို ရက်ရက်စက်စက် လုပ်ထားတော့ ပြောကိုမထွက်ပါဘူး"
ဒီသတ်ဖြတ်မှုကြောင့် ဒေသခံတွေဟာ အပြင်မထွက်ရဲအောင် ကြောက်ရွံ့နေကြတယ်လို့ ပြောပါတယ်။
"သေနတ်ဒဏ်ရာတွေနဲ့ ရိုက်နှက်ထားတဲ့ အညိုအမည်းတွေက တစ်ကိုယ်လုံးပါပဲ၊"
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ဖြေရှင်းချက် ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းအစိုးရ ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ရာမှာလည်း အကြောင်းမပြန်ပါဘူး။
ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကတော့ စစ်ကောင်စီဟာ ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်နေတာလို့ ပြောပါတယ်။
“လိုင်းကားနဲ့ လိုက်သွားတဲ့အချိန်မှာ ရွှေဘိုမြို့ထဲမှာပဲ စစ်ကောင်စီဂိတ်က ဖမ်းလိုက်တာ၊ လူငယ်တွေကို ခင်ဦးမြို့နယ်ကဆိုတဲ့အနေနဲ့ ဖမ်းလိုက်တာပေါ့၊ စီးပွားရေး အကျပ် အတည်း ဖြစ်လာတဲ့အချိန်မှာ လယ်စပါးစိုက်ဖို့ ဆိုတာကလည်း အဆင်မပြေဘူး၊ ဆီဈေးတွေက ဝယ်မရ၊ မြေဆီ ဈေးတွေကတတ်၊ စိုက်ပျိုးတဲ့အချိန်မှာလည်း စစ်ကောင်စီက လမ်းသွားရင်း ပစ်ခတ်တာ၊ တပ်စွဲထားတဲ့ရွာတွေ ရမ်းပစ်တာတွေက ရှိနေတော့ ဒီအချိန်မှာ ရဲရဲတင်းတင်း မစိုက်ပျိုး ရဲကြတော့ အလုပ်အကိုင် အခွင့်အလမ်း ရှိမယ့် ရွှေတောကိုသွားကြတာပေါ့၊ ဒီလိုသွားတဲ့ လူငယ်တွေကို ဒီလိုလုပ်တာက ခင်ဦးကို ပထမဆုံး ဖိနှိပ်ပြလိုက်တဲ့ပုံစံပေါ့"
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ် ၁၅ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းထားတဲ့ ၁၈ လကျော်အတွင်း နိုင်ငံတစ်ဝန်း သေဆုံးသူ ၂၁၉၁ ဦး အထိ ရှိနေပါတယ်။